
တိုက်ပွဲတွေကြောင့် ရခိုင်ရိုးမအနီး ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ မရမ်းချိုကျေးရွာ သစ်ထုတ်လုပ်ရေးစခန်းက ဆင်တွေနဲ့ ဝန်ထမ်းတွေကို ငပုတောမြို့နယ်၊ မြစ်တရာ သစ်ထုတ်လုပ်ရေးစခန်းကို အရေးပေါ် ပြောင်းရွှေ့ခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သာပေါင်းမြို့နယ်က သစ်တောကြိုးဝိုင်းအတွင်း မရမ်းချိုကျေးရွာ သစ်ထုတ်လုပ်ရေးစခန်းက ဆင်တွေကို ဖေဖော်ဝါရီ ၂၈ ရက်က ၆၂ ကောင်၊ မတ် ၁ ရက်က ၃၂ ကောင်၊ မတ် ၃ ရက်က ၁၄ ကောင်၊ စုစုပေါင်း ဆင် ၁၀၈ ကောင်နဲ့အတူ ဆင်ဦးစီး အယောက် ၈၀ ခန့် အပါအဝင် ဝန်ထမ်း မိသားစုဝင် ၃၀၀ ဝန်းကျင်ကိုလည်း ဆင်တွေနဲ့အတူ အသုတ်လိုက် ပြောင်းရွှေ့ခဲ့တယ်လို့ ဆိုပါတယ်။
“AA နဲ့ စကစတပ်တို့ရဲ့ စစ်ရေးအခြေအနေကြောင့် ရွှေ့ပြောင်းတာပါ။ အားလုံး ဆင် ၁၀၈ ကောင်နဲ့ ဝန်ထမ်းတွေကို ပြောင်းတာ။ ငပုတောမြို့နယ် မြစ်တရာကြိုးဝိုင်းထဲကို ပြောင်းတာ” လို့ နီးစပ်သူက ပြောပါတယ်။
အဲဒီ ပြောင်းရွှေ့ရတဲ့ ဆင်တွေနဲ့ ဝန်ထမ်းတွေထဲမှာ ၂၀၂၄ ခုနှစ် အောက်တိုဘာလက ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဂွမြို့နယ်၊ ဒေါင်းချောင်းဆင်စခန်းက ဆင် ၄၅ ကောင်နဲ့ သစ်ထုတ်လုပ်ရေးဝန်ထမ်း ၂၅၀ ခန့်ကို သာပေါင်းမြို့နယ်၊ မရမ်းချိုကျေးရွာ သစ်ထုတ်လုပ်ရေးစခန်းကို ပြောင်းရွှေ့ခဲ့ရတာဖြစ်ပြီး လက်ရှိ တိုက်ပွဲတွေ ဖြစ်ပွားလာမှုကြောင့် ငပုတောမြို့နယ်ကို ထပ်မံရွှေ့ပြောင်းရတာဖြစ်တယ်လို့ သိရပါတယ်။