
ဖိနှိပ်ညှဉ်းပန်းမှုများကြား ဆယ်စုနှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရသော မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများ၏ အဓိကဦးစားပေး အရေးကိစ္စမှာ မြန်မာစစ်အုပ်စုအနေနှင့် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာစေရေး ဖြစ်သည်။ ပြစ်မှုကျူးလွန်သူများအနေဖြင့် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုများအတွက် တရားဥပဒေရှေ့မှောက်တွင် တာဝန်ယူမှု၊ တာဝန်ခံမှု ပြသခြင်းသည် တရားမျှတမှုနှင့် လူ့ဂုဏ်သိက္ခာအတွက် ကတိကဝတ်ပြုထားသော လူ့အဖွဲ့အစည်းတရပ်အတွက် အခြေခံအုတ်မြစ်တခု ဖြစ်သည်။
စစ်မှန်သော အပြောင်းအလဲတခုကို ဖော်ဆောင်နေသော တော်လှန်ရေးတရပ်အနေဖြင့် မြန်မာစစ်အုပ်စုကို တောင်းဆိုထားသည့်အတိုင်း မိမိတို့ကိုယ်တိုင်းလည်း တာဝန်ယူမှု၊ တာဝန်ခံမှု အလားတူ ရှိလာစေရေးအတွက် မိမိတို့အား တွန်းအားပေးသည့် လှုပ်ရှားမှုတခု လိုအပ်လျက်ရှိသည်။ အာဏာရှိသူများ၏ ဆယ်စုနှစ်များစွာ ဖိနှိပ်ညှဉ်းပန်းမှုများကြောင့် မိမိတို့၏ ပတ်ဝန်းကျင်တွင် နိစ္စဓူဝ ဖြစ်ပေါ်နေသော မတရားမှုများကို ပုံမှန်ဖြစ်နေကျ ကိစ္စရပ်များအဖြစ် မည်သို့နေသားကျ လက်ခံဖြစ်သွားခဲ့ကြသည်ကို မိမိတို့ကိုယ်မိမိ မေးခွန်း ထုတ်ရန်နှင့် စိန်ခေါ်မှုများ လုပ်ဆောင်ရန် လိုအပ်သည်။ တရားဥပဒေစိုးမိုးရေးတွင် ဘက်လိုက်မှုကင်းပြီး သမာသမတ်ကျရန် လိုအပ်သည်။
မိမိတို့၏ တော်လှန်ရေးလှုပ်ရှားမှုများသည် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ဘက်မလိုက်မှုနှင့် ပတ်သက်သည့် အယူဝါဒနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ အကဲဖြတ်မှုများကို ရင်ဆိုင်နေကြရသည်။ ဤကိစ္စအပေါ် မိမိတို့၏ တုံ့ပြန်ပုံသည် လူမှုအသိုက်အဝန်းအားလုံးအတွက် ဘဝလုံခြုံရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို အာမခံမည့် လူ့အဖွဲ့အစည်းတရပ်အဖြစ် အသွင်ကူးပြောင်းလဲမှု ဖြစ်ပေါ်ရေးအတွက် အရေးကြီးလှသည်။
မကြာသေးမီက အာဂျင်တီးနား တရားရုံးသည် ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုများအတွက် စွပ်စွဲခံထားရသော မြန်မာအရာရှိ ၂၅ ဦးကို ဖမ်းဝရမ်း ထုတ်ခဲ့သည်။ ထိုဖမ်းဝရမ်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အခြားစစ်ဘက်အရာရှိ ၂၂ ဦးအပြင်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဟောင်း ဦးထင်ကျော်တို့လည်း ပါဝင်ခဲ့သည်။
ဖမ်းဝရမ်းထုတ်သည့်အဆင့် ရောက်ရှိလာသည့် အဆိုပါ စုံစမ်းစစ်ဆေးမှုအား ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (United Nations Independent Investigative Mechanism for Myanmar-IIMM) မှ မှတ်တမ်းများနှင့် အသက်ရှင်ကျန်ရစ်သူများ၏ သက်သေအထောက် အထားများက ပံ့ပိုးပေးခဲ့သည်။ ဤယန္တရားသည် လွန်ခဲ့သည့် ၄ နှစ်အတွင်း ဖြစ်ပွားနေခဲ့သော ရာဇ၀တ်မှုများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါအဝင် နွေဦးတော်လှန်ရေး အဖွဲ့အစည်းများမှ သက်သေအထောက်အထားများတင်ပြ၍ ပူးပေါင်းဆောင်ရွက်နေသည့် ယန္တရားပင်ဖြစ်သည်။
အဆိုပါ ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်မှုများတွင် ပါဝင်ပတ်သက်သူများစာရင်းတွင် ဒေါ်အောင်ဆန်းစုကြည် အမည်ကို တရားရုံးမှ ထည့်သွင်းလိုက်ခြင်းသည် မြန်မာပြည်သူ အများစုအတွက် လက်ခံနိုင်ဖွယ် မရှိသကဲ့သို့၊ သူ၏ တာဝန်ရှိမှုကို ဖုံးကွယ်ပေးရန် မရေမတွက်နိုင်သော ဆင်ခြေဆင်လက်နှင့် အကြောင်းပြချက်များ ပေးလျက်ရှိသည်။
ဒေါ်အောင်ဆန်းစုကြည်သည် လူအများစုအတွက် သူတော်စင်နီးပါး၊ ဒီမိုကရေစီ ပြယုဂ်တခုအဖြစ် အချိန်ကာလကြာမြင့်စွာ တည်ရှိနေခဲ့သည့် အတွက်ကြောင့် သူ့အနေဖြင့် မည်သို့ ရည်ရွယ်ချက်များ ရှိသည်ဖြစ်စေ၊ စစ်တပ်မှ ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်တွင် သူ၏ အခွင့်အာဏာကို ကန့်သတ်ချက် မည်သို့ပင် ရှိသည်ဖြစ်စေ သူသည် လူသားတဦးသာလျှင်ဖြစ်ပြီး လူမှုအသိုက်အဝန်းကို ထိခိုက်စေသော၊ နိုင်ငံနှင့် ပြည်သူများအတွက် အန္တရာယ်ဖြစ်စေသော ဆုံးဖြတ်ချက်ချမှတ်မှုများ ဖြစ်နိုင်ခဲ့သည် ဆိုသည်ကို လူအများစုမှ လက်ခံရန် ခဲယဉ်းနေသည်။
သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထုက တခဲနက်မဲဖြင့် ရွေးကောက်တင်မြှောက်ခဲ့ခြင်း ဖြစ်သည်။ မြန်မာစစ်တပ်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်တွင် အာဏာခွဲဝေရေး အစီအစဉ်များမှတဆင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ လုပ်ပိုင်ခွင့် အာဏာများကို ကန့်သတ်ထားပြီး စိတ်တိုင်းကျ ခြယ်လှယ် လှည့်စားကာ ၎င်းတို့အား ဖြုတ်ချရန် ကြံစည်ခဲ့သည်မှာ ထင်ရှားသည်။
မည်သို့ပင်ဆိုစေကာမူ ဒေါ်အောင်ဆန်းစုကြည်သည် အရပ်သားအစိုးရ၏ အကြီးအကဲ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သည့်အပေါ် တရားဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ၎င်းတို့၏ လုပ်ဆောင်ချက်များအတွက် ဖြေရှင်းချက်ပေးရန် တာဝန်ရှိမှုအပေါ် မျှော်လင့်သင့်သည်။ သူ့အနေဖြင့် မိမိကိုယ်ကို အပြည့်အဝခုခံကာကွယ်ပိုင်ခွင့် အပါအဝင် တရားမျှတသော တရားစီရင်မှုတရပ်ကို ခံစားခွင့်ရှိသည်။ အာဂျင်တီးနား တရားရုံးသည် သူ့အား အပြစ်ရှိကြောင်း ကြေညာခြင်းမဟုတ်ဘဲ တရားရုံးတွင် သူကိုယ်တိုင် လာရောက် ဖြေရှင်းချက်ပေးရန် တောင်းဆိုခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ‘လူမျိုးပြုန်းစေမှုကို တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေး နိုင်ငံတကာသဘောတူစာချုပ် (Genocide Convention)’ ကို မြန်မာနိုင်ငံမှ ချိုးဖောက်ခဲ့သည်ဟု ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားသည့်အမှုကို ထုချေလွှာအဆိုတင်သွင်းရန်အတွက် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရှေ့မှောက်သို့ သွားရောက်ခဲ့ပြီး ဖြစ်သည်။ အကယ်၍ ယခုအချိန်တွင် စစ်အုပ်စုက သူ့ကို အကျဉ်းချထားခြင်း မရှိပါက၊ သူ့အနေနှင့် အာဂျင်တီးနား တရားရုံးနှင့် ဆက်သွယ်ဆောင်ရွက်နေပြီး ဖြစ်မည်ဟု မိမိ ယုံကြည်သည်။
အားလုံးအတွက် တရားမျှတမှုနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို အမှန်တကယ် ဖော်ဆောင်ရန် တာဝန်ယူမှု၊ တာဝန်ခံမှုအပေါ် မိမိတို့ထားရှိသော ကတိကဝတ်များသည် ဘက်လိုက်မှု ကင်းရှင်းရန် အလွန်အရေးကြီးသည်။
တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရေး တောင်းဆိုလာမှုအပေါ် မိမိတို့၏ တုံ့ပြန်ပုံ တုံ့ပြန်နည်းများသည် မိမိတို့၏ ကိုယ်ပိုင်သမိုင်းကြောင်း၊ အတွေ့အကြုံနှင့် မည်သူမည်ဝါဖြစ်သည် ဆိုသည့်အပေါ်တွင် မကြာခဏဆိုသလို အခြေခံထားသည်။ သစ္စာစောင့်သိမှုအပေါ် အခြေခံသည့် စိတ်ခံစားမှုနှင့် တုံ့ပြန်နည်းသည် ဘက်လိုက်မှုကင်းသော သမာသမတ်ကျခြင်း မဟုတ်ဘဲ၊ ကျူးလွန်ခံရသူများအတွက်ရော အားလုံးအတွက်ပါ တရားမျှတမှု ရရှိရေးဆီသို့ ဦးတည်လိမ့်မည် မဟုတ်ပေ။
အကြောင်းအရာတခုအပေါ် ဘက်လိုက်မှုကင်းစွာ ရပ်တည်ရန် မိမိတို့ သွင်ပြင်လက္ခဏာများက မိမိတို့၏ ရှုထောင့်အမြင်သဘောထားများအပေါ် လွှမ်းမိုးမှုများအား သတိချပ်ခြင်း၊ အတွေးအခေါ် လွတ်လပ်မှုနှင့် လုပ်ဆောင်ချက် အမှီအခိုကင်းမှု ရှိခြင်းတို့ လိုအပ်သည်။
ယခုအချိန်တွင် မိမိတို့အနေဖြင့် မြန်မာစစ်တပ်ထက် ကျော်လွန်သော တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရေး တောင်းဆိုမှုများကို လုပ်ဆောင်သွားရမည် ဖြစ်သည်။ ဆုံးဖြတ်ချက်များ ချမှတ်ခြင်းမှသည် အမိန့်ပေး စေခိုင်းခြင်းနှင့် အမိန့်ကို အကောင်အထည်ဖော် လိုက်နာဆောင်ရွက်ခြင်းအဆင့်ထိ တာဝန်ရှိသူ မည်သူမည်ဝါပင်ဖြစ်စေ မတရားမှုများအတွက် ဘက်လိုက်မှုမရှိ အမှီအခိုကင်းစွာ ရပ်တည်နိုင်ရန် ကတိကဝတ်များ ထားရှိရမည်။
မိမိတို့ လူ့အဖွဲ့အစည်းသည် ဒေါ်အောင်ဆန်းစုကြည်မှ တလျှောက်လုံး ထောက်ခံအားပေးခဲ့သော အရာတခုဖြစ်သည့် တရားမျှတမှုကို အခြေခံသည့် တရားဥပဒေ စိုးမိုးရေးကို မည်သည့်အချိန်ကမှ တွေ့ကြုံခံစားခွင့် မရရှိခဲ့ပါ။ ထို့ကြောင့် မိမိတို့ တဦးချင်းစီ၏ ရပ်တည်ချက်များနှင့် လုပ်ဆောင်ချက်များက အနာဂတ်ကာလ တရားဥပဒေစိုးမိုးမှု ဖော်ဆောင်ရေးအတွက် အုတ်မြစ်ချရာတွင် အထောက်အကူပြုစေမည် ဖြစ်သည့်အတွက် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ဖော်ဆောင်ရေး ကြိုးပမ်းရာတွင် အားလုံးအတွက် တရားမျှတမှုနှင့် လူ့အခွင့်အရေးများ ရရှိစေရေးအတွက် မည်သို့မည်ပုံ ဆောင်ရွက်မည်ကို မိမိတို့ကိုယ်ကို မေးခွန်းထုတ်ရမည် ဖြစ်သည်။
မိမိအတွက်မူ အဖြေသည် တဦးတယောက်စီ၏ သွင်ပြင်လက္ခဏာနှင့် အုပ်စုဝင်ဖြစ်ခြင်းတို့၏ ရောထွေးမှုအပေါ် အသိနှင့် သတိချပ်နိုင်ခြင်းအပေါ် မူတည်သည်။ မိမိတို့သည် လူတဦးချင်းလိုက်ဖြစ်စေ၊ အစုအဖွဲ့လိုက်ဖြစ်စေ တာဝန်ယူမှု၊တာဝန်ခံမှုကို မည်သို့မည်ပုံ ဖော်ဆောင်မည်၊ အကြမ်းဖက်မှုကျူးလွန်သူများနှင့် မိမိတို့၏ သွင်ပြင်လက္ခဏာ ဖြစ်တည်မှု တူနေသောအခါ တရားမျှတမှုဘက်မှ အခိုင်အမာ ရပ်တည်နိုင်ရန် မိမိတို့၏ အတွင်းစိတ်စွမ်းအားများကို မည်သို့မည်ပုံ အသုံးချမည် ဆိုသည့် အချက်ပင်ဖြစ်သည်။
သွင်ပြင်လက္ခဏာနှင့် အုပ်စုဝင်ဖြစ်မှု ဆိုသည့် ကိစ္စနှင့်ပတ်သက်သည့် မိမိ၏ ရပ်တည်ချက်ကို မိမိ၏ နှစ် ၃၀ ကျော် လှုပ်ရှားမှုကာလအတွင်း ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုးစုများ အထူးသဖြင့် ရိုဟင်ဂျာများနှင့်အတူ သွေးစည်းညီညွတ်စွာ ရပ်တည်မှုများမှ အရှိန်မြှင့်တင်ပေးခဲ့သည်။
မိမိသည် လူမျိုးတုံးသတ်ဖြတ်မှုမှ အသက်ရှင်လွတ်မြောက်ခဲ့သော ရိုဟင်ဂျာအမျိုးသမီးများနှင့် တွေ့ဆုံရန် နိုင်ငံတကာအမျိုးသမီးကိုယ်စားလှယ်အဖွဲ့နှင့်အတူ ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ ၂၀၁၈ ခုနှစ်တွင် သွားရောက်ခဲ့သည်။ ဗုဒ္ဓဘာသာ ဗမာလူမျိုးတယောက်ဖြစ်သည့် မိမိ၏ သွင်ပြင်လက္ခဏာ ဖြစ်တည်မှုသည် ဤလူ့အသိုက်အဝန်းပေါ် အကြမ်းဖက်မှု ကျူးလွန်ခဲ့သူများနှင့် တူနေသည့်အပေါ် အထူးသတိချပ်မိခဲ့သည်။
အသက်အရွယ်ကြီးသူနှင့် ငယ်ရွယ်သူ အမျိုးသမီးများပါဝင်သော ထိုတွေ့ဆုံမှုတွင် ၎င်းတို့ တွေ့ကြုံခံစားနေရသော အတိဒုက္ခများအပေါ် မိမိအနေဖြင့် ဝမ်းနည်းကြေကွဲမှုနှင့် ခံပြင်းဒေါသ၊ မိမိ၏ သွင်ပြင်လက္ခဏာသည် ဖိနှိပ်သူအသိုင်းအဝိုင်းမှ ဖြစ်နေသောကြောင့် စိတ်မသက်မသာဖြစ်မှု၊ ရှက်ရွံ့မှုများအပါအဝင် ရင်တွင်း ခံစားချက်များစွာ နှိုးထလာခဲ့သည်။
တွေ့ဆုံမှုအတွင်း ရိုဟင်ဂျာ အမျိုးသမီးတဦးက မိမိ၏လက်ကို ဆုပ်ကိုင်ထားပြီး မိမိက ကွဲကွာနေသော သူ့သမီးကို သတိရစေကြောင်း ရိုဟင်ဂျာ-အင်္ဂလိပ် ဘာသာပြန်သူ၏ အကူအညီဖြင့် မိမိအား ပြောသည်။ မိမိ ဗမာဖြစ်မှန်း သူမသိဘဲ၊ အကယ်၍ သိရှိသွားပါက သူ၏ ခံစားချက်များ ပြောင်းလဲသွားမည်လား စိုးရိမ်ကာ မိမိ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
ရိုဟင်ဂျာ အမျိုးသမီးများနှင့် တွေ့ဆုံမှုအပြီးတွင် မိမိတို့ ကိုယ်စားလှယ်အဖွဲ့သည် ရိုဟင်ဂျာများ ရာနှင့်ချီ သောင်တင်နေသော မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် နှစ်နိုင်ငံနယ်စပ်အကြားရှိ ကြားခံဇုန် (No-Man's Land) သို့ သွားရောက်ခဲ့သည်။
ထိုနေရာတွင် မိမိတို့အား လက်ခံကြိုဆိုခဲ့သူများထဲတွင် မိမိကို နိုင်ငံတကာမှ လာရောက်လည်ပတ်သည့် ဧည့်သည်ဟု ထင်နေသည့် ရိုဟင်ဂျာတယောက်နှင့် တွေ့ဆုံခဲ့သည်။ ရိုဟင်ဂျာ-အင်္ဂလိပ် ဘာသာပြန်သူက မိမိသည် ဗမာဖြစ်ကြောင်း ၎င်းအား ပြောလိုက်သည့် အခိုက်အတန့်တွင် 'သူတို့က မိမိကို ဘယ်လိုတုံ့ပြန်မှာလဲ။ မိမိကို ကြိုဆိုလက်ခံမှာလား။ ဒါမှမဟုတ် မုန်းတီးမှာလား။’ စသဖြင့် စိုးရိမ်ပူပန်စိတ်များ ဖြစ်ပေါ်လာခဲ့သည်။
မိမိသည် မြန်မာတဦးဖြစ်ပြီး ၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးမှ တက်ကြွလှုပ်ရှားသူ ကျောင်းသူတဦးဖြစ်ကြောင်း သူက သိရှိလိုက်သောအခါ မိမိအား ရွှင်ပျသော မျက်လုံးများဖြင့် ကြိုဆိုခဲ့သည်။ သူသည် မိမိတက်ရောက်ခဲ့သော တက္ကသိုလ်မှ ဘွဲ့ရခဲ့သူ ဖြစ်သည်။ ထို့နောက် သူက လူအုပ်ကြီးကို စကားပြောပေးရန် မိမိအား တောင်းဆိုခဲ့သည်။
မိမိသည် လူအုပ်ကြီးကို စကားပြောရန် အလွန်ချီတုံချတုံ ဖြစ်ခဲ့ပြီး၊ ဗမာတဦးမှ ပြောသောစကားကို ထိုလူအုပ်ကြီးက နားထောင်ချင်စိတ် ရှိပါမည်လားဟု မေးခွန်းထုတ်ခဲ့ရာ၊ ၎င်းတို့က မိမိ စကားပြောမည်ဆိုလျှင် လူအုပ်ကြီးက အလွန်ပျော်မည့်အကြောင်း အခိုင်အမာပြောဆိုခဲ့သည်။ သို့သော် မိမိအနေဖြင့် ဝိရောဓိ ဖြစ်နေခဲ့သည်။
လူအုပ်ကြီးကို စကားပြောရန် မိမိ ဆန္ဒရှိနေခဲ့သည်၊ သူတို့ကို တောင်းပန်ပြီး နှစ်သိမ့်မှု ပေးချင်ခဲ့သည်။ သို့သော် တဖက်တွင် မိမိကို သူတို့က အပြစ်တင်ကြလိမ့်မည်၊ ငြင်းပယ်ကြလိမ့်မည် ဆိုသည့် စိုးရိမ်ပူပန်စိတ်နှင့်၊ အခြားတဖက်တွင်မူ မိမိ၏ သွင်ပြင်လက္ခဏာ ဖြစ်တည်မှုအပေါ် အခြေခံပြီး တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမည်၊ ဤအသိုက်အဝန်းကို ရင်ဆိုင်ရမည် ဆိုသည့် အသိစိတ်ကြား ဒွိဟဖြစ်နေခဲ့သည်။
သူတို့က မိမိအား အော်လန်(အသံချဲ့စက်) အငယ်လေးတလုံး လှမ်းပေးခဲ့သည်။ ယင်းနောက် မိမိက ၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးမှ တက်ကြွလှုပ်ရှားသူ မြန်မာတယောက်ဖြစ်ကြောင်း စတင်မိတ်ဆက်ခဲ့သည်။ ဤသို့ အတိဒုက္ခများကို ခံစားနေရသည့် ရိုဟင်များအတွက် မိမိအနေနှင့် ဝမ်းနည်းကြေကွဲမှု ဖြစ်ရကြောင်း လူအုပ်ကြီးအား ပြောကြားခဲ့သည်။ မိမိ စကားအဆုံးတွင် ကတိတခု ပေးခဲ့သည်။ ယင်းမှာ မိမိအနေဖြင့် ရိုဟင်ဂျာများအတွက် တရားမျှတမှုရရှိရေး အတတ်နိုင်ဆုံး ဆောင်ရွက်မည်ဖြစ်ပြီး ၎င်းတို့၏ မွေးရပ်ဌာနေဖြစ်သည့် ရခိုင်ပြည်သို့ ပြန်နိုင်အောင် ကူညီမည်ဟုလည်း ကတိပြုခဲ့သည်။
ဖိနှိပ်သူအဝန်းအဝိုင်းကြားမှ တဦးတယောက်၏ အသိတရားနှင့် သတိချပ်မှုသည် စာနာမှုနှင့် သွေးစည်း ညီညွတ်မှု တို့အတွက် သော့ချက်ဖြစ်သည်။ ဖိနှိပ်မှုနှင့် မိမိတို့၏ ဆက်နွှယ်မှုကို လက်ခံအသိအမှတ်ပြုခြင်းသည် ဒေါသ၊ ဝမ်းနည်းမှုနှင့် လိပ်ပြာမလုံခြင်းများကို မကြာခဏဆိုသလို ဖြစ်ပေါ်စေပြီး ငြင်းပယ်မှု၊ ဂရုမထားမှု၊ မုန်းတီးမှုနှင့် ကျူးလွန်ခံရသူများအပေါ် အပြစ်တင်ခြင်း စသည်တို့ကို ဦးတည်စေနိုင်သည့်အတွက် အလွန်ပင် စိတ်မသက်မသာ ဖြစ်နိုင်သည်။
သို့သော် မိမိတို့အားလုံးသည် ဤသို့ ခက်ခဲသော စိတ်ခံစားမှုများ၊ ပြစ်တင်ဝေဖန်ခံရမည် (သို့) ငြင်းပယ်ခံရမည် ဆိုသည့် စိုးရိမ်ပူပန်စိတ်များကို အောင်မြင်ကျော်လွှားနိုင်ရန် သတ္တိမွေးယူကြရမည်။
ဝိရောဓိဖြစ်သည်မှာ တဦးတယောက်၏ သွင်ပြင်လက္ခဏာ ဖြစ်တည်မှုသည် ဖိနှိပ်သူများ၏ ဖြစ်တည်မှုနှင့် တူညီနေသောအခါ ဖိနှိပ်ခံရသူများနှင့်အတူ သွေးစည်းညီညွတ်စွာ ရပ်တည်မှုသည် အထီးကျန်ဆန်ပြီး နာကျင်စရာ ဖြစ်နိုင်စေခြင်း ဖြစ်သည်။ မိမိအနေဖြင့် ရိုဟင်ဂျာအသိုက်အဝန်းနှင့် အတူရပ်တည်၍ သွေးစည်းညီညွတ်မှု ပြချိန်တွင် ၁၉၈၈ လူထုလှုပ်ရှားမှုမှ လုပ်ဖော်ကိုင်ဖက်များက မိမိအား ဖယ်ကျဉ်လိုက်ကြသည်။ မိမိနှင့် သွင်ပြင်လက္ခဏာများစွာတူပြီး တရားမျှတမှုနှင့် ပတ်သက်လျှင် မိမိနှင့် ယုံကြည်ချက်တူသည်ဟု မိမိတွေးထင်ယုံကြည်ထားခဲ့သူများကပင်လျှင် မိမိအား ဖယ်ကျဉ်ခဲ့ကြပြီး၊ တချို့က အမုန်းတရားဖြင့်ပင် ခြိမ်းခြောက်ခဲ့ကြသည်။ အလွန်ပင် စိတ်ထိခိုက်စရာ ကောင်းလှသည်။
အလွန်ပင် တုန်လှုပ်ဖွယ်ကောင်းပြီး ယူကျုံးမရဖြစ်ရသည်မှာ မြန်မာတက်ကြွလှုပ်ရှားသူ အများအပြားသည် ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူမှုမှ ကင်းလွတ်ရအောင် အကာအကွယ်ပေးခဲ့ရုံသာမက၊ မိမိတို့ တသက်တာ ဘုံရန်သူဖြစ်သည့် မြန်မာစစ်တပ်နှင့်ပါ လက်တွဲပြီး ရိုဟင်ဂျာများအပေါ် ကျူးလွန်သော နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများတွင် စစ်တပ်အား လူသိရှင်ကြား ထောက်ခံအားပေးခဲ့ကြသည်။
နှုတ်ဆိတ်ပြီး မိမိနှင့် သွင်ပြင်လက္ခဏာ အများစုတူသည့် ကျူးလွန်သူများနှင့်အတူ အလိုတူအလိုပါ ပါဝင်ပတ်သက်မည့်အစား၊ မတူကွဲပြားမှုများကြား အဖိနှိပ်ခံများနှင့်အတူ မားမားမတ်မတ် ရပ်တည်ရန် မိမိတာဝန် သိစိတ်နှင့် စာနာမှု စိတ်စွမ်းအားကို အသုံးချရန် ရွေးချယ်ခဲ့သည့်အပေါ် မိမိအား သစ္စာဖောက်၊ နိုင်ငံတော် ရန်သူဟု တံဆိပ်ကပ်ခဲ့ကြသည်။
တချိန်တည်းမှာပင် ကရုဏာနှင့် စာနာမှုတို့ကြားမှ မိမိသည် ရိုဟင်ဂျာအသိုက်အဝန်း၏ အစိတ်အပိုင်း မဟုတ်၊ သူတို့၏ အတိဒုက္ခများကိုလည်း မခံစားခဲ့ရသည်ကို အထူးတလည် နားလည်သဘောပေါက်ခဲ့သည်။ ထို့ကြောင့် ရိုဟင်ဂျာများနှင့်အတူ သွေးစည်းညီညွတ်စွာ ရပ်တည်ပြီး ထောက်ခံအားပေးရန် မိမိအနေနှင့် ကတိကဝတ်ပြုသည့် တချိန်ထဲမှာပင် ၎င်းတို့၏ တရားမျှတမှုရရှိရေး ကြိုးပမ်းမှုတွင် မိမိအနေဖြင့် မည်သည့်အခါမှ ရှေ့တန်းတွင် ရှိမနေသင့်သည်ကို မိမိကိုယ်ကို အမြဲသတိပေးနေခဲ့သည်။
တရားမျှတမှုအတွက် မားမားမတ်မတ် ရပ်တည်ရာတွင် မိတ်ပျက်ရခြင်း၊ ဖယ်ကျဉ်ခံရခြင်း၊ အားကိုးရာမဲ့ခြင်း၊ မသေချာမရေရာမှုနှင့် စကားကုန်ပြောရမည်ဆိုလျှင် ရန်လိုမုန်းတီးခံရမှု တို့ကိုပါ ဖြစ်ပေါ်စေနိုင်သည်။ အသိတရား၊ စာနာစိတ်ဖြင့် တာဝန်ယူမှုကို ဖော်ဆောင်ရာတွင် မိမိတို့ ယုံကြည်ရာအတွက် ပြတ်ပြတ်သားသား ရပ်တည်နိုင်ရန် ဇွဲသတ္တိနှင့် ခံနိုင်ရည် လိုအပ်သည်။
အကယ်၍ မိမိတို့၏ စိတ်ခံစားမှုများနှင့် အကြောက်တရားများကို မိမိတို့၏ ယုံကြည်ချက်စနစ်များအပေါ် လွှမ်းမိုးခွင့်ပြုထားမည်ဆိုပါက အမှန်တရားကို မျက်ကွယ်ပြု ပစ်ပယ်ခြင်းမှ ရုန်းမထွက်နိုင်ဘဲ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဆင်းရဲဒုက္ခများ အတောမသတ် ဖြစ်ပေါ်စေမည့် နှုတ်ဆိတ်နေမှု၊ နောက်ဆုတ်မှုနှင့် လျစ်လျူရှုမှု များဆီသို့ ဦးတည်သွားစေနိုင်သည်။ သို့သော် မိမိတို့ တစ်ဦးချင်းအနေဖြင့်သော်လည်းကောင်း၊ လှုပ်ရှားမှုတစ်ခု အနေဖြင့် သော်လည်းကောင်း မိမိတို့တွင် ရွေးချယ်ခွင့် ရှိသည်။ တာဝန်ယူမှု၊တာဝန်ခံမှုအပေါ် ဘက်လိုက်မှုကင်းစွာ ရွေးချယ်မှုကသာလျှင် စစ်မှန်သော ငြိမ်းချမ်းရေးနှင့် တရားမျှတမှုကို ဆောင်ကြဉ်းပေးနိုင်မည် ဖြစ်သည်။
ပြောရမည်ဆိုလျှင် မိမိတို့ တော်လှန်ရေးလှုပ်ရှားမှုများအတွင်း တာဝန်ယူမှု၊တာဝန်ခံမှု အကောင်အထည်ဖော်မှုများဖြင့် အားကောင်းလာနေပြီး ဖြစ်သည်။ တိုင်းရင်းသားအားလုံး ဆယ်စုနှစ်များစွာ တွေ့ကြုံခံစားနေရသော ခွဲခြားဆက်ဆံမှုနှင့် နှိပ်စက်ညှဉ်းပန်းခံရမှုများအပေါ် လူများစုဖြစ်သော ဗုဒ္ဓဘာသာ ဗမာများ၏ အသိတရားနှင့် သတိချပ်ရှိမှုတို့အပြင်၊ စစ်တပ်တခုတည်းမဟုတ် အာဏာရှင်စနစ်နှင့် ဖိနှိပ်မှု ပုံစံအားလုံးကို ချုပ်ငြိမ်းစေရန် သွေးစည်းညီညွတ်စွာ လက်တွဲလုပ်ဆောင်ရန် ကတိကဝတ်ပြုထားမှုများကို နွေဦးတော်လှန်ရေးတွင် အထင်ကရမှတ်သားဖွယ် တွေ့နေရပြီ ဖြစ်သည်။
ဗမာလူမျိုးအများစုက ရိုဟင်ဂျာများ၏ အတိဒုက္ခများကို လက်ခံအသိအမှတ်ပြုရန် ပျက်ကွက်မှု၊ ရိုဟင်ဂျာများအား ပစ်မှတ်ထားပြီး လူသားမဆန်စွာ ပြုမူဆက်ဆံမှု၊ နှုတ်ဆိတ်နေမှုနှင့် အပြစ်တင်မှု များအတွက် လူသိရှင်ကြား တောင်းပန်ရန် လှုံ့ဆော်မှုများ ရှိလာခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တရားဝင် တောင်းပန်မှုတွင် ခွဲခြားဆက်ဆံမှုရှိသော ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့်ဥပဒေ ဖျက်သိမ်းရေးကို ဦးစားပေးထားသည့် ရိုဟင်ဂျာမူဝါဒဖြင့် ကျောထောက်နောက်ခံ ပြုထားသည်။
မတူကွဲပြားမှုများကြား ယုံကြည်မှုနှင့် နားလည်မှုများ တည်ဆောက်ရန် ဤသို့သော ကြိုးပမ်းအားထုတ်မှုများသည် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံတွင် ပြည်သူအားလုံးအတွက် လူ့ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေးနှင့် တရားမျှတမှုများ ဆောင်ကြဉ်းပေးနိုင်ရန် အရေးကြီးသည်။ ထို့ပြင် တူညီသော ဤအသိစိတ်နှင့် ရဲရင့်စိတ်ကပင်လျှင် ဘက်လိုက်မှုကင်းစေရေး ကတိကဝတ်ပြုမှုကိုပါ သေချာစေရမည်။ ယခုအခါတွင် အရပ်သားခေါင်းဆောင်နှစ်ဦးပါဝင်သည့် အာဂျင်တီးနား တရားရုံး၏ ဖမ်းဝရမ်းသည် တရားမျှတမှုအတွက် ဘက်လိုက်မှုကင်းသည့် ရပ်တည်မှုကို ပြသရန် မိမိကိုယ်ကို စိန်ခေါ်မှုများ လုပ်ဆောင်ရန် အခွင့်အလမ်း ပေးထားသည်။
တချိန်တည်းမှာပင် NUG သည် တော်လှန်ရေးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု၊ တရားမျှတမှုနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များတွင် ကျင့်ဝတ်ဆိုင်ရာ ဦးဆောင်မှုပေးပြီး ရိုဟင်ဂျာများအတွက် ၎င်းတို့ လက်ရှိကြိုးပမ်းအားထုတ်နေမှုများကို စေတနာ၊ စိတ်ရင်းမှန်ကန်စွာဖြင့် ဆက်လက်လုပ်ဆောင်သွားရမည် ဖြစ်သည်။ ဤကိစ္စနှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၁၈ ရက်စွဲပါ NUG ၏ တရားရုံးဆုံးဖြတ်ချက်ကို တုံ့ပြန်ထားသည့် ထုတ်ပြန်ချက်သည် တရားမျှတမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုအပေါ် ၎င်းတို့၏ ရပ်တည်ချက်ကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည့်အတွက် စိုးရိမ်ဖွယ်ရာ ဖြစ်သည်။
ယင်းထုတ်ပြန်ချက်သည် ရိုဟင်ဂျာအခွင့်အရေးကို အသိအမှတ်ပြုရေးအတွက် နှစ်ပေါင်းများစွာ သွေးစည်း ညီညွတ်မှုဖြင့် လုပ်ဆောင်ခဲ့ကြမှု၏ နောက်ဆက်တွဲ ဖြစ်ထွန်းလာသော၊ နိုင်ငံတကာဥပဒေအောက်တွင် ဘက်လိုက်မှုမရှိ လွတ်လပ်စွာ ဆောင်ရွက်နေသည့် အာဂျင်တီးနား တရားရုံး၏ ပုံရိပ်ကိုလည်း ထိခိုက်စေနိုင်သည်။ ဖမ်းဝရမ်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ အရပ်သားခေါင်းဆောင်များကို ထည့်သွင်းရန် အာဂျင်တီးနား အစိုးရရှေ့နေ၏ ဆုံးဖြတ်ချက်ကို NUG အနေဖြင့် လက်ခံရန် လိုအပ်ပြီး၊ တရားမျှတသော ရလဒ်တခု ဖြစ်ထွန်းလာရေး ဦးတည်လုပ်ဆောင်သွားရန် တရားရုံး၏ သမာသမတ်ကျသော တရားစီရင်ရေး လုပ်ငန်းစဉ်ကိုလည်း ခွင့်ပြုရန် လိုအပ်ပေသည်။
ဒေါ်အောင်ဆန်းစုကြည်သည် တရားမ၀င် စစ်အုပ်စုများ၏ မတရား အကျဉ်းချခံနေရသော ထိပ်တန်းပုဂ္ဂိုလ်တဦးဖြစ်ပြီး သူ့ကို ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးရမည် ဖြစ်သည်။ တချိန်တည်းမှာပင် ၂၀၁၇ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုတွင် အရပ်သားခေါင်းဆောင်နှစ်ဦးသည် အထူးသဖြင့် ထိုအချိန်က အစိုးရခေါင်းဆောင်များအဖြစ် ပါဝင်ပတ်သက်မှု ရှိ၊မရှိအား လွတ်လပ်ပြီး ဘက်လိုက်မှုကင်းသော တရားရုံးက အဆုံးအဖြတ်ပေးရန် လိုအပ်သည်။
ထိုသူများသည် အထင်ကရစံထားပုဂ္ဂိုလ်များ၊ နိုင်ငံရေးသမားများ (သို့) အရပ်သားများ ဖြစ်သည်ဆိုရုံနှင့် အကာအကွယ်ပေးရန် မလိုဘဲ၊ ထိုအစား ၎င်းတို့တွင် အပြစ်မရှိကြောင်း တရားရုံးသို့ သက်သေအထောက် အထားများဖြင့် တင်ပြနိုင်ရန်အတွက်သာ မိမိတို့က ပံ့ပိုးပေးရမည် ဖြစ်သည်။
တန်းတူညီမျှမှု၊ တရားမျှတမှု၊ လူသားလုံခြုံရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး တို့အပေါ်တွင် အခြေပြုတည်ဆောက်သော အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံအတွက် ရိုဟင်ဂျာများ၊ တိုင်းရင်းသားအားလုံးနှင့် မြန်မာပြည်သူများအားလုံးအတွက် တရားမျှတမှုသည် မရှိမဖြစ် မုချလိုအပ်သည်။
တရားမျှတမှုကို သက်ဝင်ယုံကြည်ပြီး ထိုအတွက် ဦးတည်လုပ်ဆောင်နေသည့် မိမိတို့အနေဖြင့် မိမိတို့၏ ကိုယ်ပိုင်အစွဲများအပေါ် စိန်ခေါ်မှုများလုပ်ဆောင်ရန်၊ မိမိတို့၏ စိတ်မသက်မသာဖြစ်မှု၊ စိုးရိမ်စိတ်နှင့် အကြောက်တရားများကို ရင်ဆိုင်ကျော်လွှားရန်အတွက် ယခုအချိန်တွင် လိုအပ်နေသည်။ စစ်အုပ်စုက ကျူးလွန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်မှုများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာစေရေး ဆက်လက် ကြိုးပမ်းအားထုတ်နေချိန် တပြိုင်နက်တည်းမှာပင် မိမိတို့အနေဖြင့် တော်လှန်ရေးလှုပ်ရှားမှုနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့၏ ဘက်လိုက်မှုကင်းသည့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရေးအတွက်လည်း ကတိကဝတ်များ လိုအပ်နေပေသည်။
ခင်ဥမ္မာ
(သူ့အတွေး သူ့အမြင် – Op-Ed)
(ဤဆောင်းပါးသည် စာရေးသူ၏ အတွေးအမြင်သာဖြစ်ပြီး DVB ၏ အာဘော်မဟုတ်ပါ။)