Home
မေးမြန်းခန်း
“ဒီလူတွေရဲ့ ပြည်ပခရီးစဉ်တွေကို မျက်စိဒေါက်ထောက်ကြည့်နေဖို့ လိုပါတယ်” ကင်တားနား 
DVB
·
March 3, 2025
Photo: Reuters

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဟောင်း ဦးထင်ကျော်နဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် လူပုဂ္ဂိုလ် ၂၅ ယောက်ကို ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှု စွပ်စွဲချက်နဲ့  အာဂျင်တီးနားနိုင်ငံတရားရုံးက ဖမ်းဝရမ်းထုတ်ထားတဲ့ အမှုနဲ့ ပတ်သက်လို့   ရိုဟင်ဂျာတွေဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ လူ့အခွင့်အရေးရှေ့နေ သောမတ်စ် အိုဟေး ကင်တားနားကို DVB က ဆက်သွယ် မေးမြန်းထားပါတယ်။

(အပြည့်အစုံ)  

မေး။ အရင်ဦးဆုံး ဒီအမှုက အာဂျင်တီးနားနိုင်ငံ တရားရုံးကို ဘယ်လိုရောက်လာတာလဲ  ပြောပြပေးပါလား။

ဖြေ။  “ရိုဟင်ဂျာတွေ ဘာကြောင့် ဒီအမှုကို အာဂျင်တီးနားက တရားခွင်မှာ လျှောက်ထားတာလဲ ဆိုတာ ကြားနေကျမေးခွန်းပါ။ ကျနော် မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်နေတုန်းက ရိုဟင်ဂျာတွေ နေထိုင်တဲ့ ရခိုင်ပြည်နယ်ကို ခဏခဏ ရောက်ခဲ့ပါတယ်။ ကျနော့်တာဝန် ပြီးသွားတော့လည်း ရိုဟင်ဂျာအဖွဲ့အစည်းတွေ အတော်များများနဲ့ အဆက်အသွယ် မပြတ်ခဲ့ပါဘူး။ ဒီထဲမှာ ပြည်ပရောက် ရိုဟင်ဂျာလူမျိုးတွေ အများကြီးနဲ့ဖွဲ့စည်းထားတဲ့ BROUK (မြန်မာရိုဟင်ဂျာအဖွဲ့အစည်း-ယူကေ) လည်း ပါဝင်ပါတယ်။ ဆိုတော့ ကုလသမဂ္ဂရဲ့ ၂၀၁၈ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ရိုဟင်ဂျာတွေ လူမျိုးတုံး သတ်ဖြတ်ခံနေရတဲ့အကြောင်း သိရှိပြီးနောက်ပိုင်းမှာ ကျူးလွန်ခဲ့တဲ့သူတွေကို ဘယ်လို တာဝန်ခံစေမလဲ ဆိုတာနဲ့ပတ်သက်ပြီး ကျနော်တို့ ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။ နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး [ကျူးလွန်ခဲ့သူတွေကို] အရေးယူကြဖို့ပါပဲ။ အဲဒီလိုနဲ့ ဦးထွန်းခင် (BROUK ရဲ့ ဥက္ကဋ္ဌ) နဲ့ ကျနော် တိုင်ပင်ကြပါတယ်။ ကျနော်တို့ အာဂျင်တီးနားနိုင်ငံမှာလည်း ဗိုလ်ချုပ်တွေကို လူမျိုးတုံး သတ်ဖြတ်မှုအတွက် နိုင်ငံဖြတ်ကျော် အရေးယူခဲ့ဖူးသလို နိုင်ငံတကာတရားစီရင်ပိုင်ခွင့် ကျင့်ထုံးအရ စီရင်ခဲ့တဲ့အမှုတွေ ရှိပါတယ်။ ဒါကြောင့် ဒီအမှုကိုလည်း အာဂျင်တီးနား တရားရုံးမှာပဲ ကျနော့် အကြံပေးချက်၊ ဦးထွန်းခင် အပါအဝင် ရိုဟင်ဂျာတွေရဲ့ ဆုံးဖြတ်ချက်နဲ့ အမှုဖွင့်ဖို့ ကြိုးစားဖြစ်သွားတာပါ။ အဲဒါနဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ ပထမဆုံးခြေလှမ်းအဖြစ် ရာဇဝတ်ကြောင်းအရ အမှုဖွင့်ဖြစ်ပါတယ်။ လူမျိုးတုံး သတ်ဖြတ်မှုကနေ လွတ်မြောက်လာတဲ့သူတွေက လျှောက်လဲချက်ပေးကြပါတယ်။ ဖြစ်နိုင်ခြေရှိတဲ့ ကျူးလွန်သူတွေကိုလည်း စစ်ဆေးဖို့ တရားရုံးကို တောင်းဆိုခဲ့ကြပါတယ်။”

မေး။ BROUK ရဲ့ ထုတ်ပြန်ချက်အရ ရိုဟင်ဂျာအမျိုးသမီး ၅ ယောက်က လျှောက်လဲချက်ပေးခဲ့တယ်လို့ သိရပါတယ်။ သူတို့အနေနဲ့ ဘယ်လို တရားရုံးကို ရောက်လာကြတာလဲ။

ဖြေ။ “ကျနော်တို့ အမှုစဖွင့်ဖွင့်ချင်းတုန်းက တရားရုံးအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ ဝန်လေးနေခဲ့ပါတယ်။ အဲဒါနဲ့ ကျနော်တို့ အယူခံတင်ကြရာကနေ အယူခံရုံးက ဒီအမှုကို အာဂျင်တီးနားမှာ စစ်ဆေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီကနေ အစပြုတယ်လို့ပဲ ဆိုကြပါစို့။ အဲဒီနောက် သက်သေကို ဘယ်လိုရှာမလဲ။ ထွက်ဆိုချက်တွေ ဘယ်လိုရှာမလဲဆိုတာ ဆက်စဉ်းစားကြပါတယ်။ ပထမဆုံးအချက်ကတော့ အာဂျင်တီးနားတရားရုံးနဲ့ ကုလသမဂ္ဂ ယန္တရားကို ချိတ်ဆက်မှုရအောင် လုပ်ဖို့ပါ။ ကုလသမဂ္ဂမှာ သက်သေအထောက်အထားတွေကို စုစည်းပြီး တရားရုံးတွေဆီ ပို့ပေးတဲ့ ယန္တရားရှိပါတယ်။ ကျနော်တို့အနေနဲ့ သက်သေတွေစုဆောင်းတဲ့နေရာမှာ နိုင်ငံတကာ အသိုက်အဝန်းကိုပါ ထည့်သွင်းလာတာဖြစ်တဲ့အတွက် ဒီအချက်က အရမ်းအရေးကြီးပါတယ်။ ပြီးတော့ ကျနော်တို့အနေနဲ့ လူမျိုးတုံး သတ်ဖြတ်မှုကနေ လွတ်မြောက်လာသူတွေကို အာဂျင်တီးနားမြို့တော် ဗျူနိုအေးရိစ်ကို အရောက်ခေါ်လာနိုင်မှလည်း တရားရုံးအနေနဲ့ သက်သေတွေကို မေးမြန်းခွင့်ရမှာပါ။ ဒါက တော်တော်လေးကို ခက်ခဲပေမဲ့ ၂၀၂၃ ခုနှစ် ဇွန်လမှာတော့ ရိုဟင်ဂျာအမျိုးသမီး ၆ ယောက်နဲ့ အမျိုးသားတယောက်ကို တရားခွင် အရောက်ခေါ်လာနိုင်ခဲ့ပါတယ်။ သူတို့ဒီမှာ တပတ်လောက်နေပြီး ထွက်ဆိုချက် ပေးကြပါတယ်။ နိုင်ငံတကာတရားစီရင်ခွင့်အရ ဖွင့်ထားတဲ့အမှုကို လက်တွေ့ကျကျ ဆောင်ရွက်ဖို့ ဒီအဆင့်က အရေးကြီးပါတယ်။ ဒီထွက်ဆိုချက်တွေကြောင့်လည်း အခုလို ဝရမ်းထုတ်တဲ့အထိ ဆောင်ရွက်နိုင်ခဲ့တာပါ။”

မေး။ စုစုပေါင်းလူ ၂၅ ဦးကို ဝရမ်းထုတ်ထားတယ်လို့ သိရပါတယ်။ ဘယ်လို လူတွေကို ဝရမ်းထုတ်မယ်လို့ ဆုံးဖြတ်ခဲ့တာပါလဲ။

ဖြေ။ “ဒီအချက်က တော်တော်လေးတော့ ဝိဝါဒကွဲပြားစရာကောင်းပါတယ်။ ၂၀၁၉ ခုနှစ်က BROUK ဆုံးဖြတ်ခဲ့တာက အလွှာအသီးသီးက တာဝန်ရှိတဲ့သူတွေအားလုံးကို တာဝန်ယူစေဖို့ပါ။ အဲဒီတော့ စစ်တပ်မှာ အဆင့်ဆင့်တာဝန်ထမ်းဆောင်နေကြတဲ့ အရာရှိတွေကို တိုင်ကြားချက်ထဲ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ အရပ်ဘက်အစိုးရမှာ တာဝန်ရှိသူတွေကိုလည်း စုံစမ်းစစ်ဆေးသင့်တယ်လို့ တရားရုံးကို လျှောက်ထားခဲ့ပါတယ်။ ဦးဝီရသူလို ဘုန်းကြီးတွေကိုလည်း စစ်ဆေးသင့်တယ်လို့ လျှောက်ထားခဲ့ပါတယ်။ ကျူးလွန်နိုင်ခြေရှိတဲ့ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေအပြင် ကြံရာပါအဖြစ် ပါဝင်နိုင်တဲ့ ကုမ္ပဏီတွေကိုလည်း စစ်ဆေးသင့်တယ်လို့ ပြောခဲ့ပါတယ်။ တရားမျှတမှုရဖို့ဆိုရင် ရိုဟင်ဂျာတွေက စွပ်စွဲတဲ့သူအားလုံးကို စစ်ဆေးရမှာပါ။ အဲဒီနောက် သက်သေအထောက်အထား စုစည်းတဲ့အဆင့်ကို ရောက်လာပါတယ်။ ပြီးတော့မှ အမိန့်ချမှတ်ရပါတယ်။”

“BROUK အနေနဲ့ သူတို့ရလာသမျှ အထောက်အထားတွေအားလုံးကို စစ်ဆေးကြည့်တဲ့အခါမှာ စစ်တပ်ကို တရားခံအဖြစ် ညွှန်ပြနေတာ တွေ့ရပါတယ်။ သဘောကတော့ ဒေါ်အောင်ဆန်းစုကြည်က တရားခံပါလို့ စွပ်စွဲထားတဲ့ အထောက်အထားမျိုး မတွေ့ရဘူး ဆိုတာပါပဲ။ မျက်မြင်သက်သေတွေကလည်း တရားခွင်မှာ ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲတာမျိုး မရှိပါဘူး။ ဒါကြောင့် BROUK အနေနဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက တောင်းဆိုတဲ့ ဝရမ်းစာရင်းမှာ စစ်တပ်အရာရှိတွေကိုသာ ထည့်သွင်းထားတာပါ။ အဲဒီနောက်ပိုင်းမှာ ဥပဒေအရာရှိက အရပ်ဘက်ခေါင်းဆောင်တွေဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်ကိုပါ ဝရမ်းစာရင်းထဲ ထည့်ပေးဖို့ တရားရုံးကို လျှောက်ထားခဲ့ပါတယ်။ အဲဒီတော့ တရားရုံးအနေနဲ့ဘာဆက်လုပ်မလဲ စဉ်းစားရပါတော့တယ်။”

“BROUK ဟာအဲ့ဒီတုန်းက ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ အခြေအနေကို တရားရုံးကိုရှင်းပြခဲ့ပြီး ရိုဟင်ဂျာတွေအပေါ် လူသားမျိုးနွယ်ကို ထိခိုက်စေတဲ့ပြစ်မှုတွေ ကျူးလွန်နေတာ စစ်တပ် တခုတည်း မဟုတ်ဘဲ အာရက္ခတပ်တော် (AA) လည်း ပါတယ်ဆိုတာ အသိပေးခဲ့ပါတယ်။ မြေပြင်မှာဖြစ်နေတဲ့ အခြေအနေဟာ အရမ်းအကဲဆတ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ဝရမ်းထုတ်လိုက်မယ်ဆိုရင် မြန်မာလူမျိုးတွေအနေနဲ့ ရိုဟင်ဂျာတွေကို အပြစ်တင်လာနိုင်တဲ့ အခြေအနေကို ရောက်သွားနိုင်တယ်လို့လည်း တင်ပြခဲ့ပါတယ်။ ဒါကြောင့် အရပ်ဘက် ခေါင်းဆောင်တွေကို စုံစမ်းစစ်ဆေးမှုရဲ့ ဒုတိယအဆင့်ကျမှ ထည့်သွင်းစစ်ဆေးဖို့ အကြံပေးခဲ့ပါတယ်။ ဒါပေမဲ့ တရားရုံးရဲ့အမြင်ကတော့ ကျနော်တို့နဲ့ ကွဲပြားပါတယ်။ ဒီလိုနဲ့ပဲ အစိုးရ ခေါင်းဆောင်တွေ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော် တို့အပါအဝင် အရပ်ဘက် စစ်ဘက်စု စုပေါင်း ၂၅ ဦးကို ဝရမ်းထုတ်ခဲ့တာပါ။ အရပ်ဘက်ခေါင်းဆောင်တွေထဲမှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော် အပြင် ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တယောက်လည်း ပါပါတယ်။”

“တရားရုံးရဲ့ ဆုံးဖြတ်ချက်ကတော့ အစိုးရခေါင်းဆောင် ၂ ယောက်အနေနဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တဲ့ စစ်တပ်အပေါ် လွှမ်းမိုးနိုင်စွမ်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ရိုဟင်ဂျာတွေဟာ ရခိုင်ပြည်နယ်မှာ အဖွဲ့အစည်းလိုက် ဖိနှိပ်မှုခံနေရတာ အရှိတရားဖြစ်ပြီး အရပ်ဘက်အစိုးရအနေနဲ့ ဒီလိုဖိနှိပ်မှုမျိုးကို တားဆီးနိုင်ပါလျက်နဲ့ [မတားဆီးခဲ့ဘူးလို့ ယူဆပါတယ်။]

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ သည်ဟိဂ်ကိုသွားပြီး ဂမ်ဘီယာက စွဲဆိုထားတဲ့ နိုင်ငံတကာ ဥပဒေခုံရုံးက အမှုမှာလည်း မြန်မာနိုင်ငံမှာ လူမျိုးတုံး သတ်ဖြတ်မှုမရှိဘူးလို့ ထွက်ဆိုထားခဲ့တာ ရှိကြောင်းလည်း တရားရုံးက ပြောပါတယ်။ ဒီအချက်တွေကြောင့် အရပ်ဘက် ခေါင်းဆောင်တွေကိုပါ ဝရမ်းထုတ်ရတာပါ။”

မေး။ ဝရမ်းထုတ်ပြီးတော့ နောက်တဆင့် ဘာဆက်ဖြစ်နိုင်မလဲ။ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ အကျဉ်းချခံထားရပြီး ဦးထင်ကျော်ကတော့ အခုဘယ်မှာရှိနေတယ်ဆိုတာ မသိရပါဘူး။ ဆိုတော့ ဘယ်လို ဆက်ပြီးအရေးယူကြမလဲ။

ဖြေ။ “ဒီမေးခွန်းမျိုးကို မီဒီယာတွေက ခဏခဏမေးကြပါတယ်။ ၂၀၁၉ ခုနှစ်က ကျနော်တို့ ဒီအမှုကို စဖွင့်တုန်းကဆိုရင် ဘာလို့ တခြားနိုင်ငံမှာ အမှုဖွင့်ရတာလဲ အဓိပ္ပာယ်မရှိဘူးလို့တောင် ပြောကြတာပါ။ အဆိုးမြင်မှုတွေလည်း အရမ်းများပါတယ်။ ရိုဟင်ဂျာတွေကိုယ်တိုင် ဒီအမှုမှာ အဓိကနေရာကပါဝင်ပြီး ခိုင်မာတဲ့ရလဒ်တွေ ရလာတာကတော့ အရှိတရားပါ။ ကျနော် အထူးပြောချင်တာကတော့ တရားမျှတမှုဆီသွားတဲ့လမ်းဟာ အမြဲတမ်းရှုပ်ထွေးပြီး အဆီးအတားတွေလည်း များတတ်ပါတယ်။ ဒါပေမဲ့ ရိုဟင်ဂျာတွေက ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ ဆောင်ရွက်နေတာဖြစ်ပြီး ဖမ်းဝရမ်းတွေလည်း ထုတ်နိုင်ခဲ့ပါပြီ။”

“အခု နောက်တဆင့်ကတော့ တရားရုံးအနေနဲ့ ဒီလူ ၂၅ ယောက် ဘယ်သူဘယ်ဝါဆိုတာကို စိစစ်ဖို့ပါပဲ။ ဒါမှလည်း အင်တာပိုလ် (နိုင်ငံတကာရဲတပ်ဖွဲ့) ဆီ ဝရမ်းတွေပေးနိုင်မှာ ဖြစ်ပါတယ်။ အင်တာပိုလ်က အနီရောင်သတိပေးချက် ထုတ်ပြန်နိုင်ဖို့ ဒီလူတွေရဲ့ ရုပ်ပုံအပါအဝင် အသေးစိတ် အချက်အလက်တွေကို လိုအပ်ပါတယ်။ အင်တာပိုလ်က အစိုးရချင်း ရဲတပ်ဖွဲ့ချင်း ချိတ်ဆက်ဆောင်ရွက်တဲ့ အဖွဲ့အစည်းဖြစ်ပြီး နိုင်ငံရေးလွှမ်းမိုးမှုလည်း ကြီးမားပါတယ်။ အဲ့ဒီတော့ BROUK နဲ့ရိုဟင်ဂျာတွေအနေနဲ့ ဒီအမှုအကြောင်း အင်တာပိုလ်အာရုံစိုက်လာအောင် များများ ပြောပေးဖို့ လိုပါလိမ့်မယ်။ ဒါမှသာ နိုင်ငံတကာရဲတပ်ဖွဲ့တွေဆီ အသိပေးချက်တွေ ထုတ်ပြန်နိုင်မှာပါ။ ပြီးတော့ နိုင်ငံတကာအသိုက်အဝန်းနဲ့ ကုလသမဂ္ဂရဲ ပဋိညာဉ်တွေမှာ လက်မှတ်ထိုးထားတဲ့ နိုင်ငံတွေကိုလည်း ဒီအမှုဟာ အရမ်းဆိုးဝါးတဲ့ လူမျိုးတုံး သတ်ဖြတ်မှုကြီး ဖြစ်ကြောင်း၊ ဒီအတွက် တရားမျှတမှုလိုကြောင်း ပြောပြဖို့လိုပါတယ်။ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးအဖွဲ့ အစည်းတွေကိုလည်း အကြောင်းကြားဖို့ ပြင်နေပါတယ်။”

“မြန်မာနိုင်ငံရဲ့ စစ်ကောင်စီအနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့လိုပါတယ်။ ဒါမှသာ သူ့အနေနဲ့ဒီအမှုကို ခုခံချေပနိုင်ပါလိမ့်မယ်။ အာဂျင်တီးနား တရားရုံးဟာ လွတ်လပ်ပြီး ဘက်မလိုက်တဲ့ တရားရုံးပါ။ ကျူးလွန်တဲ့သူတွေရော စွပ်စွဲခံရတဲ့သူတွေရော ခုခံချေပခွင့်ရှိပါတယ်။ ရှေ့နေငှားခွင့် စွပ်စွဲချက်တွေကို ကြည့်ရှုခွင့်ရှိပါတယ်။ စစ်ကောင်စီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးသင့်တာ ဒီအမှုတခုတည်းကြောင့် မဟုတ်ပါဘူး။ သူဟာ မတရား ဖမ်းဆီးချုပ်နှောင်ခံထားရလို့ လွှတ်ပေးသင့်တာဖြစ်ပါတယ်။ သူ နေအိမ်အကျယ်ချုပ် ၁၂ နှစ်ကြာ နေခဲ့ရပြီးနောက် ကျနော် သူနဲ့ တွေ့ခွင့်ရခဲ့ပါတယ်။ သူနဲ့ ၃ ကြိမ်တိတိ တွေ့ခဲ့ဖူးပါတယ်။ သူဟာ မြန်မာစစ်တပ်ရဲ့ မတရားဖမ်းဆီးမှုကို အမြဲခံခဲ့ရသူပါ။”

မေး။ ဖမ်းဝရမ်းထုတ်ပြီးနောက်ပိုင်း မြန်မာနဲ့ အာဂျင်တီးနားရဲ့ ဆက်ဆံရေး ဘယ်လိုရှိလာလိမ့်မယ်လို့ ထင်ပါသလဲ။

ဖြေ။ “ဒီမေးခွန်းကို ပြန်ဖြေဖို့ ခက်ပါတယ်။ သံတမန်ရေးအရ ကြည့်မယ်ဆိုရင်တော့ မြန်မာနဲ့ အာဂျင်တီးနားကြား သံတမန်ဆက်ဆံရေး မရှိပါဘူး။ ဆိုတော့ ဘာဖြစ်လာမလဲဆိုတာ ဆက်စောင့်ကြည့်ရမှာပါ။ ကျနော်က BROUK ရဲ့ ရှေ့နေဖြစ်ပြီး ဒါက ရာဇဝတ်ကြောင်းအရ စစ်ဆေးတဲ့အမှု ဖြစ်ပါတယ်။ တဦး တယောက်ချင်းစီရဲ့ ကျူးလွန်မှုတွေကို စစ်ဆေးတာသာဖြစ်ပြီး နိုင်ငံတနိုင်ငံလုံးကို စစ်ဆေးတာမဟုတ်ပါဘူး။ ဂမ်ဘီယာ စွဲဆိုထားတဲ့အမှုက မြန်မာနိုင်ငံကို စစ်ဆေးတာပါ။ ကျနော်တို့အမှုက လွတ်လပ်ပြီး ဘက်မလိုက်တဲ့ တရားရုံးကနေ ကျူးလွန်တယ်လို့ စွပ်စွဲခံရသူတွေကို အာဂျင်တီးနား လာပြီး စစ်ဆေးမှုခံယူဖို့ ဝရမ်းထုတ်သင့်တယ် ထင်တဲ့အတွက် ထုတ်လိုက်တာပါ။ ဒါကတော့ ပထမအဆင့်ပေါ့လေ။”

“အင်တာပိုလ်က သူတို့ရဲ့ တာဝန်အတိုင်း ဆောင်ရွက်မယ်ဆိုရင် အသိပေးချက်တွေ ထုတ်ပြန်ပါလိမ့်မယ်။ ဒီလူ ၂၅ ဦးစလုံးဟာ အင်တာပိုလ်ရဲ့ အနီရောင်အသိပေးချက်စာရင်းမှာ ပါဝင်နေမှာ ဖြစ်ပါတယ်။ သံတမန်ရေးကိစ္စတွေကတော့ ဘယ်လိုဆက်ဖြစ်မယ်ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပေမဲ့ ဒါကတော့ ရာဇဝတ်မှု ဖြစ်ပါတယ်။ ကျူးလွန်သူတွေက အာဂျင်တီးနားကို မလာဘူးဆိုရင်တောင် ဒီအမှုက ဆက်သွားနေမှာပါ။ မကြာခင်ကပဲ [အာဂျင်တီးနား] လွှတ်တော်က ပျက်ကွက်တရားခံကို တရားစွဲဆိုခွင့် (trial in absentia) ကို ခွင့်ပြုလိုက်ပါတယ်။ ဒါကြောင့် တရားခံအဖြစ် စွပ်စွဲခံရသူက တရားခွင်ကို မလာဘူးဆိုရင်တောင် သူ့ကို တရားစွဲဆိုတဲ့လုပ်ငန်းတွေ ဆက်လုပ်လို့ရပါတယ်။ ဒီတရားခွင်ကို အများပြည်သူရှေ့မှာ ကျင်းပမှာဖြစ်ပြီး လွတ်မြောက်လာသူတွေ၊ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေ၊ သံတမန်တွေ၊ စာနယ်ဇင်းသမားတွေအထိ အာဂျင်တီးနားတရားရုံးမှာ လာရောက်လျှောက်လဲချက်ပေးဖို့ ဆင့်ခေါ်ခံရနိုင်ပါတယ်။ ဒါကြောင့် ရှေ့လျှောက်ထူးခြားမှုတွေ အများကြီး ဖြစ်လာဦးမှာပါ။”

မေး။ စစ်ခေါင်းဆောင်က တရုတ်နဲ့ ရုရှားကလွဲရင် နိုင်ငံတကာခရီးစဉ်တွေ သွားလေ့မရှိပါဘူး။ ဝရမ်းထုတ်ပြန်ချက်က သူ့ကို ဘယ်လောက်ထိခိုက်နိုင်ပါသလဲ။

ဖြေ။ “အင်တာပိုလ်ကို အသိပေးချက်တွေ ထုတ်ပြန်စေဖို့ ကျနော်တို့ ကြိုးစားနေပါတယ်။ ထုတ်ပြန်ပြီးတာနဲ့ မီဒီယာကို အသိပေးသွားမှာပါ။ ဒီအသိပေးချက်တွေ ထုတ်ပြန်ပြီးတာနဲ့ အင်တာပိုလ်ဟာ နိုင်ငံတကာမှာရှိတဲ့ အထူးသဖြင့် မင်းအောင်လှိုင်နဲ့ ဒီဝရမ်းစာရင်းပါတဲ့သူတွေ သွားလေ့ရှိတဲ့ နိုင်ငံတွေက ရဲတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ပါလိမ့်မယ်။ ဆိုပါတော့ အရှေ့တောင်အာရှမှာ ဆိုရင် စင်ကာပူနဲ့ ထိုင်းနိုင်ငံ စသဖြင့်ပေါ့။ ဒီနေရာမှာ နိုင်ငံတကာ ပဋိညာဉ်တွေကိုလည်း ထည့်စဉ်းစားဖို့လိုလာပါတယ်။ ဥပမာ အာဂျင်တီးနားနဲ့ ဝရမ်းပြေး ဖမ်းဆီးပေးရေးစာချုပ် ချုပ်ဆိုထားတဲ့နိုင်ငံတွေ ရှိ မရှိ၊ ဘယ်လိုဥပဒေမျိုးနဲ့ ဒီဝရမ်းကို အသက်ဝင်အောင်လုပ်မလဲ စသဖြင့် မေးခွန်းတွေ အများကြီးပါ။ ဒီလူတွေရဲ့ ပြည်ပခရီးစဉ်တွေကိုလည်း မျက်စိဒေါက်ထောက်ကြည့်နေဖို့ လိုပါတယ်။ တရုတ်နိုင်ငံကို သွားတယ်ဆိုရင် တရုတ်အစိုးရကို အကြောင်းကြားပြီး သူ့ရဲ့ သဘောထားကို မေးဖို့လိုပါတယ်။”

“ချီလီ စစ်အာဏာရှင် ပီနိုချေးရဲ့ ဥပမာကို ကျနော် အမြဲပြောလေ့ရှိပါတယ်။ သူဟာ ၁၉၉၀  ပြည့်နှစ် တွေတုန်းက လန်ဒန်မြို့ကိုသွားပြီး ဆေးကုသမှုခံယူနေတုန်း စပိန်နိုင်ငံမှာ စစ်ဆေးတဲ့ လူသားမျိုးနွယ်ကို ထိခိုက်စေတဲ့ သူ့ရဲ့ပြစ်မှုတွေအတွက် အဖမ်းခံလိုက်ရပါတယ်။ ဒီအမှုကလည်း ကျနော်တို့ရဲ့ အမှုလိုပဲ နိုင်ငံတကာတရားစီရင်ခွင့်အရ စစ်ဆေးတဲ့အမှုပါ။ ပြီးတော့ ပီနိုချေးဟာ တခြားအကြောင်းကိစ္စတွေနဲ့ ချီလီကို ပြန်ရောက်သွားပါတယ်။ ဒါပေမဲ့ အရေးကြီးတာက သူ လန်ဒန်မှာ အဖမ်းခံလိုက်ရတယ် ဆိုတာပါ။ နိုင်ငံတကာမှာလည်း ဒီကိစ္စဟာ ပြောစမှတ်ဖြစ်သွားခဲ့ပါတယ်။ အင်တာပိုလ်က ဘာဆက်လုပ်မလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။ မင်းအောင်လှိုင်က သူ့ကိုယ်သူ နိုင်ငံတော်အကြီးအကဲလို့ ပြောပေမဲ့ လူမျိုးတုံး သတ်ဖြတ်မှုအတွက် နိုင်ငံတော်အကြီးအကဲလည်း ကင်းလွတ်ခွင့်ရမယ်မထင်ပါဘူး။”

မေး။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်ကို ဝရမ်းစာရင်းကနေ ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့ဖူးပါတယ်။ သူတို့အနေနဲ့ ဒီအမှုကို ဘယ်လို တုံ့ပြန်သင့်ပါသလဲ။

ဖြေ။ “[ဒီဝရမ်းနဲ့ပတ်သက်ပြီး] လူနည်းစု တိုင်းရင်းသားအဖွဲ့အစည်းတွေအပြင် ဗမာအဖွဲ့အစည်းတွေကတောင် ကြိုဆိုကြပါတယ်။ သူတို့အနေနဲ့တရားရုံးက ဘက်မလိုက်ဘူးလို့ ယုံကြည်ကြတယ်။ သူတို့ ယုံကြည်ချက်ကလည်း မှန်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီဝရမ်းတွေဟာ ၂၀၁၇ ခုနှစ်က လူမျိုးတုံး သတ်ဖြတ်မှု ဖြစ်သွားတယ်ဆိုတာကို သက်သေပြနေကြတယ်။ တရားခွင်မှာ ထပ်မံအတည်ပြုဖို့တော့ လိုပါသေးတယ်။ ကျနော်တို့ NUG ရဲ့ ထုတ်ပြန်ချက်ကို တွေ့ပါတယ်။ ကျနော်တို့နဲ့ အထူးသဖြင့် ရိုဟင်ဂျာတွေနဲ့ NUG ဆက်ဆံရေးရှိပါတယ်။ ဒီအမှုဟာ ကျနော်တို့ရဲ့ လုပ်ပိုင်ခွင့်ထဲမှာ မရှိတော့ဘူး ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း ပြောပြထားပြီးပါပြီ။ တရားရုံးအနေနဲ့ အချိန်ယူစဉ်းစားပြီးမှသာ ဒီဝရမ်းတွေကို ထုတ်တာဖြစ်တဲ့အတွက် ဒီစာရင်းထဲမှာ ပါတဲ့သူတွေကို ထုတ်နုတ်ပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီတော့ အာဂျင်တီးနားကိုလာပြီး သူတို့ မကျူးလွန်ပါဘူးဆိုတာကို ခုခံချေပတဲ့နည်းလမ်းသာ ကျန်ပါတော့တယ်။”

မေး။  အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရဲ့ ဥပဒေအရာရှိချုပ် ကာရင်ခန်းကလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဝရမ်းထုတ်ဖို့ တောင်းဆိုထားပါတယ်။ အာဂျင်တီးနားရဲ့ ဝရမ်းက ဒီဖြစ်စဉ်ကို ပိုမြန်အောင်ကူညီပေးနိုင်မလား။

ဖြေ။ “ကူညီပေးနိုင်မယ်လို့ ထင်ပါတယ်။ ဒီအမှု ၂ ခုဟာ အပြန်အလှန် အကျိုးပြုနိုင်ပေမဲ့ ကွာခြားချက်လေးတွေလည်း ရှိပါတယ်။ အာဂျင်တီးနားက ထုတ်တဲ့ဝရမ်းဟာ လူမျိုးတုံး သတ်ဖြတ်မှုအတွက် ဖြစ်ပြီး ICC ရဲ့ ဥပဒေအရာရှိ တောင်းဆိုတဲ့ ဝရမ်းကတော့ [ရိုဟင်ဂျာတွေကို] နိုင်ငံကနေ နှင်ထုတ်ခြင်း၊ ဖိနှိပ်ခြင်းတွေအတွက် ဖြစ်ပါတယ်။ ပြီးတော့ အာဂျင်တီးနားရဲ့ ဝရမ်းစာရင်းမှာ ပါတဲ့သူတွေက အဲဒီဖြစ်စဉ်မှာ ကိုယ်တိုင်ကိုယ်ကျပါဝင်ခဲ့တဲ့ ရိုဟင်ဂျာ အမျိုးသမီးတွေကို မုဒိမ်းကျင့်ခဲ့တဲ့၊ ကလေးတွေကို နှိပ်စက်ခဲ့တဲ့၊ သတ်ဖြတ်ခဲ့တဲ့၊ ရွာတွေကို မီးရှို့ခဲ့တဲ့သူတွေ ပါဝင်ပါတယ်။”

“ICC ကတော့ အဆင့်မြင့်အရာရှိတွေကိုသာ ပစ်မှတ်ထားတာပါ။ ဒါပေဲ့ ကျနော်တို့စာရင်းမှာပါတဲ့ လူ ၉ ယောက်အကြောင်း အများပြည်သူသိဖို့ ထုတ်ပြန်တဲ့အခါ တွေ့ပါလိမ့်မယ်။ အဲဒီထဲမှာ ကျေးရွာတွေအထိ သွားပြီး ကျူးလွန်ခံရသူတွေကို လက်ညှိုးထိုးပြတဲ့ ရခိုင်တိုင်းရင်းသား ခေါင်းဆောင် ပါတယ်။ ရဲတပ်သားတယောက် ပါတယ်။ အမှတ် ၃၃ ခြေလျင်တပ်ရင်းရဲ့ တပ်မှူး ပါတယ်။ ဒီပြစ်မှုတွေကို ကိုယ်တိုင်ကိုယ်ကျ ကျူးလွန်ခဲ့တဲ့သူတွေပါ ပါတယ်။ ဒါကတော့ ICC နဲ့ အာဂျင်တီးနား တရားရုံးကြား ကွာခြားချက်တွေ ဖြစ်ပါတယ်။ ဒီ အာဂျင်တီးနားတရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ ICC ရဲ့ဆုံးဖြတ်ချက်ကို တွန်းအားပေးနိုင်လိမ့်မယ်လို့  မျှော်လင့်ပါတယ်။”

မေး။  တခြား ဘာဖြည့်ပြောချင်ပါသေးလဲ။

ဖြေ။ “မည်သည့် လူ့အဖွဲ့အစည်းမှာမဆို လူ့အခွင့်အရေးကို တလေးတစားနဲ့ ကာကွယ်ပေးဖို့ လိုပါတယ်။ ဒါ ကျနော်တို့ရဲ့ ယုံကြည်ချက်ပါ။ ဒီတရားရုံးဆုံးဖြတ်ချက်ဟာ ဒီယုံကြည်ချက် မှန်တယ်ဆိုတာ ထောက်ခံပေးတဲ့သဘောပါပဲ။”

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024