
မက်ဆီလက်သစ်လို့ ခေါ်ကြတဲ့ အာဂျင်တီးနား လူငယ်ကြယ်ပွင့် အီချက်ဗယ်ရီကို မန်စီးတီးအသင်းက တရားဝင် စာချုပ်ခေါ်ယူခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် ဇန်နဝါရီဈေးကွက်မှာကတည်းက ပေါင် ၁၂ သန်းခွဲနဲ့ ခေါ်ယူထားခဲ့တဲ့ အီချက်ဗယ်ရီကို မိခင်ကလပ် ရေးဗာဘလိတ်အသင်းမှာ တရာသီ ဆက်လက်ကစားစေခဲ့ပြီး လက်ရှိအချိန်ရောက်မှ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့လာခဲ့တာပါ။
ကျောနံပါတ် ၃၀ ဝတ်ဆင်မယ့် ကွင်းလယ်တိုက်စစ်ကစားသမား အီချက်ဗယ်ရီကို ပထမအသင်းကြီးနဲ့အတူ ပူးတွဲ လေ့ကျင့်စေမှာဖြစ်ပြီး အက်ဖ်အေဖလားပွဲစဉ် လူစာရင်းမှာ ပါဝင်လာဖို့ ရှိပါတယ်။
မန်စီးတီးလို ဥရောပထိပ်တန်းအသင်းကြီးတသင်းမှာ ကစားခွင့်ရဖို့က အိပ်မက်တခုဖြစ်ပြီး မန်စီးတီးရဲ့ အောင်မြင်မှု ဆုဖလားတွေနဲ့ ကစားပုံက အားလုံးအတွက် အတုယူစရာဖြစ်ကြောင်း၊ ဘောလုံးကို လှလှပပနဲ့ ဘယ်လိုကစားရမလဲဆိုတာ ပြသပေးနေတဲ့အသင်းဖြစ်ကြောင်း အီချက်ဗယ်ရီက ပြောသွားပါတယ်။