
မန်စီးတီးအသင်းအနေနဲ့ ရာသီအကုန်မှာ ထိပ်ဆုံး ၄ သင်းစာရင်းဝင်ရောက်နိုင်ရေးက ကြီးမားတဲ့ အောင်မြင်မှုဖြစ်သွားပြီလို့ နည်းပြဂွါဒီယိုလာက ပြောသွားပါတယ်။
မန်စီးတီးဟာ လက်ကျန် ၁၄ ပွဲ အလိုမှာ ရမှတ် ၄၄ မှတ်နဲ့ အဆင့် ၄ နေရာမှာရပ်တည်နေပြီး အဆင့် ၅ နဲ့ အဆင့် ၆ နေရာက အသင်းတွေထက် တပွဲလျော့အခြေအနေမှာ တမှတ်အသာနဲ့ ရပ်တည်နေတာပါ။
အသင်းရဲ့ ပစ်မှတ်က ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးဖြစ်ပြီး အဲဒီလိုလုပ်ဆောင်နိုင်မယ်ဆိုရင် ကြီးမားတဲ့ အောင်မြင်မှုဖြစ်ကြောင်း ဂွါဒီယိုလာက ပြောပါတယ်။
မန်စီးတီးဟာ ဆုဖလားမျှော်လင့်ချက်အနေနဲ့ အက်ဖ်အေဖလားပြိုင်ပွဲသာ ကျန်ရှိတော့တာပါ။ အသင်းရဲ့ အမာခံကစားသမားတွေဖြစ်တဲ့ ရိုဒရီ၊ ဒီဘရိုင်း၊ ဂျွန်စတုန်းစ်နဲ့ ဒီယက်ဇ်တို့ အပါအဝင် ကစားသမားတွေ ဒဏ်ရာပြဿနာများခဲ့တာက ကျရူံးတဲ့ဘောလုံးရာသီ ဖြစ်စေတဲ့ အချက် တချက်ဖြစ်တယ်လို့ ဂွါဒီယိုလာက ပြောသွားပါတယ်။