
အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်တို့ စစ်အုပ်စုက ပုဂ္ဂိုလ် ၂၃ ဦးအပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးထင်ကျော်တို့ ၂ ယောက်ကိုပါ အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်လိုက်တဲ့သတင်း မကြာသေးမီက ထွက်ပေါ်လာခဲ့သည်။
၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာတွေကို ဂျီနိုဆိုက်လုပ်ခဲ့မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်မှုတွေကို ကျူးလွန်ခဲ့သည်ဟုဆိုကာ ယခုလို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
တရားစွဲဆိုသည့်အဖွဲ့က ဗြိတိန်အခြေစိုက် BROUK ဆိုသည့် အဖွဲ့အစည်း။ ၂၀၁၉ ကတည်းက အာဂျင်တီးနားတရားရုံးမှာ စွဲဆိုခဲ့ခြင်းဖြစ်ပြီး ထိုကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးထင်ကျော်ကိုပါ ထည့်သွင်းခဲ့ခြင်းဖြစ်သည်။ ဆယ်စုနှစ် တဝက်ကြာလာပြီးနောက် ယခုလို ဖမ်းဝရမ်းထုတ်ခြင်း ဖြစ်လာသည်။ Universal Jurisdiction ခေါ် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ရေးအရ တရားစွဲဆိုခဲ့ကြောင်း BROUK အဖွဲ့က ဦးထွန်းခင်ဆိုသူက ပြောသည်။
"Universal Jurisdiction" ဆိုတာ ဘာလဲ
ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ရေးဆိုတာ ဥပဒေသဘောတရားတခု ဖြစ်သည်။ ထိုသဘောတရားအရ နိုင်ငံတနိုင်ငံက ပြစ်မှုကျူးလွန်သူများကို တရားစွဲဆိုခွင့်ရှိသည်။ ပြစ်မှုကျူးလွန်သူများ၏ ပြစ်မှုကျူးလွန်ခဲ့သည့်နေရာ၊ ပြစ်မှုကျူးသူ၏ လူမျိုး၊ ပြစ်မှုကျူးလွန်ခံရသူများ၏ လူမျိုး စသည့်အချက်များကို ထည့်သွင်းမစဉ်းစားပေ။ တချို့သော ပြစ်မှုများက သိပ်ကို ပြင်းထန်ဆိုးရွားလွန်းရာ နိုင်ငံတကာ လူ့အဖွဲ့အစည်းများထိ ထိခိုက်စေတတ်သည်။ ထို့ကြောင့် ထိုကျူးလွန်သူများကို တရားမျှတမှု၏ ရှေ့မှောက်သို့ ခေါ်ဆောင်လာခွင့်ကို နိုင်ငံတိုင်းအား ခွင့်ပြုထားပေသည်။ သို့ရှိစေကာမူ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ရေးတွင်လည်း အကန့်အသတ်များရှိနေသည်။
နိုင်ငံတော်တော်များများက သူတို့နိုင်ငံသားတွေကို တခြားတိုင်းပြည်တရားရုံးတွေက တရားစွဲတာအတွက် သဘောမကျကြ။ ပြည်တွင်းရေးကိစ္စတွင် ဝင်ရောက်စွက်ဖက်သည်ဟုပင် ယူဆကြသည်။
နောက်တချက်မှာ တခြားသောနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှု ဖြစ်သည်။ Universal Jurisdiction ကို ကျင့်သုံးဆောင်ရွက်နေသော နိုင်ငံတနိုင်ငံအတွက် သံသယရှိသူတွေကို ထိန်းသိမ်းဖို့၊ ဖမ်းဆီးဖို့နှင့် တရားခံလွှဲပြောင်းဖို့ ကိစ္စတွေမှာ တခြားနိုင်ငံတွေ၏ ပူးပေါင်းဆောင်ရွက်မှုကို အစဉ်အမြဲရရှိဖို့ မလွယ်ကူချေ။
တတိယအချက်မှာ နိုင်ငံ့ခေါင်းဆောင်တွေအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိခြင်းဆိုတာဖြစ်သည်။ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ သံတမန်ရေးအရ ကင်းလွတ်ခွင့်ရရှိနိုင်ခြင်းဖြစ်သည်။
ယင်းသို့သော အကန့်အသတ်တွေကြောင့် Universal Jurisdiction မှာ ထင်သလောက် ခရီးမရောက်ပေ။ ဒါကတော့ Universal Jurisdiction အကြောင်း အနည်းငယ်မျှ မိတ်ဆက်ခြင်းဖြစ်သည်။
"ဘာကြောင့် ဖမ်းဝရမ်းထဲ ပါလာရသလဲ"
နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးထင်ကျော်တို့ ဘာကြောင့် ဖမ်းဝရမ်းထဲပါလာရသလဲဆိုရင် တရားစွဲသူတွေဘက်က ထည့်သွင်းခဲ့ခြင်းက ပထမအကြောင်းအရင်းဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံအရပင် အရပ်သားအစိုးရမှာ စစ်တပ်၊ ပြည်ထဲရေး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာကို ထိန်းချုပ်ပိုင်ခွင့် လုံးဝမရှိ။ ထိုစဉ်က အကြမ်းဖက်ကျူးလွန်သည့်စစ်တပ်ကို ဒေါ်အောင်ဆန်းစုကြည်တို့ အရပ်သားအစိုးရအနေဖြင့် တားမြစ်ပိုင်ခွင့်မရှိ။ ဒီအချက်ကို ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ (သို့မဟုတ်) ထည့်သွင်းစဉ်းစားခဲ့သည့်တိုင် အခြားလှုံ့ဆော်မှု တခုခုကြောင့် ပြစ်မှုကျူးလွန်သူ မင်းအောင်လှိုင်တို့နဲ့ တတန်းတည်းထားကာ အမှုတွဲတွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။
နောက်ထပ်အကြောင်းရင်းကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်တပ်ကျူးလွန်မှုတွေကို လူသိရှင်ကြားဖော်ထုတ်ရှုတ်ချမှုမပြုခြင်း၊ ကန့်ကွက်တားဆီးမှုမရှိခြင်းကြောင့် ဖြစ်ဟန်တူသည်။ ဤအချက်က တရားသူကြီးတွေရဲ့ အမြင်မှာတိုက်ရိုက်မဟုတ်သော သွယ်ဝိုက်ကြံစည်ခြင်းဟု အဓိပ္ပာယ်ကောက်ယူသွားဟန်တူသည်။ တရားစွဲသူတွေဘက်ကလည်း ဘာတွေ သက်သေပြသခဲ့ကြသလဲတော့မသိ။
"NUG ဘာလုပ်နေသလဲ"
ဖမ်းဝရမ်း သတင်းထွက်လာပြီးနောက် ၅ ရက်နီးပါးရှိလာသည့်တိုင် NUG ဆီက ဘာသတင်းမှမကြား။ တရားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်တကွ သမ္မတကြီးဒူဝါလရှီး ကိုယ်တိုင်ပင် ခါတိုင်းလို မီဒီယာစာမျက်နှာများတွင် ပေါ်မလာ။
အထက်တွင် ဖော်ပြခဲ့သလို ကမ္ဘာလုံးဆိုင်ရာတရားစီရင်ရေးတွင် အားနည်းချက်နှင့် အကန့်အသတ်များရှိသည်မှာ မှန်သည်။ ယင်းတို့ကြောင့် ယခုဖမ်းဝရမ်းကိစ္စမှာ ထင်သလောက်ခရီးပေါက်နိုင်ဦးမည်မဟုတ်။ ဒါက ဥပဒေနဲ့ နိုင်ငံရေးအဆက်အစပ်ကြားက အခြေအနေ ဖြစ်သည်။
အခြားတဖက်မှာတော့ ဂုဏ်သိက္ခာကိစ္စ ရှိသေးသည်။ မိမိတို့နိုင်ငံရဲ့ ခေါင်းဆောင်၊ မိမိတို့အစိုးရအဖွဲ့၏ခေါင်းဆောင်၊ သမိုင်းအဆက်ဆက် ရရှိလာခဲ့သော ကောင်းမွေ။ ထိုသူ၏ ဂုဏ်သိက္ခာကို စောင့်ရှောက်ကာကွယ်ဖို့ လိုပေသည်။
ဒီနေရာတွင် တခုနားလည်ရခက်သည်မှာ NUG အနေဖြင့် နွေဦးတော်လှန်ရေးကာလအတွင်း ရိုဟင်ဂျာ အဖွဲ့များနဲ့ ချိတ်ဆက်ဆောင်ရွက်မှုများ ရှိမည်မှာ ဧကန်ပင်။ သည်အတောအတွင်း မိမိခေါင်းဆောင်ကို အဘယ့်ကြောင့် ဖမ်းဝရမ်းထုတ်ခံရသည်အထိ အဖြစ်ခံကြသလဲ။ BROUK ပြောခွင့်ရပုဂ္ဂိုလ်၏ အင်တာဗျူးဖြေဆိုချက်အရ ၂၀၁၉ ခုနှစ်တွင် အမှုတင်သွင်းခဲ့သော်လည်း တရားရုံးက ချက်ချင်းလက်မခံ။ ၂၀၂၁ နိုဝင်ဘာလောက်မှ လက်ခံသည်ဟုဆိုသည်။ ၂၀၂၁ ဒီဇင်ဘာတွင် ကိုထွန်းခင်ကိုယ်တိုင် သက်သေတင်သွင်းခဲ့ခြင်းဖြစ်သည်။ ဒီအတောအတွင်း NUG အနေနဲ့ BROUK အဖွဲ့နဲ့ မဆွေးနွေးနိုင်ခဲ့ဘူးလား။ အကျိုးအကြောင်းသင့် ရှင်းပြ၊ စည်းရုံးတာမျိုး မလုပ်နိုင်ခဲ့ဘူးလား။ ဂုဏ်သိက္ခာကို အသက်ထက်ပင် တန်ဖိုးထားသော မိမိခေါင်းဆောင်ကို တရားစွဲဆို၊ ဖမ်းဝရမ်းထုတ်ဖို့အထိ တဖက်က ပြင်ဆင်ခဲ့တာကို မတားဆီးနိုင်ခဲ့ဘူးလား။
စစ်ရေးကိစ္စများတွင် ERO ဆိုသူများနှင့် တွဲလုပ်ရသည်မို့၊ ဦးဆောင်သူတွေမှာ ယခင်က အတွေ့အကြုံ မရှိခဲ့သည်မို့ နားလည်ပေးလို့ရခဲ့သော်လည်း ယခုလို နိုင်ငံရေး၊ ဥပဒေကိစ္စများတွင်ပါ နှောင့်နှေးကြန့်ကြာနေတာကတော့ လုံးဝမဖြစ်သင့်ပေ။ လုပ်သင့်လုပ်ထိုက်သည်များကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ကြရမည်ဖြစ်သည်။
နွေဦးဇင် (သူ့အတွေး သူ့အမြင် – Op-Ed)
(ဤဆောင်းပါးသည် စာရေးသူ၏ အတွေးအမြင်သာဖြစ်ပြီး ဒီဗွီဘီ၏ အာဘော်မဟုတ်ပါ။)
Photo: Reuters