Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်များအတွက် EU က ယူရို ၆၈ သန်း ကူညီမည်
DVB
·
March 4, 2025
Photo : Reuters

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ဥရောပသမဂ္ဂ (EU) က အခုနှစ်မှာ ယူရို ၆၈ သန်း ထောက်ပံ့ကူညီသွားမယ်လို့ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရက ပြောတဲ့အကြောင်း Anadolu Agency သတင်းမှာ မတ် ၃ ရက်က ဖော်ပြပါတယ်။

အဆိုပါ ရန်ပုံငွေဟာ မြန်မာနိုင်ငံအနောက်ဘက်ခြမ်း ရခိုင်ပြည်နယ်ကနေ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးခိုလှုံလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ် အိမ်ရှင်အသိုက်အဝန်းအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီထုတ်ပြန်ချက်ဟာ ပြီးခဲ့တဲ့ မတ် ၂ ရက်က မြို့တော်ဒါကာမှာ အလည်အပတ် ရောက်ရှိနေတဲ့ EU ကော်မရှင်နာမင်းကြီး ဟက်ဒ်ဂျား လားဘစ်ဘ်နဲ့ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ ခေါင်းဆောင် မိုဟာမက်ဒ် ယူနွတ်တို့ တွေ့ဆုံအပြီးမှာ ထွက်ပေါ်လာခဲ့တာပါ။

EU ကော်မရှင်နာမင်းကြီးက အဆိုပါပမာဏဟာ ပြီးခဲ့တဲ့နှစ်က EU ရဲ့ ကနဦး ပံ့ပိုးကူညီမှုထက် ပိုမိုများပြားနေပေမဲ့ ဒုက္ခသည်စခန်းတွေထဲ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေ သိသိသာသာ ယိုယွင်းလာနိုင်တဲ့ အန္တရာယ်ကို ရှောင်ရှားနိုင်ဖို့ မလုံလောက်သေးတဲ့ အကြောင်းလည်း ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားဒုက္ခသည်စခန်းမှာတော့ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်းက မြန်မာစစ်တပ်ရဲ့ လူမျိုးတုံး သုတ်သင်ရှင်းလင်းမှုတွေကြောင့် ထွက်ပြေးခိုလှုံလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁ ဒသမ ၂ သန်းကျော်ကို လက်ခံထားတာပါ။

ဘင်္ဂလားဒေ့ရှ်အတွက် ကြီးမားတဲ့ ကိစ္စတခုလိုဖြစ်နေတဲ့ ရိုဟင်ဂျာတွေအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနဲ့ ပတ်သက်ပြီး ယူနွတ်စ်က “ဒါဟာ ဖြေရှင်းချက် တစုံတရာ မရှိဘဲ နှစ်ပေါင်းများစွာ ဆက်ဖြစ်လာနေခဲ့တာ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် လာမယ်။ ရိုဟင်ဂျာအကျပ်အတည်းကို နိုင်ငံတကာက အာရုံစိုက်ဖို့ ကျနော်တို့ ကြိုးစားနေပါတယ်” လို့ ပြောပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ ဖိနှိပ်မှုတွေကြားက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ဆွေးနွေးဖို့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လာမယ့် မတ် ၁၃ ရက်ကနေ ၁၆ ရက်အထိ သွားရောက်ဖို့ ရှိနေတာပါ။

သူ့ရဲ့ အဆိုပါခရီးစဉ်အတွင်းမှာတော့ အကျပ်အတည်းဖြေရှင်းနိုင်ရေး နည်းလမ်းရှာဖွေနိုင်ဖို့ ယူနွတ်စ်နဲ့ အရေးကြီးတွေ့ဆုံမှု ပြုလုပ်နိုင်ဖို့ မျှော်လင့်ရသလို ကော့ဇ်ဘဇားက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေဆီ သွားရောက်ပြီး ရိုဟင်ဂျာ ခေါင်းဆောင်တွေ၊ လုံခြုံရေး တာဝန်ရှိသူတွေနဲ့ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိနေတယ်လို့ ဆိုပါတယ်။ဒါ့အပြင် ရခိုင်ပြည်နယ်က ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ကုလသမဂ္ဂက ဘေးကင်းဇုန်တခု သတ်မှတ်ထားရှိပေးဖို့လည်း ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ ခေါင်းဆောင် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် မိုဟာမက် ယူနွတ်စ်က အဆိုပြုထားခဲ့ပြီး ဘေးကင်းဇုန် ထူထောင်ရေးဆိုင်ရာ ဆွေးနွေးမှုတွေကိုတော့ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ ပြောထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013