
အီရန်နိုင်ငံမှာ ကြိမ်ဒဏ်ရိုက်ခံရမှာ စိုးရိမ်တဲ့အတွက် အသင်းနဲ့အတူ လိုက်ပါလာခြင်းမရှိတာ ဆိုတဲ့ သတင်းတွေကို အီရန်အာဏာပိုင်တွေဘက်က ငြင်းဆိုသွားပါတယ်။
စီရော်နယ်ဒိုဟာ အာရှချန်ပီယံလိဂ် ရှုံးထွက် ပွဲစဉ်အဖြစ် အီရန်ကလပ် အက်စတစ်ဂလာအသင်းနဲ့ အဝေးကွင်းပွဲစဉ်အတွက် အယ်လ်နာဆာအသင်းမှာ ပါဝင်လာခြင်း မရှိခဲ့တာပါ။
အဲဒီလို ပါဝင်လာခြင်းမရှိတာက ၂၀၂၃ ခုနှစ်က အီရန် မသန်စွမ်း ပန်းချီဆရာမတယောက်နဲ့ တွေ့ဆုံမှုမှာ ပွေ့ဖက်ခဲ့တာကြောင့် အီရန်ဥပဒေအရ အိမ်ထောင်ရေးဖောက်ပြန်မှုမြောက်ပြီး ကြိမ်ဒဏ် ၉၉ ချက် ပြစ်ဒဏ်ကျခံရနိုင်ကြောင်း သတင်းတွေမှာ ဖော်ပြခဲ့ကြတာပါ။
အီရန်အာဏာပိုင်တွေဘက်ကတော့ အဲဒီသတင်းတွေကို ငြင်းဆိုခဲ့ပြီး အီရန်မှာ နိုင်ငံတကာ အားကစားသမားတယောက်ကို ဘယ်တရားရုံးကမှ အရေးယူထားတာမရှိကြောင်း၊ မသန်စွမ်း ပန်းချီဆရာမနဲ့ တွေ့ဆုံမှုဟာ လူသားချင်းစာနာမှု ဖြစ်တာကြောင့် ချီးကျူးစရာဖြစ်ကြောင်း ပြောပါတယ်။
တချို့သတင်းတွေမှာတော့ စီရော်နယ်ဒိုအနေနဲ့ အီရန်နိုင်ငံဆီ လိုက်မလာခဲ့တာက ကြွက်သားဒဏ်ရာရနေတာကြောင့် ဖြစ်တယ်လို့ ဖော်ပြခဲ့ကြပါတယ်။