
ပရီးမီးယားလိဂ်သမိုင်းတွင် လီဗာပူး တိုက်စစ်ကစားသမား မိုဆာလာထက် ပိုကောင်းတဲ့ ကစားသမား ၂ ယောက် ရှိသေးကြောင်း မန်ယူနောက်ခံလူဟောင်း ရီယိုဖာဒီနန်က ပြောသွားပါတယ်။
ဆာလာဟာ အခုနှစ် ရာသီမှာ ၂၇ ပွဲကစားအပြီး ၂၅ ဂိုးသွင်း ၁၆ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ထားတာပါ။
ဒါ့အပြင် ပရီးမီးယားလိဂ် သမိုင်းတလျှောက် လိဂ်သွင်းဂိုး ၁၈၂ ဂိုးအထိ သွင်းယူထားပြီး ဂိုးသွင်းအများဆုံးစာရင်းရဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေတာပါ။
ဆာလာဟာ ပရီးမီးယားလိဂ်သမိုင်းရဲ့ အကောင်းဆုံးကစားသမားဆိုတဲ့ သုံးသပ်မှုတွေကို ရီယိုဖာဒီနန်က လက်မခံကြောင်း ပြောခဲ့ပြီး ဆာလာထက် ပိုကောင်းတဲ့ ကစားသမား ၂ ယောက် ကျန်သေးကြောင်း သုံးသပ်ခဲ့တာပါ။
အဲဒီကစားသမားတွေက အာဆင်နယ်တိုက်စစ်မှူးဟောင်း သီယာရီအွန်နရီနဲ့ မန်ယူတိုက်စစ်မှူးဟောင်း စီရော်နယ်ဒိုတို့ ဖြစ်တယ်လို့ ဖာဒီနန်က ပြောပါတယ်။
ဖာဒီနန်နဲ့အတူ တွဲဖက်သုံးသပ်ခဲ့တဲ့ ပီတာခရော့ကတော့ ဂိုးအရေအတွက်ပိုများတဲ့ ဆာလာကို အကောင်းဆုံးကစားသမား ၃ ယောက် စာရင်းမှာ ထည့်သွင်းနိုင်ပေမဲ့ စိတ်လူပ်ရှားမှု ပေးနိုင်စွမ်းမှာတော့ အွန်နရီလောက် မကောင်းကြောင်း သုံးသပ်သွားပါတယ်။