Home
အားကစား
ပြီးပြည့်စုံသည့် ကစားသမားဖြစ်ဟု စီရော်နယ်ဒိုပြော 
DVB
·
February 12, 2025
Photo : Reuters

ခရစ္စတီယာနိုရော်နယ်ဒိုက သူဟာ ပြီးပြည့်စုံတဲ့ ကစားသမားတယောက် ဖြစ်တဲ့အကြောင်းနဲ့  ကမ္ဘာ့ဖလားရဖို့ လိုသေးတယ်လို့ သူ့ကို ပြောနေကြတာတွေက မမျှတဘူးလို့ ထင်တဲ့အကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ပေါ်တူဂီအသင်းခေါင်းဆောင်နဲ့ အယ်နာဆာတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက သူ့ရဲ့ အသက် ၄၀ ပြည့်ချိန် စပိန်ရုပ်သံတခုနဲ့ အင်တာဗျူးမှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

သူဟာ သက်ရှိဘောလုံးသမားတွေထဲမှာ ပြီးပြည့်စုံမှုအရှိဆုံး ကစားသမားဖြစ်ပြီး ဘောလုံးမှာ ရှိသမျှအရာတိုင်း အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ပြီလို့ စီရော်နယ်ဒိုက ပြောပါတယ်။

“မက်ဆီ၊ ပီလီ၊ မာရာဒိုနာ တို့ကို ကြိုက်နှစ်သက်သူတွေ အပေါ်မှာလည်း ကျနော် နားလည်လက်ခံပြီး လေးစားမှုရှိပါတယ်။ ဒါပေမဲ့ ရော်နယ်ဒိုက ပြီးပြည့်စုံတဲ့ ကစားသမား မဟုတ်ဘူး ဆိုတာကတော့ မဟုတ်မှန်ပါဘူး။ ကျနော်က ပြီးပြည့်စုံတဲ့ကစားသမားပါ။ ကျနော့်ထက်ပိုကောင်းတဲ့ ကစားသမား မမြင်ဖူးသေးပါဘူး။ ဒါက ကျနော့်နှလုံးသားထဲကလာတဲ့ စကားပါ” လို့ စီရော်နယ်ဒိုက ပြောပါတယ်။

အရာရာတိုင်းကို မဆုတ်မနစ်သော ဇွဲနဘဲနဲ့ စနစ်တကျ လုပ်ကိုင်လေ့ရှိတဲ့ ကစားသမားဆိုရင် ရော်နယ်ဒိုက စံပြကစားသမားတယောက် ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းမှာ ကစားခဲ့စဉ်အချိန် အင်တာဗျူးတခုမှာ ကမ္ဘာ့အကောင်းဆုံးကစားသမားက ဘယ်သူလဲဆိုတဲ့ မေးခွန်းကို “ငါ ကိုယ်တိုင်ပဲ” လို့ ရဲရဲဝင့်ဝင့် ဖြေကြားခဲ့တာက ခရစ္စတီယာနို ရော်နယ်ဒိုပါပဲ။

ကမ္ဘာ့အကောင်းဆုံးကစားသမား ဆိုတာကိုလည်း ပရီးမီးယားလိဂ်၊ လာလီဂါ၊ စီးရီးအေ စတဲ့ မတူညီတဲ့ လိဂ် ၃ လိဂ်မှာ အောင်မြင်မှုတွေ ရယူပြီး သက်သေပြထားပြီးပါပြီ။

မြန်နှုန်းမြင့်ကစားနိုင်မှုတွေ၊ အံ့ဩဖွယ် ဂိုးသွင်းယူနိုင်မှုတွေ၊ ပွဲချိန်ပြည့် မနားတမ်းကစားပြီး အသင်းကို မောင်းနှင်နိုင်တာတွေက ကလပ်အသင်းမှာရော နိုင်ငံအသင်းမှာပါ ရော်နယ်ဒိုရဲ့ပုံစံကို မြင်တွေ့ရမှာပါ။

ကမ္ဘာ့အကောင်းဆုံးကစားသမားတွေဟာ အသက် ၃၀ ကျော်အရွယ်မှာ ကစားအားနဲ့ ကြံ့ခိုင်မှုပိုင်း ကျဆင်းလာလေ့ရှိပေမဲ့ ဒီအချက်တွေက ရော်နယ်ဒိုအတွက်တော့ အမှန်မဟုတ်ခဲ့ဘူး။

အသက် ၃၅ နှစ်ပြည့်ပြီးနောက် ဘောလုံးကစားရတာက လက်ဆောင်တခု ဖြစ်ပါတယ်လို့ ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုက အသက် ၄၀ မပြည့်မီ ၁ ရက်အလိုမှာ ပြောပါတယ်။

ရော်နယ်ဒိုက ဘယ်အရွယ်အထိ ဘောလုံးကစားနိုင်မလဲဆိုတာ သတ်မှတ်တာမျိုးလည်း မရှိဘူးလို့ ပြောခဲ့ပါတယ်။

ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ ဆော်ဒီကလပ် အယ်နာဆာအသင်းမှာ ကစားနေသူဖြစ်ပြီး ဖေဖော်ဝါရီ ၅ ရက်က အသက် ၄၀ ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ကစားသမားဘဝ အဆုံးသတ်ချိန် နီးကပ်လာပေမဲ့ ရော်နယ်ဒိုကတော့ ကွင်းထဲမှာ ကစားဖို့ ဆက်ပြီး ဆန္ဒပြင်းပြနေတုန်းပါပဲ။

ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းနဲ့အတူ ကမ္ဘာ့ဖလား မရဘူးတာကြောင့် ဒီအချက်က သူ့အတွက် ကြီးမားတဲ့ ကွက်လပ်တခုဖြစ်နေပေမဲ့ ၂၀၁၆ ခုနှစ်က ဥရောပဖလား ရရှိမှုနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ခရစ္စတီယာနို ရော်နယ်ဒိုက “အရိုးသားဆုံးပြောရရင် ကျနော် အောင်မြင်မှုအချို့ လွဲခဲ့တယ်လို့ မထင်ပါဘူး။ ယူရို ၂၀၁၆ ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တာက လက်ရွေးစင်အသင်းနဲ့ အောင်မြင်မှုရချင်တဲ့ ကျနော့်အိပ်မက်တွေ အကောင်အထည်ပေါ်လာတာပါ။ ပြီးတော့ ကျနော် ကမ္ဘာ့ဖလားရဖို့ လိုအပ်တယ်လို့ ပြောနေကြတာတွေက မမျှတဘူးလို့ ထင်တယ်။ ကွင်းအတွင်းနဲ့ ကွင်းအပြင်မှာ ကျနော်ရခဲ့တဲ့ အောင်မြင်မှုတွေအတွက် ‌တကယ်ပျော်ပါတယ်” လို့ ကမ္ဘာ့ဖလားမရတာနဲ့ ပတ်သက်တဲ့ ပြောဆိုနေမှုတွေကို ရော်နယ်ဒိုက အခုလို ဖြေကြားခဲ့ပါတယ်။

ကွင်းပြင်ပမှာလည်း ရော်နယ်ဒိုဟာ တခြားနယ်ပယ်တွေမှာ ထင်ရှားနေတဲ့သူတွေကိုပါ ကျော်တက်ခဲ့တာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့နှစ်ကပဲ Youtube Channel တခု တည်ထောင်ခဲ့ပြီး အချိန်တခဏအတွင်းမှာပဲ Subscriber ၁ သန်းကျော်ခဲ့ပါတယ်။ TV ချန်နယ်၊ ဟိုတယ်၊ ဆံပင်စိုက်ဆေးခန်း၊ အားကစားပစ္စည်း ထုတ်လုပ်ရေးနဲ့ အတွင်းခံထုတ်လုပ်ရေး ကုမ္ပဏီတွေလည်း တည်ထောင်ထားတဲ့ စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း လုပ်ငန်း ၂၁ ခုအထိ ရှယ်ယာဝင်ခဲ့ပါတယ်။

ဒါ့အပြင် ကစားသမားဘဝ အဆုံးမသတ်ခင်မှာ စံချိန်မှတ်တမ်းသစ်တွေကိုလည်း စိုက်ထူသွားဖို့ ရည်မှန်းချက် ထားနေပါတယ်။ နံပါတ်တစ် ရည်မှန်းချက်က ၂၀၂၆ ကမ္ဘာ့ဖလားမှာ ဆက်လက် ပါဝင်ကစားဖို့ဖြစ်ပြီး ကမ္ဘာ့ချန်ပီယံဆုဖလားကို ပေါ်တူဂီဆီ သယ်ဆောင်လာခွင့်ရဖို့ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာသာ ပါဝင်ယှဉ်ပြိုင်ခွင့်ရမယ်ဆိုရင် သူ့ရဲ့ ကစားသမားဘဝမှာ ၆ ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲ ကစားခွင့်ရမှာ ဖြစ်ပါတယ်။

နောက်ထပ်ရည်မှန်းချက်တခုက ကစားသမားဘဝ စုစုပေါင်းသွင်းဂိုး ၁,၀၀၀ ပြည့်မြောက်ရေး ဖြစ်ပြီး လက်ရှိအချိန်အထိ ၉၂၃ ဂိုး သွင်းထားပြီးဖြစ်ပါတယ်။

ပေါ်တူဂီအသင်းနဲ့အတူ ပွဲပေါင်း ၂၅၀ ပြည့်မြောက်ပြီး စံချိန်သစ်ထပ်တင်နိုင်ဖို့ကလည်း ကစားသမားဘဝ မကုန်ဆုံးခင်မှာ ဖြစ်မြောက်ချင်တဲ့ စီရော်နယ်ဒိုရဲ့ အိပ်မက်တခု ဖြစ်ပါတယ်။

နောက်ဆုံးဆန္ဒတခုကတော့ အယ်နာဆာ လူငယ်အသင်းမှာ ပါဝင်ကစားနေတဲ့ အသက် ၁၄ နှစ်အရွယ် သားဖြစ်သူ ရော်နယ်ဒိုဂျူနီယာနဲ့အတူ တသင်းတည်းမှာ အတူတွဲဖက်ကစားနိုင်ရေး ဖြစ်ပါတယ်။

ဘောလုံးအပေါ်ထားတဲ့ ရည်မှန်းချက်တွေအပြင် စီးပွားရေးအင်ပါယာ ချဲ့ထွင်သွားဖို့အထိပါ လုပ်ဆောင်နေတဲ့ စီရော်နယ်ဒိုဟာ အသက် ၄၀ ရောက်တဲ့အထိ ရည်မှန်းချက်တွေ ကြိုးစားမှုတွေ လုံးဝ ရပ်တန့်မသွားတာ တွေ့ရမှာပါ။

Photos : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013