Home
ဆောင်းပါး
အသက် ၄၀ ပြည့်သွားပြီဖြစ်တဲ့ မဆုတ်မနစ်ကြိုးစားမှုရဲ့ ပြယုဂ်လူသား စီရော်နယ်ဒို 
DVB
·
February 5, 2025
Ronaldo
Ronaldo

“ဟေး ဒေါက်တာ၊ အာဟာရပိုင်းနဲ့ ပတ်သက်ပြီး သိပ္ပံနည်းကျ လေ့လာထားတဲ့ ဆောင်းပါးအသစ် လေးတွေ တွေ့ရင် လက်တို့ပါဦး” ဆိုတဲ့စကားက ပေါ်တူဂီလက်ရွေးစင်အသင်းရဲ့ ဆရာဝန် ယိုဆေးကားလို့စ်နိုရွန်ဟာကို စီရော်နယ်ဒို အမြဲပြောနေကျစကားပါ။ 

စာဖတ်ခြင်းနဲ့ အသက်ရှည်စွာ နေထိုင်ခြင်းလို ဘာသာရပ်တွေမှာလဲ စိတ်ဝင်စားကြောင်း ဝန်ခံထားတဲ့ စီရော်နယ်ဒိုနဲ့ ဒေါက်တာ နိုရွန်ဟာတို့က သိကျွမ်းလာကြတာကြာပါပြီ။

စီရော်နယ်ဒိုကို အသက် ၁၈ နှစ်အရွယ် မန်ယူအသင်းဆီကို ပြောင်းရွှေ့စဉ်ကတည်းက သိကျွမ်းလာခဲ့ကြသူတွေဖြစ်ပြီး စီရော်နယ်ဒို သိချင်တဲ့ သိပ္ပံဆိုင်ရာ ဆောင်းပါးတွေကို ဒေါက်တာ နိုရွန်ဟာက မကြာခဏ ရှာဖွေပေးရတတ်ပါတယ်။  

“အာဟာရပိုင်း ဆိုင်ရာနဲ့ တခြားစပ်ဆက်တဲ့ သိပ္ပံနည်းကျဆောင်းပါးတွေကို စီရော်နယ်ဒိုက မကြာခဏ  မေးမြန်းတတ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာနဲ့ ကြံ့ခိုင်မှုပိုင်းတွေကို အမြင့်မားဆုံးအဆင့်မှာ ဆက်ပြီးထိန်းသိမ်းထားချင်တဲ့ စီရော်နယ်ဒိုဟာ အားလုံးအတွက် စစ်မှန်တဲ့ စံပြပုဂ္ဂိုလ်ပါပဲ” လို့ ဒေါက်တာ နိုရွန်ဟာက ပြောပါတယ်။  

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၅ရ က်နေ့မှာတော့ စီရော်နယ်ဒိုတယောက် ထိပ်စီးပြောင်းသွားပြီး အသက် ၄၀ တင်းတင်းပြည့်သွားပါပြီ။ ဘောလုံးသမားတယောက်အတွက် အသက် ၄၀ ဆိုတာ ကြီးမားတဲ့ အသက်အရွယ်ကို ရောက်ရှိလာတာဖြစ်ပေမဲ့ စီရော်နယ်ဒိုကတော့ အသက် ၄၀ မှ ဘဝစတင်တော့မဲ့အတိုင်း သူ့ကိုယ်သူ အကောင်းဆုံးကစာသမားအဖြစ် ယုံကြည်ထားဆဲဖြစ်တယ်။ 

စပိန်ရုပ်သံတခုနဲ့ အင်တာဗျူးမှာ သူဟာ သက်ရှိဘောလုံးသမားတွေထဲမှာ ပြီးပြည့်စုံမှု အရှိဆုံးကစားသမားဖြစ်ပြီး ဘောလုံးမှာ ရှိသမျှအရာတိုင်း အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ပြီလို့ စီရော်နယ်ဒိုက ပြောပါတယ်။ 

“မက်ဆီ၊ ပီလီ၊ မာရာဒိုနာ တို့ကို ကြိုက်နှစ်သက်သူတွေအပေါ်မှာလည်း ကျနော် နားလည်လက်ခံပြီး လေးစားမူရှိပါတယ်။ ဒါပေမဲ့ ရော်နယ်ဒိုက ပြီးပြည့်စုံတဲ့ ကစားသမားမဟုတ်ဘူးဆိုတာကတော့ မဟုတ်မှန်ပါဘူး။ ကျနော်က ပြီးပြည့်စုံတဲ့ကစားသမားပါ။ ကျနော့်ထက်ပိုကောင်းတဲ့ ကစားသမား မမြင်ဖူးသေးပါဘူး။ ဒါက ကျနော့်နှလုံးသားထဲကလာတဲ့စကားပါ” လို့ စီရော်နယ်ဒိုက ပြော ပါတယ်။  

စီရော်နယ်ဒိုဟာ အသက် ၄၀ ရှိလာသည့်တိုင် ကစားသမားဘဝကနေ အနားယူဖို့တော့ မစဉ်းစားသေးပါဘူး။ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းနဲ့ စာချုပ်သက်တမ်းတိုးတော့မှာဖြစ်ပြီး အသင်းရဲ့ ရှယ်ယာတချို့ကိုတောင်ဝယ်ယူပြီး ပူးတွဲပိုင်ရှင်တယောက် ဖြစ်လာဖို့လည်းရှိပါတယ်။ 

“ကျနော့်အသက်က ငယ်သေးတဲ့အတွက် အနာဂတ်အစီအစဉ်တွေနဲ့ အိပ်မက်တွေက အများကြီး စောင့်ကြိုနေပါတယ်။ ထိပ်တန်းအသင်းကြီး တသင်းရဲ့ ပိုင်ရှင်ဖြစ်လာမှာကလဲ သေချာပါတယ်” လို့ Globe Soccer Aard အခမ်းအနားမှာ စီရော်နယ်ဒိုက ပြောခဲ့တယ်။ 

စီရော်နယ်ဒိုဟာ ဘောလုံးသမားဘဝကနေ အနားယူပြီးရင်လည်း စီးပွားရေးနယ်ပယ်မှာ အခြေချဖို့ စတင်လုပ်ဆောင်ထားပြီးဖြစ်တယ်။ 

ပြီးခဲ့တဲ့နှစ်ကပဲ Yutube Channel တခုတည်ထောင်ခဲ့ပြီး အချိန်တခဏအတွင်းမှာပဲ Subscriber ၁ သန်းကျော်သွားပါတယ်။ TV ချန်နယ်၊ ဟိုတယ်၊ ဆံပင်စိုက်ဆေးခန်း၊ အားကစားပစ္စည်းထုတ်လုပ်ရေးနဲ့ အတွင်းခံထုတ်လုပ်ရေး ကုမ္ပဏီတွေလည်း တည်ထောင်ထားတဲ့ စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း လုပ်ငန်း ၂၁ ခုအထိ ရှယ်ယာဝင်ခဲ့တယ်လို့ သိရတယ်။ ဒါ့အပြင် ကစားသမားဘဝအဆုံးမသတ်ခင်မှာ စံချိန်မှတ်တမ်းသစ်တွေကိုလည်း စိုက်ထူသွားဖို့ ရည်မှန်ချက်ထားနေပါတယ်။

နံပါတ်တစ်ရည်မှန်းချက်က ၂၀၂၆ ကမ္ဘာ့ဖလားမှာ ဆက်လက်ပါဝင်ကစားဖို့ဖြစ်ပြီး ကမ္ဘာ့ချန်ပီယံဆုဖလားကို ပေါ်တူဂီဆီ သယ်ဆောင်လာခွင့်ရဖို့ဖြစ်တယ်။ နောက်ထပ်ရည်မှန်းချက် တခုက ကစားသမားဘဝ စုစုပေါင်းသွင်းဂိုး ၁၀၀၀ ပြည့်မြောက်ရေးဖြစ်ပြီး လက်ရှိအချိန်အထိ ၉၂၃ ဂိုးသွင်းထားပြီးဖြစ်တယ်။ ပေါ်တူဂီအသင်းနဲ့အတူ ပွဲပေါင်း ၂၅၀ ပြည့်မြောက်ပြီး စံချိန်သစ်ထပ်တင် နိုင်ဖို့ကလည်း ကစားသမားဘဝမကုန်ဆုံးခင်မှာ  ဖြစ်မြောက်ချင်တဲ့ စီရော်နယ်ဒိုရဲ့ အိပ်မက်တခုဖြစ် ပါတယ်။

နောက်ဆုံးဆန္ဒတခုကတော့ အသက် ၁၄ နှစ်ရှိပြီဖြစ်တဲ့ သားဖြစ်သူ ရော်နယ်ဒိုဂျူနီယာနဲ့အတူ တသင်းထဲမှာ အတူတွဲဖက်ကစားနိုင်ရေးဖြစ်တယ်။ သားဖြစ်သူဟာ အယ်လ်နာဆာ လူငယ် အသင်းမှာ ပါဝင်ကစားနေပါတယ်။ ဘောလုံးအပေါ်ထားတဲ့ ရည်မှန်းချက်တွေအပြင် စီးပွားရေးအင်ပါယာ ချဲ့ထွင်သွားဖို့အထိပါ လုပ်ဆောင်နေတဲ့ စီရော်နယ်ဒိုဟာ အသက် ၄၀ ရောက်တဲ့အထိ ရည်မှန်းချက်တွေ ရပ်တန့်မနေတာ တွေ့မြင်ရမှာပါ။

စီရော်နယ်ဒိုဟာ အခမ်းနားဆုံး၊ အကြီးကျယ်ဆုံးကစားသမားဆိုတဲ့အပေါ်မှာတော့ အမြင်တူကြမှာမဟုတ်လို့ လူတိုင်းကွဲလွဲခွင့်ရှိပါတယ်။ အရာရာအတိုင်းကို မဆုတ်မနစ်သော၊ ဇွဲနဘဲနဲ့ စနစ်တကျလုပ်ကိုင်လေ့ရှိတဲ့ စီရော်နယ်ဒိုဟာ အားလုံးအတွက်အတုယူစရာ စံပြပုဂ္ဂိုလ်တဦး   ဆိုတာကတော့ အားလုံးသဘောတူကြမယ်လို့ထင်တယ်။ မဆုတ်မနစ်ကြိုးစားမှုရဲ့ ပြယုဂ်လူသား လို့ ညွှန်းဆိုနိုင်တဲ့ စီရော်နယ်ဒိုတယောက် ဖေဖော်ဝါရီ ၅ ရက်မှာကျရောက်တဲ့ သူ့ရဲ့ အသက် ၄၀ ပြည့်မွေးနေ့မှာ အနာဂတ် ရည်မှန်းချက်တွေ ဆက်လက် ပြည့်မြောက်ပါစေကြောင်း  မွေးနေ့ ဆုတောင်စကားဆိုလိုက်ချင်ပါတယ်။ 

DVB

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013