
ကမ္ဘာကျော်ဘောလုံးသမား ခရစ္စတီယာနိုရော်နယ်ဒို ပုံတူကြေးရုပ်ကို ဖေဖော်ဝါရီ ၅ ရက်က အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့ တိုင်းစကွဲမှာ ပြသခဲ့ပါတယ်။
ဖေဖော်ဝါရီ ၅ ရက်ဟာ ရော်နယ်ဒိုရဲ့ အသက် ၄၀ ပြည့် မွေးနေ့ဖြစ်ပြီး ပရိသတ်တွေက တိုင်းစကွဲမှာ ဂုဏ်ပြုခဲ့တာပါ။
အဲဒီကြေးရုပ်ဟာ ၁၂ ပေအမြင့်ရှိပြီး ကြေးရုပ်ကို ပန်းပုဆရာ ဆာဂျီယိုဖာနာရီက ဖန်တီးဂုဏ်ပြုထားတာ ဖြစ်ပါတယ်။
“ဒီနေရာကိုရောက်ဖို့ ၁ နာရီကြာ ရထားစီးလာခဲ့ရပါတယ်။ ဒီမှာ တညလုံးနေမှာပါ။ ရော်နယ်ဒိုက အချိန်တိုင်းအတွက် အကောင်းဆုံး GOAT တယောက်ပါ။ သူဟာ ပြေးခုန်ပစ်ကစားနည်းတွေမှာ အကောင်းဆုံးဖြစ်သလို အချိန်တိုင်းအတွက် အကောင်းဆုံး လူသားတယောက်လည်း ဖြစ်ပါတယ်” လို့ အိုဂျာဒင်ဒီရယ်က ပြောပါတယ်။
ရော်နယ်ဒိုရဲ့ကြေးရုပ်ကို ဘယ်မှာထားရမလဲဆိုတာ မသတ်မှတ်ရသေးတာကြောင့် ဖေဖော်ဝါရီ ၅ ရက်မှာ ဂျစ်ကားနဲ့ သယ်ဆောင်ပြီး ပရိသတ်တွေကြားမှာ ပြသခဲ့တာဖြစ်ပါတယ်။
ကြေးရုပ်ဖန်တီးတဲ့ ဖာနာရီဟာ ရော်နယ်ဒို ဂိုးသွင်းပြီး အောင်ပွဲခံတဲ့ “Siuuu!” ဆိုတဲ့ ရေပန်းစားတဲ့ စကားလုံးနဲ့ပတ်သက်ပြီး ကမ္ဘာပေါ်မှာ တပြိုင်နက်အော်ပြီး အားပေးမှုအများဆုံး စကားလုံးအဖြစ် ကမ္ဘာ့စံချိန် ဂင်းနစ်မှတ်တမ်းဝင်ဖို့ မျှော်လင့်နေပါတယ်။
ဖာနာရီက “ဒီအချိန်မှာ လူတယောက်အတွက် ကြီးကျယ်တဲ့ အခိုက်အတန့် ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ထရမ့်ပ် ရုပ်တုလား၊ အီလွန်မတ်စ်ခ်ရဲ့ ရုပ်တုလား၊ မဟုတ်ပါဘူး။ သူတို့ ၂ ယောက်လုံးကို ကျနော် ချစ်ပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာ ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ရုပ်တုက အကောင်းဆုံးပါ” လို့ ပြောပါတယ်။
ဖာနာရီက ရော်နယ်ဒိုပုံတူ ကြေးရုပ်နဲ့ ကမ္ဘာပတ်ဖို့ ဆန္ဒရှိနေပါတယ်။
Source : Reuters