
အီရန်နိုင်ငံ အနှံ့အပြားမှာ သတင်းအချက်အလက်တွေကို စုဆောင်းခဲ့ကြောင်း စွပ်စွဲခံရပြီး ဖမ်းဆီးခံထားရတဲ့ ဗြိတိန်နိုင်ငံသား ၂ ယောက်ကို သူလျှိုလုပ်မှုနဲ့ တရားစွဲဆိုထားကြောင်း အီရန်တရားစီရင်ရေးဌာနရဲ့ မီဇန်သတင်းဌာနက ဖေဖော်ဝါရီ ၁၈ ရက်မှာ ဖော်ပြခဲ့ပါတယ်။
သူတို့ ၂ ယောက်ဟာ ထောက်လှမ်းရေးဌာနတွေနဲ့ အချိတ်အဆက်ရှိနေပြီး စွပ်စွဲခံထားရမှုတွေအပေါ် စုံစမ်းစစ်ဆေးရေးတွေ ဆက်လက်လုပ်ဆောင်နေကြောင်း တရားရေးအရာရှိတယောက်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး မီဇန်သတင်းဌာနက ဆိုပါတယ်။
အဖမ်းခံထားရသူတွေဟာ ခရီးသွားတွေအဖြစ် နိုင်ငံတွင်းကို ဝင်ရောက်လာပြီး နိုင်ငံရဲ့ ပြည်နယ် အတော်များများမှာ အချက်အလက်တွေကို စုဆောင်းခဲ့ပါတယ်လို့ မီဇန်သတင်းဌာနက ပြောကြားခဲ့ပြီး အသေးစိတ် အချက်အလက်တွေတော့ မဖော်ပြထားပါဘူး။
ဗြိတိန်နိုင်ငံခြားရေးရုံးက သူတို့ ၂ ယောက်ကို ခရေ့ဂ်နဲ့ လင်းဆေးဖိုးမန်းလို့ အမည်ပေးထားပါတယ်။
သူတို့ ၂ ယောက်ရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံစွာ အိမ်ပြန်လာနိုင်ရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်နေကြောင်း သူတို့ရဲ့မိသားစုက ဖေဖော်ဝါရီ ၁၅ ရက်မှာ ပြောကြားခဲ့ပါတယ်။
လင်းဆေးဖိုးမန်းက မော်တော်ဆိုင်ကယ်ပေါ်မှ စုံတွဲဓာတ်ပုံကို “ကျမတို့ အီရန်မှာရောက်နေတယ်” ဆိုတဲ့ စာသားနဲ့အတူ ဆိုရှယ်မီဒီယာမှာ တင်ထားပါတယ်။ ဗြိတိန်မီဒီယာတွေကတော့ သူတို့ဟာ လက်ထပ်ထားတဲ့စုံတွဲဖြစ်ကြောင်း ပြောထားပါတယ်။
လတ်တလောနှစ်တွေမှာ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့တွေဟာ ဒါဇင်နဲ့ချီတဲ့ နိုင်ငံခြားသားတွေနဲ့ ၂ နိုင်ငံသား ခံယူထားသူတွေကို ဖမ်းဆီးခဲ့ပြီး အများစုမှာ သူလျှိုမှုနဲ့ လုံခြုံရေးဆိုင်ရာ စွဲချက်တွေနဲ့ ဖမ်းခဲ့တာ ဖြစ်ပါတယ်။
လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အနောက်နိုင်ငံတချို့ကတော့ အီရန်နိုင်ငံဟာ လုပ်ကြံဖန်တီးထားတဲ့ လုံခြုံရေးစွဲဆိုချက်တွေနဲ့ ဖမ်းဆီးပြီးတော့ တခြားနိုင်ငံတွေနဲ့ အပေးအယူလုပ်ဖို့ ကြိုးစားနေတာလို့ စွပ်စွဲထားပြီး တီဟီရန်ကတော့ အဲဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
Source : Reuters