
အစ္စရေးက အီရန် နျူးကလီးယားစီမံကိန်းကို ၂၀၂၅ နှစ်လယ်လောက်မှာ လက်ဦးမှုယူ တိုက်ခိုက်နိုင်ခြေ ရှိတယ်လို့ အမေရိကန် ထောက်လှမ်းရေးအစီရင်ခံစာတွေကို ကိုးကားပြီး ဝါရှင်တန်ပို့စ် သတင်းစာက ဖော်ပြပါတယ်။
ဒီလိုတိုက်ခိုက်မှုဟာ အီရန် နျူးကလီးယားစီမံကိန်းကို ရက်လချီ နောက်ရောက်သွားစေနိုင်ပေမဲ့ ဒေသတွင်းတင်းမာမှု ပိုမြင့်တက်လာနိုင်ပြီး ကျယ်ပြန့်တဲ့ ပဋိပက္ခကြီး ဖြစ်လာနိုင်တယ်လို့ အစီရင်ခံစာတွေမှာ သုံးသပ်ထားပါတယ်။
ဒီထောက်လှမ်းရေးအစီရင်ခံစာတွေဟာ ဘိုင်ဒင်အစိုးရ သက်တမ်းကုန်ဆုံးပြီး ထရမ့်ပ်အစိုးရ သက်တမ်းစတင်ချိန်မှာ တင်ပြခဲ့တာဖြစ်တယ်လို့ သတင်းစာမှာ ဖွင့်ချထားပါတယ်။
ဝါရှင်တန်ပို့စ်ကရော ရိုက်တာသတင်းဌာနကပါ ဒီသတင်းနဲ့ပတ်သက်ပြီး အိမ်ဖြူတော်၊ အစ္စရေး၊ စီအိုင်အေ၊ စစ်ထောက်လှမ်းရေးအေဂျင်စီ၊ အမျိုးသားထောက်လှမ်းရေးအေဂျင်စီတွေကို ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေဆိုခြင်း မရှိပါဘူး။
ဒါပေမဲ့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဘရိုင်ယန်ဟုဂျ်ကတော့ အီရန်မှာ အဏုမြူလက်နက် ရှိလာမှာကို သမ္မတထရမ့်ပ်က ခွင့်ပြုမှာမဟုတ်ဘူးလို့ ဝါရှင်တန်ပို့စ်ကို ဖြေကြားခဲ့ပါတယ်။
ထရမ့်ပ်ဟာ အီရန်အစိုးရနဲ့ ညှိနှိုင်းအဖြေရှာရေး လိုလားပေမဲ့ အီရန်ဘက်က ညှိဖို့ ဆန္ဒမရှိဘူး ဆိုရင်တော့ တသက်လုံး စောင့်ပေးနေမှာမဟုတ်ဘူးလို့ ဟုဂျ်က ပြောပါတယ်။
တွေ့ရှိရတဲ့ အစီရင်ခံစာတွေထဲမှာ အကျယ်ပြန့်ဆုံးကတော့ ဇန်နဝါရီလ အစောပိုင်းမှာ ထွက်ရှိတဲ့ စစ်ဦးစီးချုပ်များအဖွဲ့ရဲ့ ထောက်လှမ်းရေးဌာနနဲ့ စစ်ထောက်လှမ်းရေးအေဂျင်စီက ထုတ်တဲ့ အစီရင်ခံစာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အဲဒီမှာဆိုရင် အစ္စရေးက အီရန်ရဲ့ ဖော်ဒေါင်းနဲ့ နာတန့်ဇ် နျူးကလီးယားစက်ရုံတွေကို တိုက်ခိုက်နိုင်တယ်လို့ နေရာပါ အတိအကျ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက အီရန်ကို အစ္စရေးက ဗုံးကြဲခဲ့အပြီးမှာ အီရန်ရဲ့ လေကြောင်းရန်ကာကွယ်ရေး အားနည်းသွားပြီဖြစ်တဲ့အတွက် နောက်ဆက်တွဲ တိုက်ခိုက်ရ လွယ်သွားမယ်လို့ အစ္စရေးက သုံးသပ်ထားတယ်လို့ပါ ထေက်လှမ်းရေးတာဝန်ရှိသူတွေက ဆိုပါတယ်။
ထရမ့်ပ်ကတော့ ဖောက်စ်နယူးနဲ့ အင်တာဗျူးမှာ “အစ္စရေးဟာ ကျုပ်တို့ခွင့်ပြုချက်နဲ့ ဗုံးသွားကြဲတော့မယ်လို့ လူတိုင်းက ထင်ကြမှာပါ။ ကျုပ်ကတော့ အဲဒီလို မဖြစ်စေချင်ပါဘူး” လို့ ပြောကြားခဲ့ပြီး ညှိဖို့လိုလားကြောင်း မှတ်ချက်ပေးထားပါတယ်။
Source : Reuters