
ဂါဇာကမ်းမြောင်မှာ ဖြစ်နိုင်ခြေရှိတဲ့ အခြေအနေတရပ်အတွက် ပြင်ဆင်ထားဖို့ အစ္စရေးစစ်တပ်က တုံ့ပြန် ကြေညာလိုက်ပါတယ်။
စနေနေ့မှာ ဓားစာခံတွေကို လွှဲပြောင်းပေးမယ့် အစီအစဉ်ကို နောက်ထပ် အသိပေးချက် မထုတ်မချင်း ရွှေ့ဆိုင်းထားမယ်လို့ ဟားမတ်စ်က တနင်္လာနေ့မှာ ကြေညာခဲ့တာပါ။
ဟားမတ်စ်ရဲ့ ကြေညာချက်ဟာ ဂါဇာကမ်းမြောင် အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံတွေ လွတ်မြောက်ရေး သဘောတူညီချက်ကို လုံးဝချိုးဖောက်တယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေး ကတ်ဇ်က ပြောဆို ရှုတ်ချခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ ဖြစ်နိုင်ခြေရှိတဲ့ အခြေအနေတွေအတွက် အမြင့်ဆုံးအဆင့်မှာ အသင့်ပြင်ဆင်ထားဖို့နဲ့ နယ်မြေအနီးဝန်းကျင်က အသိုင်းအဝိုင်းတွေကို ခုခံကာကွယ်ဖို့ အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ကို အမိန့်ပေးခဲ့တယ်လို့ ကတ်ဇ်က ပြောပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကလည်း ဝန်ကြီးတွေ၊ လုံခြုံရေးအရာရှိတွေနဲ့ တွေ့ပြီး အခြေအနေကို အကဲဖြတ်ဖို့ စီစဉ်နေတယ်လို့ အစ္စရေးဝန်ကြီးချုပ်ရုံးကို ကိုးကားပြီး Ynet သတင်းဆိုက်က ဖော်ပြပါတယ်။
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ပါ စည်းမျဥ်းစည်းကမ်းတွေကို လိုက်နာဖို့ ပျက်ကွက်မှုတွေထဲမှာ ဂါဇာမြောက်ပိုင်းကို စစ်ဘေးဒုက္ခသည်တွေ ပြန်လာဖို့ နှောင့်နှေးတာနဲ့ သူတို့ကို ပစ်မှတ်ထား ပစ်ခတ်တာတွေအပြင် သဘောတူထားတဲ့အတိုင်း ကယ်ဆယ်ရေးပစ္စည်းတွေကို ပုံစံအမျိုးမျိုးနဲ့ သယ်လာတာ မရှိဘူးလို့ ကြေညာချက်ထဲမှာ ဟားမတ်စ်တွေက ထည့်သွင်း ပြောထားပါတယ်။
ဒါကြောင့် နောက်ထပ် သတိပေးချက် မရမချင်း အစ္စရေးက သဘောတူညီချက်ကို လိုက်နာကြောင်း သေချာစေဖို့နဲ့ လွန်ခဲ့တဲ့ သီတင်းပတ်တွေအတွက် နောက်ကြောင်းပြန် လျော်ကြေးပေးတဲ့ အချိန်အထိ ဓားစာခံတွေ လွှဲပြောင်းပေးအပ်မှုကို ရွှေ့ဆိုင်းသွားမယ်လို့ ဟားမတ်စ်အဖွဲ့ ပြောခွင့်ရက ပြောပါတယ်။
“သူတို့က အလုပ်အကိုင်အပေါ် ကတိကဝတ် ပြုထားသရွေ့ ကျနော်တို့ရဲ့ ကတိကဝတ်ကို တည်ပါတယ်” လို့ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။
Source : Reuters