
ဂါဇာကမ်းမြောင်ကို လက်လွှဲယူပြီး ပြန်လည်ထူထောင်မယ့် အစီအစဉ်မှာ ပါလက်စတိုင်းပြည်သူ ၂ သန်းကျော်ဟာ ဂါဇာကို ပြန်လာခွင့်ရှိမှာမဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံတွေမှာ အခြေချရမှာ ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က Fox News အင်တာဗျူး ဒုတိယပိုင်းမှာ ပြောကြားလိုက်ပါတယ်။
ဒီမှတ်ချက်ဟာ Fox News ချန်နယ်က အပိုင်းလိုက်ခွဲပြီး ထုတ်လွှင့်နေတဲ့ ထရမ့်ပ်နဲ့ အင်တာဗျူး ဒုတိယပိုင်းမှာ ပါရှိလာတာဖြစ်ပြီး တကယ်လို့ အီဂျစ်နဲ့ ဂျော်ဒန်က လက်ခံဖို့ငြင်းရင် အကူအညီတွေရပ်ဆိုင်းပစ်မယ်လို့လည်း သီးခြားထပ်ပြောထားပါတယ်။
"ပြန်မလာပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ပိုကောင်းတဲ့ အိမ်ရာတွေ ရလာမှာမို့လိုပါ။ သူတို့အတွက် အမြဲတမ်း နေရာတခုတည်ဆောက်ပေးဖို့ ပြောနေတာပါ" လို့ ထရမ့်ပ် ဆိုပါတယ်။
"ဂါဇာကို ဝယ်ပြီး ပိုင်ဖို့ သန္နိဋ္ဌာန်ချထားတယ်"လို့ပြောတဲ့ အင်တာဗျူးအပိုင်းကို လွှင့်ပြီး နောက်တစ်နေ့မှာမှ ဒီအပိုင်းကို Fox News က ထပ်လွှင့်ခဲ့တာဖြစ်ပါတယ်။
ပါလက်စတိုင်းတို့ရဲ့ နောက်ထပ်ဒေသတခုဖြစ်တဲ့ အနောက်ဘက်ကမ်းကို အုပ်ချုပ်နေတဲ့ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ကရော၊ ဂါဇာကို ထိန်းချုပ်ထားနိုင်ဆဲဖြစ်တဲ့ ဟားမတ်စ်အဖွဲ့ကပါ ပါလက်စတိုင်းမြေဟာ "ရောင်းရန်မဟုတ်" လို့ တုံ့ပြန်ထားပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကတော့ ထရမ့်ပ်ရဲ့ အဆိုပြုချက်ဟာ "တော်လှန်တဲ့၊ ဆန်းသစ်တဲ့"ကိစ္စလို့ မှတ်ချက်ပေးထားပါတယ်။
ဂါဇာက ပါလက်စတိုင်းတွေကို လက်ခံဖို့ ငြင်းမယ်ဆိုရင် ဂျော်ဒန်နဲ့ အီဂျစ်ကို ပေးနေတဲ့ အကူအညီတွေ ဆိုင်းငံ့ထားမယ်လို့လည်း Fox News အင်တာဗျူးနဲ့မဆိုင်တဲ့ သတင်းထောက်တွေရဲ့ သီးခြားမေးမြန်းချက်ကို ထရမ့်ပ်က တုံ့ပြန်ထားပါတယ်။
ဂျော်ဒန်ဘုရင် အဗ္ဗဒူလာနဲ့ မတွေ့ဆုံမီ တရက်အလို တနင်္လာနေ့မှာ ထရမ့်ပ်က အခုလိုပြောခဲ့တာ ဖြစ်ပါတယ်။
ဂျော်ဒန်နဲ့ အီဂျစ်ဟာ အမေရိကန်ရဲ့ စစ်ရေးအကူအညီအများဆုံးရရှိထားတဲ့နိုင်ငံတွေဖြစ်သလို လတ်တလော ဖြတ်တောက်မှုတွေမှာလည်း ကင်းလွတ်ခွင့်ရနေတဲ့နိုင်ငံတွေဖြစ်ပါတယ်။
ဒါပေမဲ့ လက်ရှိဂျော်ဒန်လူဦးရေရဲ့ ထက်ဝက်ကျော်ဟာ ပါလက်စတိုင်းတွေဖြစ်နေပြီး အဲဒီလောက်များများ လက်ခံထားတဲ့အပေါ်မှာတောင် နိုင်ငံတွင်းမှာ မကျေနပ်မှုတွေရှိနေပါတယ်။ အီဂျစ်ကတော့ အနည်းငယ်ပဲ လက်ခံပေးထားပါတယ်။
ဂါဇာကမ်းမြောင်ကို အမေရိကန်က အပိုင်ယူဖို့ပြောခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ သဘောထားမှတ်ချက်အပေါ် ခန်းယူးနစ်မြို့က ပျက်စီးသွားတဲ့ အိမ်တွေကြားက အိုးမဲ့အိမ်မဲ့ ပါလက်စတိုင်းသား အများအပြားက ဒေါသထွက်ခဲ့ကြပါတယ်။
ဂါဇာဟာ ရောင်းဝယ်ဖောက်ကားရမယ့် ကုန်စည်မဟုတ်ဘူးလို့လည်း သူတို့က အလေးပေး ထုတ်ပြောခဲ့ကြပါတယ်။ အိုးအိမ်မဲ့ ပါလက်စတိုင်းသား ဟိုင်ဒါ အက်ရှ်ဝါကတော့ ဂါဇာကမ်းမြောင်ကနေ ဘယ်တော့မှ ထွက်သွားမှာ မဟုတ်ဘူးလို့ ကတိပြုပါတယ်။
ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ ဒါမှမဟုတ် နိုင်ငံခြားပိုင်ဆိုင်မှုဆိုင်ရာ အယူအဆတွေကို ပယ်ချခဲ့ပါတယ်။
“ဒါက ထရမ့်ပ် ရောင်းချင် ဝယ်ချင်တဲ့ အသားဘူး မဟုတ်ဘူး။ ဒါက ငါ့မြေ၊ ဒါက ငါ့နိုင်ငံ” လို့ အက်ရှ်ဝါက ဖေဖော်ဝါရီ ၁၀ ရက်မှာ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသကို ဝယ်ယူပိုင်ဆိုင်ဖို့ ကတိပြုထားပေမဲ့ အရှေ့အလယ်ပိုင်းက တခြားနိုင်ငံတွေက စစ်ဒဏ်ခံခဲ့ရတဲ့ မြေနေရာတွေကို ပြန်တည်ဆောက်ဖို့ ခွင့်ပြုမယ်လို့ ထရမ့်ပ်က ဖေဖော်ဝါရီ ၉ ရက်မှာ ပြောခဲ့ပါတယ်။
ဂါဇာကို ပိုင်ဆိုင်ဖို့၊ ရယူဖို့နဲ့ ဟားမတ်စ်တွေ ပြန်ရောက်မလာတာ သေချာစေဖို့ ကတိပြုထားပါတယ်လို့လည်း ထရမ့်ပ်က ပြောခဲ့ပါတယ်။
တကယ်လို့ ဂါဇာမှာ ဖမ်းဆီးထားတဲ့ ဓားစာခံတွေအားလုံးကို စနေနေ့ နေ့လယ်မှာ ပြန်မလွှတ်ဘူး ဆိုရင် အစ္စရေး-ဟားမတ်စ် အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်သွားပြီး ငရဲတံခါး ပွင့်သွားလိမ့်မယ် လို့ လည်း အမေရိကန်သမ္မတက ပြောပါတယ်။
“ဒါဟာ အစ္စရေးရဲ့ ဆုံးဖြတ်ချက်မို့လို့ ခွင့်ပြုမှာဖြစ်ကြောင်းနဲ့ စနေနေ့ ၁၂ နာရီမှာ ဓားစာခံတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ သင့်တော်တဲ့အချိန်ဖြစ်ကြောင်း၊ ဓားစာခံတွေကို တယောက်စ ၂ ယောက်စ အလီလီ လွှတ်ပေးတာမျိုးမဟုတ်ဘဲ အားလုံးကို ပြန်လွှတ်ပေးရမှာဖြစ်ကြောင်း၊ စနေနေ့ ၁၂ နာရီကနေ ကျော်လွန်သွားပြီ ဆိုတာနဲ့ ငရဲလမ်း ပွင့်သွားတော့မယ်လို့ ပြောချင်ကြောင်း” ထရမ့်ပ်က ဘဲဥပုံရုံးခန်းမှာ သတင်းထောက်တွေကို ပြောပါတယ်။
ဓားစာခံတွေ တော်တော်များများ သေဆုံးသွားပြီလို့ ထင်ကြောင်းနဲ့ ဒါဟာ အကြီးမားဆုံး လူသားအဖြစ်ဆိုးကြီးတခုလို့လည်း ပြောသွားပါတယ်။
ထရမ့်ပ်က ဂျော်ဒန်နဲ့ အီဂျစ်တို့ကိုလည်း ဂါဇာကနေ ပြောင်းရွှေ့လာတဲ့ ပါလက်စတိုင်း ဒုက္ခသည်တွေကို လက်မခံရင် အကူအညီတွေ ရပ်ဆိုင်းထားနိုင်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
ဟားမတ်စ် လက်နက်ကိုင်အဖွဲ့ဟာ စနေနေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ အစ္စရေးဓားစာခံတွေကို ထပ်မံလွှတ်ပေးဖို့ နှောင့်နှေးမှာဖြစ်ကြောင်း ဟားမတ်စ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဖေဖော်ဝါရီ ၁၀ ရက်က တယ်လီဂရမ်မှာ ထုတ်ပြန်ချက်အရ သိရပါတယ်။
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အစ္စရေးရဲ့ ချိုးဖောက်မှုတွေမှာ ဂါဇာမြောက်ပိုင်းကို ပြန်လာနေတဲ့ ပါလက်စတိုင်းတွေကို နှောင့်နှေးအောင် အစ္စရေးက လုပ်ဆောင်မှု၊ ပါလက်စတိုင်းတွေကို အစ္စရေးက ပစ်မှတ်ထားပြီး သေနတ်တွေ၊ အမြောက်တွေနဲ့ ပစ်ခတ်မှု၊ အကူအညီတွေ ဝင်ရောက်ခြင်းကို ရပ်တန့်မှုတွေ ပါဝင်တယ်လို့ ဟားမတ်စ် စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ အဘူ အူဘိုက်ဒါက ပြောပါတယ်။
အစ္စရေး ဓားစာခံတွေရဲ့ မိသားစုတွေက သဘောတူညီချက်ကို လိုက်နာဖို့ တိုက်တွန်းထားပြီး ဂါဇာဒေသခံတွေဟာ ပြိုပျက်နေတဲ့ နယ်မြေအတွင်းမှာ သူတို့ရဲ့ ဘဝသစ်ကို ပြန်တည်ဆောက်ဖို့ ကြိုးပမ်းနေချိန်မှာတောင်မှ ကျိုးပျက်လွယ်နေတဲ့ အပစ်အခတ်ရပ်စဲရေးအပေါ် သံသယတွေ ကြီးထွားလာနေတဲ့ကြားမှာပဲ မထင်မှတ်ထားတဲ့ ကြေညာချက် ထွက်လာတာပါ။
အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးလ် ကတ်ဇ်က ဟားမတ်စ်ရဲ့ ကြေညာချက်ဟာ ဂါဇာကမ်းမြောင် အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံများ လွတ်မြောက်ရေး သဘောတူညီချက်ကို လုံးဝ ချိုးဖောက်တာဖြစ်ကြောင်း ရှုတ်ချခဲ့ပြီး ဂါဇာမှာ ဖြစ်နိုင်ခြေရှိတဲ့ အခြေအနေတွေအတွက် အမြင့်ဆုံးအဆင့် ပြင်ဆင်ထားဖို့နဲ့ နယ်မြေအနီးရှိ အစ္စရေးအသိုင်းအဝိုင်းတွေကို ခုခံကာကွယ်ဖို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ကို အမိန့်ပေး ညွှန်ကြားထားကြောင်း ဒီကြေညာချက်အပေါ် အကြောင်းပြန်ခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသကို ဝယ်မယ်လို့ ပြောအပြီး နိုင်ငံအများအပြားက ပြစ်တင်ရှုတ်ချတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ စိတ်ကူးနဲ့ ပတ်သက်တဲ့ နောက်ထပ် အသေးစိတ် အချက်အလက်တွေကို စောင့်နေတယ်လို့ ရုရှားသမ္မတနန်းတော် ကရင်မလင်က ဖေဖော်ဝါရီ ၁၀ ရက်မှာ ပြောလိုက်ပါတယ်။
ဂါဇာကမ်းမြောင်ဒေသကို ဝယ်ယူပိုင်ဆိုင်ဖို့ ကတိကဝတ်ပြုထားပေမဲ့ အရှေ့အလယ်ပိုင်းဒေသထဲက တခြားနိုင်ငံတွေက ဂါဇာက စစ်ဘေးဒဏ်ခံ မြေနေရာတွေကို ပြန်တည်ဆောက်ဖို့ ခွင့်ပြုနိုင်မယ်လို့ ထရမ့်ပ်က တနင်္ဂနွေနေ့မှာ ပြောပါတယ်။
ရုရှားအစိုးရ အနေနဲ့ ထရမ့်ပ်ရဲ့ အစီအစဉ်ကို လက်ခံနိုင်မှု ရှိမရှိ မေးမြန်းရာမှာ ရုရှားသမ္မတနန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒမစ်ထရီ ပဲ့စ်ကို့ဗ်က ဂါဇာမှာ လူဦးရေ ၁ ဒသမ ၂ သန်း နေခဲ့တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။
“ညှိနှိုင်းဆောင်ရွက်မှု အစီအစဉ်အကြောင်းပြောရင် ဒီနေရာမှာ အသေးစိတ် အချက်အလက် တချို့ကို စောင့်ရကျိုးနပ်ပါတယ်။ အဲဒီမှာနေထိုင်တဲ့ ပါလက်စတိုင်း ၁ ဒသမ ၂ သန်းနီးပါးအကြောင်း ပြောနေတာဖြစ်ပြီး ဒါက အဓိကပြဿနာ ဖြစ်နိုင်ပါတယ်” လို့ ပဲ့စ်ကို့ဗ်က ဖုန်းလိုင်းပေါ်က ညီလာခံအတွင်း ပြောခဲ့ပါတယ်။
“ဒါတွေဟာ သက်ဆိုင်ရာ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကနေ အရှေ့အလယ်ပိုင်း ပြဿနာကို နှစ်နိုင်ငံ ဖန်တီး ဖြေရှင်းပေးမယ်လို့ ကတိပေးတာ ခံခဲ့ကြရဖူးသူတွေပါ။ ဒီလိုမျိုး မေးစရာတွေ အများကြီးရှိပါတယ်။ အသေးစိတ် အချက်အလက်တွေကို မသိရသေးတဲ့အတွက် ကျနော်တို့ စိတ်ရှည်ရလိမ့်မယ်” လို့ ပဲ့စ်ကို့ဗ်က ပြောခဲ့ပါတယ်။
Source: Reuters