
ဂါဇာကမ်းမြောင်ကို ဝယ်ပြီး ပိုင်ဆိုင်ဖို့ သန္နိဋ္ဌာန်ချထားတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဖေဖော်ဝါရီ ၉ ရက်မှာ ထပ်ပြောလိုက်ပါတယ်။
စစ်ကြောင့် ထောင်းလမောင်းကျေနေတဲ့ ဒီဒေသကို အရှေ့အလယ်ပိုင်းက တခြားနိုင်ငံတွေက အပိုင်းလိုက် ပြန်လည်တည်ဆောက်ဖို့ ခွင့်ပြုပေးနိုင်တယ်လို့ပါ ထရမ့်ပ်က ပြောပါတယ်။
“ဂါဇာကို ဝယ်ပြီး ပိုင်ဖို့ ကျုပ် သန္နိဋ္ဌာန်ချထားပါတယ်။ ကျုပ်တို့ ပြန်လည်တည်ဆောက်မယ့်အပြင် အရှေ့အလယ်ပိုင်းက တခြားနိုင်ငံတွေကိုလည်း အပိုင်းလိုက်တည်ဆောက်ဖို့ ပေးကောင်း ကောင်းနိုင်ပါတယ်။ တခြားသူတွေလည်း လုပ်နိုင်ပါတယ်။ ကျုပ်တို့ ဦးဆောင်မှုအောက်က သွားရမှာပါ။ ဒါပေမဲ့ ကျုပ်တို့ ပိုင်ဆိုင်ဖို့၊ လက်လွှဲယူဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။ ဟားမတ်စ်တွေ ပြန်မလာစေရေး သေချာဖို့အတွက်ပါ” လို့ ထရမ့်ပ်က သမ္မတလေယာဉ် အဲဖို့စ်ဝမ်းပေါ်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
နယူးအော်လင်းမှာလုပ်တဲ့ အမေရိကန်ဖွတ်ဘော ဗိုလ်လုပွဲ National Football League Super Bowl ပွဲကို အသွားမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
“ပြန်ပြောင်းလာစရာ ဘာမှမရှိပါဘူး။ ဒီနေရာက ဖြိုဖျက်ထားတဲ့နေရာပါ။ ကျန်တာတွေကိုလည်း ဖြိုဖျက်ပစ်ရမှာပါ။ အားလုံးဖြိုပစ်ရမှာ” လို့ ထရမ့်ပ်က ပြောပါတယ်။
ပါလစတိုင်း ဒုက္ခသည်တချို့ကိုတော့ အမေရိကန်မှာ ခိုလှုံခွင့်ပေးဖို့ တံခါးဖွင့်ထားတယ်လို့ ထရမ့်ပ်က ပြောပါတယ်။ ဒါပေမဲ့ လျှောက်ထားမှုတခုချင်းစီပေါ် မူတည်စဉ်းစားသွားမယ်လို့လည်း ပြောပါတယ်။
ဟားမတ်စ် နိုင်ငံရေးဗျူရိုက အီဇက်တအယ်လ်ရက်ရှ်ကတော့ “ဂါဇာဟာ ရောင်းလို့၊ ဝယ်လို့ ရတဲ့ အိမ်ခြံမြေ မဟုတ်ပါဘူး။ ဒီနေရာဟာ သိမ်းပိုက်ခံထားရတဲ့ ပါလက်စတိုင်းနယ်မြေရဲ့ သီးခြားခွဲထုတ်လို့မရတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်” လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ထရမ့်ပ်ဟာ ဂါဇာမှာ နေထိုင်ကြတဲ့ ပါလက်စတိုင်းပြည်သူတွေကို အပြီးတိုင် ရွှေ့ပြောင်းနေရာချပြီးတော့ ဂါဇာကို အရှေ့အလယ်ပိုင်းရဲ့ ကမ်းသာယာဖြစ်အောင် ဖန်တီးမယ်လို့လည်း ရှေ့တပတ်က ပြောခဲ့ပါတယ်။
ဒါပေမဲ့ ဂါဇာကို ဘယ်လုပ်ပိုင်ခွင့်နဲ့ အမေရိကန်က လက်လွှဲယူမလဲ၊ ဝယ်မလဲ ဆိုတာတော့ မရှင်းလင်းပါဘူး။
ထရမ့်ပ်ရဲ့ အဆိုပြုချက်ကို နိုင်ငံအများအပြား၊ အထူးသဖြင့် အာရပ်နိုင်ငံတွေက ကန့်ကွက်ထားကြပါတယ်။
Source : Reuters