Home
နိုင်ငံတကာ
ပါလက်စတိုင်းဒေသခံများ နေရပ်ပြောင်းရွှေ့ရန် အစ္စရေးကာကွယ်ရေးဝန်ကြီး ညွှန်ကြား
DVB
·
February 7, 2025
Photo : Reuters

ဂါဇာဒေသက ပါလက်စတိုင်းပြည်သူတွေ နေရပ်ပြောင်းရွှေ့ရေးအတွက် စီစဉ်ဆောင်ရွက်ပေးဖို့ အစ္စရေးစစ်တပ်ကို ညွှန်ကြားထားကြောင်း ကာကွယ်ရေးဝန်ကြီးက အတည်ပြုပါတယ်။

ဒါဟာ ဒေါ်နယ်ထရမ့်ပ်ရဲ့ အဆိုပြုချက်နဲ့အညီ ဂါဇာဒေသမှာ အမေရိကန်က ထိန်းချုပ်ပြီး ဒေသခံဖြစ်တဲ့ ပါလက်စတိုင်းတွေကို တခြားနိုင်ငံတွေမှာ နေရာပြန်ချပေးဖို့ ဖြစ်ပါတယ်။

ဒါကြောင့် အစ္စရေးနဲ့ ဟားမတ်စ်ကြား စစ်ပွဲအပေါ် ဝေဖန်နေတဲ့ နိုင်ငံတွေက ဂါဇာဒေသခံတွေကို လက်ခံပေးရမယ့် တာဝန်ရှိတယ်လို့ ကာကွယ်ဝန်ကြီး အစ္စရေးကတ်ဇ်က ပြောကြားပါတယ်။

တကယ်လို့ ငြင်းပယ်ခဲ့မယ်ဆိုရင် အဲဒီနိုင်ငံတွေရဲ့ သူတော်ကောင်းယောင်ဆောင်နေမှုကို ထင်ရှားစေနိုင်ကြောင်း ကတ်ဇ်က ဖြည့်စွက်ပြောပါတယ်။

ဒါ့အပြင် ဟားမတ်စ်ဘက်က ဂါဇာပြည်သူတွေရဲ့ “လွတ်လပ်စွာသွားလာခွင့်နဲ့ ရွှေ့ပြောင်းနေထိုင်ခွင့်” ကို မပိတ်ပင်ဘဲ ခွင့်ပြုပေးသင့်တယ်လို့ ဆိုပါတယ်။

ဟားမတ်စ် အဖွဲ့ကတော့ ထရမ့်ပ်ရဲ့ အစီအစဉ်အပေါ် “အဓိပ္ပာယ်မရှိဘူး” လို့ ဝေဖန်ခဲ့ပြီး ဒါဟာ ဒေသတွင်းမှာ “မီးကို လောင်စာထပ်ဖြည့်ရုံသာ ရောက်လိမ့်မယ်” လို့ တုံ့ပြန်ခဲ့ပါတယ်။

ဂါဇာစစ်ပွဲ​ကြီး ပြီးဆုံးသွားတဲ့အခါ အမေရိကန်ကို အစ္စရေးက “နယ်မြေလွှဲပြောင်းပေးမှာ” ဖြစ်သလို တပ်ဖွဲ့ဝင်တွေလည်း စေလွှတ်မှာမဟုတ်ကြောင်း ထရမ့်ပ်က အတိအလင်း ပြောကြားပါတယ်။

ပါလက်စတိုင်းသမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ရွှေ့ပြောင်းရေးအစီအစဉ်ကို ပယ်ချခဲ့ပြီး ဒါဟာ နိုင်ငံတကာဥပဒေအပေါ် ချိုးဖောက်ရာရောက်တဲ့အပြင် “ရောင်းကုန်မဟုတ်ဘူး” လို့ ဝေဖန်ခဲ့ပါတယ်။

၆ ပတ်ကြာ အပစ်ရပ်ထားတဲ့ စစ်ပွဲကြောင့် ဂါဇာဒေသခံ အများစုဟာ နေရပ်အကြိမ်ကြိမ် ရွှေ့ပြောင်းခဲ့ရသလို နေထိုင်ရာအဆောက်အအုံ ၇၀ ရာခိုင်နှုန်းနီးပါးဟာလည်း ပျက်စီးသွားခဲ့ပြီ ဖြစ်ပါတယ်။

ဂါဇာဒေသမှာ ရေပေးဝေမှု၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ မိလ္လာလိုမျိုး ပတ်ဝန်းကျင်သန့်ရှင်းရေး စနစ်တွေ ပြိုလဲနေပြီး အစားအသောက်၊ လောင်စာ၊ ဆေးဝါးနဲ့ ခိုလှုံစရာနေရာတွေပါ ရှားပါးနေတယ်လို့ သိရပါတယ်။

ပါလက်စတိုင်းဦးရေ ၂ ဒသမ ၁ သန်းကျော်ဟာ ဂါဇာမှာရှိနေပြီး ၁၉၆၇ ခုနှစ်အတွင်း အစ္စရေး သိမ်းပိုက်ခဲ့တဲ့ အနောက်ဘက်ကမ်းမှာတော့ နောက်ထပ် ဒုက္ခသည် ၉ သိန်းအထိ ခိုလှုံနေထိုင်ကြပါတယ်။

ကျန်ရှိနေသေးတဲ့ ပါလက်စတိုင်း ၃ ဒသမ ၄ သန်းဟာ ဂျော်ဒန်၊ ဆီးရီးယားနဲ့ လက်ဘနွန် နိုင်ငံတွေမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013