
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ဂါဇာအရေး အဆိုပြုချက်နဲ့ပတ်သက်ပြီး လူမျိုးရေးရှင်းလင်းမှုပုံစံမျိုး ဖြစ်မလာအောင် ရှောင်ကြဉ်ဖို့ သတိပေးလိုက်ပါတယ်။
ဒီသတိပေးချက်ဟာ သမ္မတ ထရမ့်ပ်က ပါလက်စတိုင်းတွေကို တခြားနေရာမှာ ပြန်လည်နေရာချထားပြီး အမေရိကန်က ဂါဇာကို ထိန်းချုပ်မယ်လို့ အဆိုပြုလိုက်တဲ့အပေါ် တုံ့ပြန်တာ ဖြစ်ပါတယ်။
အတွင်းရေးမှူးချုပ်က “အဖြေရှာတဲ့အခါ ပြဿနာကို ပိုမိုဆိုးရွားအောင် မလုပ်သင့်ပါဘူး။ နိုင်ငံတကာဥပဒေကို လေးစားလိုက်နာဖို့ အရေးကြီးပါတယ်။ လူမျိုးရေးရှင်းလင်းမှု ဘယ်လိုပုံစံမျိုးကိုမဆို ရှောင်ကြဉ်ဖို့ အထူးလိုအပ်ပါတယ်” လို့ ကုလသမဂ္ဂကော်မတီ အစည်းအဝေးမှာ ပြောကြားသွားပါတယ်။
“နှစ်နိုင်ငံ အတူယှဉ်တွဲပေါ်ပေါက်ရေးမူကိုပဲ ဆက်လက်ကိုင်စွဲရပါမယ်” လို့လည်း ဂူတာရက်စ်က ပြောပါတယ်။
ကုလသမဂ္ဂဆိုင်ရာ ပါလက်စတိုင်းကိုယ်စားလှယ် ရိယာ့မန်ဆော်ကလည်း “ကျနော်တို့မှာ ပါလက်စတိုင်းကလွဲလို့ တခြားနိုင်ငံ မရှိပါဘူး။ ဂါဇာဟာ ကျနော်တို့ရဲ့ တန်ဖိုးရှိတဲ့ အစိတ်အပိုင်းတခုပါ။ ကျနော်တို့ ဂါဇာကနေ ထွက်ခွာမှာ မဟုတ်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။
ဂျော်ဒန်ဘုရင် အဗ္ဗဒူလာ ကတော့ လာမယ့်အပတ်မှာ ဝါရှင်တန်ကို သွားရောက်ပြီး အာရပ်နိုင်ငံတွေရဲ့ ရပ်တည်ချက်ကို ထရမ့်ပ်ထံ တင်ပြသွားမယ်လို့ သိရပါတယ်။
ကုလသမဂ္ဂအနေနဲ့ လုံခြုံပြီး ဘေးကင်းတဲ့ နယ်စပ်တွေနဲ့ အစ္စရေး-ပါလက်စတိုင်း နှစ်နိုင်ငံ အတူယှဉ်တွဲပေါ်ပေါက်ရေးကို အစဉ်အဆက် ထောက်ခံခဲ့တာ ဖြစ်ပါတယ်။
ပါလက်စတိုင်းတွေက အနောက်ဘက်ကမ်း၊ အရှေ့ဂျေရုဆလင်နဲ့ ဂါဇာကမ်းမြောင်တို့ ပါဝင်တဲ့ နိုင်ငံတခုရဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။
ဒီနယ်မြေတွေကို အစ္စရေးက ၁၉၆၇ ခုနှစ်တုန်းက အာရပ်နိုင်ငံတွေနဲ့ စစ်ပွဲမှာ သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
အစ္စရေးဟာ ၂၀၀၅ ခုနှစ်မှာ ဂါဇာကနေ စစ်တပ်နဲ့ အခြေချနေထိုင်သူတွေကို ရုပ်သိမ်းခဲ့ပေမဲ့ ကုလသမဂ္ဂက ဂါဇာကို အစ္စရေးရဲ့ သိမ်းပိုက်ထားတဲ့နယ်မြေအဖြစ် သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။
Source : Reuters