Home
ဆောင်းပါး
ကြောက်မက်ဖွယ်အမှန်တရားတခုဆီ နိုးထခဲ့ရတဲ့ ဂါဇာ ရဲ့မနက်ခင်းတွေ
DVB
·
February 6, 2025

ဒီယာ အယ်လ်ဘာလာမြို့တွင်းက တာကတ် (Taqat) လို့ ခေါ်တဲ့နေရာဟာ ဂါဇာပြည်တွင်းစစ် အတွင်းမှာ ကျနော့်အတွက် အသက်သွေးကြောတခု ဖြစ်ခဲ့ပါတယ်။

အာရေဗီဘာသာစကားအရ “စွမ်းအင်များ” လို့ အဓိပ္ပာယ်ရတဲ့ အဲဒီနေရာဟာ ဆိုလာပြားတွေရဲ့ စွမ်းအင်နဲ့ ပါးရှားလှတဲ့ လျှပ်စစ်မီးနဲ့ အင်တာနက်ရရှိရာ နေရာဖြစ်ပြီး စစ်အတွင်းက ကျောင်းသားတွေနဲ့ အလွတ်တန်းပညာရှင်တွေအ‌တွက် အားထားရာနေရာတခု ဖြစ်ပါတယ်။ အဲဒီနေရာလေးဟာ စစ်ပွဲကာလအတွင်း မယုံကြည်နိုင်လောက်အောင် များပြားတဲ့ ရည်ရွယ်ချက်တွေ၊ လုပ်ငန်းတွေကို အကောင်အထည်ဖော်စေခဲ့တာ ဖြစ်ပါတယ်။

ကျနော်ဟာ အဲဒီနေရာမှာ ဆော့ဖ်ဝဲပရောဂျက်တခုမှာ မန်နေဂျာအဖြစ်နဲ့ တက်ကြွတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ အခက်ခဲဆုံး အခြေအနေတွေမှာတောင် လူတွေက မရှိမဖြစ် အသုံးလိုတဲ့ အရာမျိုးတွေကို ဆက်လက်မျှော်လင့်နိုင်ဖို့ ဘယ်လိုကြိုးစား အောင်မြင်ခဲ့ကြသလဲ ဆိုတာကတော့ အံ့အားသင့်စရာပါပဲ။ အခက်အခဲဆုံး အခြေအနေတွေမှာတောင် ကျနော်တို့ဟာ အဓိပ္ပာယ်ရှိတဲ့ အရာတွေကို ဖန်တီးနိုင်စွမ်းရှိတယ် ဆိုတာကို တာကတ်က လက်တွေ့ပြခဲ့ပါတယ်။

ဘဝရဲ့အဓိပ္ပာယ်ဟာ အသက်ရှင်သန်နေရရုံထက် အများကြီးပိုတယ်ဆိုတဲ့ အယူအဆဟာ မကြာသေးမီက ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးရဲ့ ခိုင်မာတဲ့မျှော်လင့်ချက် တစိတ်တပိုင်း ဖြစ်ပါတယ်။ ရက်သတ္တပတ်ပေါင်းများစွာ အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို ခံစားရအပြီးမှာ ရောက်ရှိလာတဲ့ တိတ်ဆိတ်ငြိမ်သက်တဲ့ နေ့ရက်တွေဟာ ကျနော်တို့အတွက် မယုံကြည်ရဲတဲ့ အိပ်မက်တခုလိုပါပဲ။

ကျနော်တို့ပတ်ဝန်းကျင်မှာ အပျက်အစီးတွေတော့ အလွန်အမင်း များပြားပါတယ်။ ရပ်ကွက်တခုလုံးဟာ အပျက်အစီးပုံကြီးအဖြစ်ကို ရောက်ရှိသွားပြီး သေဆုံးသူတွေ ကျန်ရစ်သူ မိသားစုတွေနဲ့ ပြည့်နေတဲ့ အစုလိုက်အပြုံလိုက် အသုဘတွေကလည်း မရေတွက်နိုင်လောက်အောင်ပါပဲ။ ဒဏ်ရာရ သေဆုံးသူတွေရဲ့ အရေအတွက်ဟာ နားမလည်နိုင်လောက်အောင်ကို များပြားလွန်းလှပါတယ်။ ပြန်လည်တည်ဆောက်ရေးဟာ နှစ်နဲ့ချီပြီး ကြာမြင့်နိုင်ပါတယ်။ ဆယ်စုနှစ်နဲ့ချီပြီး ပြန်တည်ဆောက်ရတာမျိုးတွေတောင် ရှိနိုင်ပါတယ်။ အစ္စရေးသာ ခွင့်ပြုမယ်ဆိုရင်ပေါ့လေ။

ဒါပေမဲ့ ရုပ်ဝတ္ထုပစ္စည်း အပျက်အစီးတွေထက် ကျနော်တို့ ထပ်မံရင်ဆိုင်နေရတဲ့ ပြဿနာကတော့ အခုလို ဖြစ်ရပ်ဆိုးတွေကို ကြုံတွေ့ခဲ့ရသူတွေရဲ့ စိတ်ဒဏ်ရာတွေကို ဖြေလျှော့ပေးဖို့ပါပဲ။

ဂါဇာရဲ့ စစ်ပွဲကာလ တနှစ်ကျော်အတွင်းမှာ ကျနော်တို့ဟာ မျှော်လင့်ချက်တွေကို စွန့်လွှတ်တဲ့ နည်းလမ်းနဲ့ ကျနော်တို့စိတ်တွေကို ကာကွယ်ကြရပါတယ်။ ဘာလို့လဲဆိုတော့ စစ်ပွဲကာလအတွင်းမှာ မျှော်လင့်ချက်ဆိုတာ အချိန်မရွေး ပျက်စီးသွားနိုင်လို့ပါ။ အစားအစာ‌နဲ့ ရေရှာဖွေရတာတွေ၊ ချက်ပြုတ်ဖို့နဲ့ မီးလှုံဖို့ ထင်းရှာဖွေရတာတွေ စတဲ့ ဘဝရဲ့ အခြေခံ လိုအပ်ချက်တွေအတွက် အသည်းအသန် ရုန်းကန်နေရတဲ့ အခြေအနေမှာ လူတွေဟာ ခံစားချက်တွေအတွက် နေရာမပေးနိုင်ကြတော့ပါဘူး။ ကျနော်တို့ဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ထုံထိုင်းစွာ ပြုမူလာကြရပါတယ်။

အခုတော့ အပစ်အခတ်ရပ်စဲမှုကြောင့် အဲဒီထုံထိုင်းမှုတွေဟာ တဖြည်းဖြည်း လျော့နည်းလာပြီး လေးလံလွန်းလှတဲ့ စိတ်ခံစားချက်တွေနဲ့ ကျနော်တို့ဟာ ရင်ဆိုင်ရပါတော့တယ်။ ကျနော်တို့ဟာ ကျနော်တို့ကိုယ်တိုင်ရဲ့ ခံစားချက်တွေကို ပြန်လည်ကြောက်ရွံ့နေခဲ့ပါပြီ။ ကျနော်တို့ရဲ့ စိတ်ထဲက တစုံတခု ပျောက်ဆုံးနေမှုကို ကျနော်တို့ ဘယ်တော့မှ ရှောင်လွှဲနိုင်မှာ မဟုတ်တော့ပါဘူး။

ကျနော်တို့ထဲက အများစုဟာ ပျောက်ဆုံးနေတဲ့ ကျနော်တို့ ချစ်ရသူတွေ သေသလား၊ ရှင်သလားတောင် မသိကြရပါဘူး။ အရင်ရပ်ကွက်တွေကို ပြန်သွားဖို့ စဉ်းစားရတာကလည်း ထိတ်လန့်ဖို့ ကောင်းလှပါတယ်။ တကယ်လို့ ကျနော်တို့ ဘာကိုမှ မမှတ်မိနိုင်တော့ရင်ရော။ ကျနော်တို့ရဲ့ အပျော်ရဆုံးမှတ်ဉာဏ်တွေကို သိမ်းဆည်းထားခဲ့တဲ့ နေရာတွေဟာ ထာဝရ ပျောက်ဆုံးသွားခဲ့ရင်ရော။ ညည်းတွားခြင်းဟာ ကျနော်တို့နဲ့ မသက်ဆိုင်တဲ့ အရာတခုလို့ ခံစားမိလာတဲ့အခါ ကျနော်တို့ ဘယ်လို ညည်းတွားကြပါတော့မလဲ။

ကျနော်ဟာ ၂၀၁၃ ခုနှစ်မှာ ကျနော့်မိဘတွေနဲ့အတူ ဂါဇာကနေ ထွက်ခွာလာခဲ့ပါတယ်။ ကျနော်တို့မိသားစုဟာ မလေးရှားနိုင်ငံကို ပြောင်းရွှေ့ခဲ့ပြီးတော့ ကွာလာလမ်ပူက အင်တာနေရှင်နယ်ကျောင်းတခုမှာ ကျနော် ကျောင်းတက်ခဲ့ပါတယ်။ သုံးနှစ်ကျော်အကြာ ကျနော့်အသက် ၁၈ နှစ်ပြည့်တဲ့အခါမှာတော့ အစ္စရေးရဲ့ အသက်ရှူကျပ်လောက်တဲ့ ပိတ်ဆို့သိမ်းပိုက်မှုတွေနဲ့ ကြီးမားတဲ့ အခက်အခဲတွေကြားကပဲ တက္ကသိုလ်တက်ဖို့ ကျနော် ပြန်လာခဲ့ပါတယ်။ ကျနော်မွေးဖွားခဲ့တဲ့နေရာကို ကောင်းကောင်းနားလည်လာဖို့အတွက် ကျနော် အဆက်အသွယ်ဟောင်းတွေနဲ့ ပြန်ဆက်သွယ်ခဲ့ပါတယ်။ ကျနော်ဟာ ကွန်ပျူတာ အင်ဂျင်နီယာ ဘာသာရပ်ကို တက္ကသိုလ်မှာ လေ့လာခဲ့ပြီး ဒီကလူငယ်အများစုလိုပဲ ရည်မှန်းချက်အပြည့်အဝ ရှိခဲ့ပါတယ်။

ဒါပေမဲ့ ဒီစစ်ပွဲကတော့ ဘယ်လူငယ်မှ မလေ့လာသင့်တဲ့ အရာမျိုးတွေ ကျနော့်ကို သင်ပေးခဲ့ပါတယ်။

ကျနော်ဟာ ဆာလောင်မွတ်သိပ်ခြင်းရဲ့ အနှစ်သာရကို ကောင်းကောင်းနားလည်ခဲ့ပါတယ်။ ကျနော် ပြောချင်တာက ခင်ဗျား ထမင်းတနပ်လောက် လွတ်သွားသလို ဆာလောင်မှုမျိုး မဟုတ်ပါဘူး။ ကျနော်ပြောတဲ့ ဆာလောင်မွတ်သိပ်မှုဆိုတာ အစားမစားရလို့ နေ့တိုင်း ခင်ဗျားအစာအိမ်ထဲမှာ ပေါက်ကွဲဆူညံနေရတာမျိုးကို ဆိုလိုတာပါ။ ကျနော်ဟာ မယုံကြည်နိုင်လောက်တဲ့ ဆုံးဖြတ်ချက်မျိုးတွေ ပြုလုပ်ခဲ့ရပါတယ်။ ဥပမာ - ကျနော့်လက်ထဲက ပေါင်မုန့်တခြမ်းကို ဆာလောင်နေတဲ့ ကလေးတယောက်ကို ပေးမလား၊ ကျနော့်မိသားစုအတွက် သိမ်းထားမလား ဆိုတာမျိုးပေါ့။

လုံးဝ အကူအညီမဲ့ခြင်းက ဘယ်လိုမျိုးလဲဆိုတာကို ကျနော် နားလည်ခဲ့ရပါတယ်။ စစ်ပွဲကာလအတွင်းမှာ ခင်ဗျားအနေနဲ့ လူတယောက်ကို ဘယ်လောက်ပဲ ကူညီချင်နေပါစေ ဘာမှမတတ်နိုင်တဲ့ အခိုက်အတန့်တွေဆိုတာ တကယ်ရှိပါတယ်။ ပျက်စီးနေတဲ့ လမ်းတွေ၊ ဖျက်ဆီးခံထားရတဲ့ ဆေးရုံတွေနဲ့ အစ္စရေးရဲ့ စနစ်ကျတဲ့ တိုက်ခိုက်မှုတွေကြောင့် အခြေခံအကျဆုံး လိုအပ်ချက်လေးတွေကိုတောင် ကျနော်တို့ လက်လှမ်းမမီခဲ့ကြပါဘူး။ အဲဒီလို လုပ်နိုင်စွမ်းကင်းမဲ့တဲ့ ခံစားချက်မျိုးကို ကျနော် ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ပါဘူး။ အပစ်အခတ်ရပ်စဲရေးကိုသာ ဆက်မထိန်းထားနိုင်ရင် အစ္စရေးရဲ့ ပိတ်ဆို့တိုက်ခိုက်မှုတွေကြောင့် အရင်လိုအခြေအနေတွေ ထပ်ကြုံရမှာမျိုးကို ကျနော် အထူးစိုးရိမ်ပါတယ်။

ကျနော်နားလည်ခဲ့ရတဲ့ အခက်အခဲဆုံး သင်ခန်းစာကတော့ ကျနော်တို့ရဲ့ လူသားဆန်မှုကို စစ်ပွဲတွေက ဘယ်လိုချေဖျက်လိုက်တယ် ဆိုတာပါပဲ။ အသက်ရှင်သန်နေရေးက ကျနော်တို့ရဲ့ တခုတည်းသော ရည်မှန်းချက် ဖြစ်လာတဲ့အခါမှာ အခြားသူတွေကို မေ့လျော့ထားဖို့ အင်မတန် လွယ်ကူလာပါတယ်။ ကျနော်တို့ လက်တွေ့ရှင်သန်လို့ရတာ ပစ္စုပ္ပန်ပဲ ရှိတာမို့လို့ အနာဂတ်အတွက်လည်း ဘာမှတွေးတောမိတော့မှာ မဟုတ်ပါဘူး။

ဒီနေ့မှာတော့ ကျနော်တို့ဟာ အဲဒီအနာဂတ်ကို ရင်ဆိုင်ရပါတော့မယ်။ ကျနော်တို့ဟာ အကြောက်တရားတွေ၊ ပူဆွေးမှုတွေ၊ မသေချာ မရေရာမှုတွေကို ရင်ဆိုင်ပြီး ကျော်ဖြတ်ရပါတော့မယ်။ ပြီးတော့ ကျနော်တို့ရဲ့ အိမ်တွေတင်မက ကျနော်တို့ရဲ့ ဘဝတွေကိုပါ ပြန်လည်တည်ဆောက်ဖို့ နည်းလမ်းရှာရပါဦးမယ်။ ကျနော့်ကို တာကတ်ဆီ သွားရောက်စေခဲ့တဲ့ ကျနော်တို့ရဲ့ စုပေါင်းရည်မှန်းချက်ကို ပြန်လည်ရှာဖွေပြီးတော့ တယောက်ကိုတယောက် အားပေးရင်း ဘာတွေပဲကြုံကြုံ ရှေ့ဆက်လျှောက်ရတော့မှာ ဖြစ်ပါတယ်။

အချိန်အတော်ကြာတဲ့အထိ ကမ္ဘာကြီးက ကျနော်တို့ကို ကျနော်တို့ ဒုက္ခရောက်နေတယ်ဆိုတဲ့ ရှုထောင့်ကပဲ မြင်တွေ့ခဲ့ရတာပါ။ တကယ်တော့ ကျနော်တို့ဟာ အစာနဲ့ရေကို လိုအပ်နေတဲ့ မျက်နှာမဲ့ လူအုပ်ကြီးသက်သက် မဟုတ်ပါဘူး။ ကျနော်တို့ဟာ ကျောင်းသားတွေ၊ ကျောင်းဆရာတွေ၊ ဆရာဝန်တွေ၊ ပန်းချီဆရာတွေပါ။ ကျနော်တို့ဟာ အခြားလူတွေလိုပဲ ကိုယ်ပိုင်စွမ်းရည်နဲ့ အိပ်မက်ကိုယ်စီ ရှိကြသူတွေပါ။

ဒီစစ်ပွဲဟာ အရင်က ဆိုးဆိုးရွားရွား ဖြစ်ခဲ့သလိုမျိုးပဲ ကျနော်တို့အခြေအနေတွေအပေါ် လူတွေရဲ့မျက်စိတွေ ပွင့်လာကြစေဖို့ မျှော်လင့်ပါတယ်။ ကျနော်တို့ ပါလက်စတိုင်းလူမျိုးတွေ ဘယ်လောက်ထိ မမျှမတ ဆက်ဆံခံရလဲ‌ ဆိုတာတွေ၊ ဂါဇာတင်မကဘဲ ၁၉၄၈ ခုနှစ် နက်ဘာမှာ ပါလက်စတိုင်း အာရပ်တွေကို အစုလိုက်အပြုံလိုက် နှင်ထုတ်ခံရချိန်ကတည်းက နေရာတိုင်းမှာ ခွဲခြားဆက်ဆံခံနေရတာတွေ ကမ္ဘာကြီးကို သဘောပေါက်စေဖို့ မျှော်လင့်ပါတယ်။

ဂါဇာကို ပြန်လည်ပြုပြင်တည်ဆောက်ဖို့က မဖြစ်နိုင်တာ မဟုတ်ပါဘူး။ အကယ်၍ အပစ်အခတ် ရပ်စဲရေးကို ထိန်းထားနိုင်ပြီး အစ္စရေးက နယ်စပ်တွေကို ပြန်ဖွင့်ခဲ့မယ်ဆိုရင်၊ ကျနော်တို့အတွက် လိုအပ်တဲ့ အရင်းအမြစ်တွေကို ကမ္ဘာကြီးက ထောက်ပံ့ကြမယ်ဆိုရင် အရင်က အခြေအနေတွေထက် ပိုကောင်းတဲ့အရာတွေကိုတောင် ကျနော်တို့ ပြန်လည်တည်ဆောက်နိုင်ပါတယ်။

ကျနော့်ရင်ထဲမှာ စွမ်းအင်တွေ အများအပြားရှိနေပြီး အသုံးချဖို့လည်း အဆင်သင့်ဖြစ်နေပါပြီ။ တနည်းပြောရရင် ကျနော်ဟာ စူပါဟီးရိုးတယောက်လို ခံစားရပါတယ်။ အဆိုးဆုံးအခြေအတွေမှာ ရှင်သန်နိုင်ခဲ့ပြီး ကျနော်ဟာ အသန်မာဆုံး ဖြစ်လာခဲ့ပါပြီ။ ဂါဇာဟာ မြို့တမြို့ ဆိုရုံချည်းသက်သက် မဟုတ်ပါဘူး။ ဂါဇာဟာ အသိုင်းအဝန်းတခု၊ မိသားစုတစု၊ ဂါဇာဟာ အိမ်တအိမ်ပါပဲ။ ဘယ်လောက်ပဲ ကျနော်တို့ ဆုံးရှုံးခဲ့ရပါစေ၊ ပြန်လည်တည်ဆောက်ဖို့ နည်းလမ်းတွေကို ကျနော်တို့ အမြဲရှာဖွေနေမှာပါ။

ကျနော်တို့ ဆက်လက်ရှင်သန်သွားကြဦးမှာပါ။

ရှည်မာအာမက်ဒ်

ဘာသာပြန်-သူရိန်သွေး

(The New York Times သတင်းစာပါ Shaymaa Ahmed ၏ "In Gaza, We Are Waking Up to a Terrible Reality" ဆောင်းပါးအား ဆီလျော်အောင် ပြန်ဆိုသည်။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024