Home
နိုင်ငံတကာ
ဂါဇာအရေး ကာတာနှင့် တူရကီနိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေး
DVB
·
February 5, 2025
Photo-Reuters

ဂါဇာကမ်းမြောင်ဒေသက နောက်ဆုံးအခြေအနေတွေကို ဆွေးနွေးဖို့ ကာတာဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး အယ်လ်ထာနီဟာ တူရကီနိုင်ငံခြားရေးဝန်ကြီး ဟာခန်ဖိုင်ဒန်နဲ့ မြို့တော်ဒိုဟာမှာ တွေ့ဆုံခဲ့ပါတယ်။

နှစ်နိုင်ငံတာဝန်ရှိသူတွေဟာ နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာစေဖို့ နည်းလမ်းတွေအပြင် ဂါဇာ ကမ်းမြောင်ဒေသ၊ ပါလက်စတိုင်းနယ်မြေတွေနဲ့ ဆီးရီးယားနိုင်ငံထဲက နောက်ဆုံးအခြေအနေတွေ ကို ပြန်သုံးသပ်ခဲ့ပြီး အပြန်အလှန်စိုးရိမ်စရာ ကိစ္စရပ်တွေ အတော်များများကို ပြန်လှန်သုံးသပ် ခဲ့တယ်လို့ ကာတာ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

ပဋိပက္ခထဲမှာပါနေတဲ့ နှစ်ဖက်စလုံးက ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ဆက်အကောင်အထည်ဖော်ဖို့ လိုအပ်တယ်လို့ အယ်လ်ထာနီက အလေးပေး ပြောကြားခဲ့ပါတယ်။

ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို မြှင့်တင်ရာမှာ ကာတာနဲ့ တူရကီကြား ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်တယ်လို့လည်း သူက ဆက်ပြောခဲ့ပါတယ်။

ဆွေးနွေးပွဲအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ အယ်လ်ထာနီက သဘောတူညီချက်ပါ ပြဋ္ဌာန်းချက်တွေကို အပြည့်အဝ အကောင်အထည်ဖော်ဖို့၊ သဘောတူညီချက်မှာ သတ်မှတ်ထားတဲ့ အတိုင်း ဒုတိယအဆင့်ကို စတင်ညှိနှိုင်းဖို့ အားလုံးအတွက် အရေးကြီးတယ်လို့ အလေးပေး ပြောကြားခဲ့ပါတယ်။

စေ့စပ်ညှိနှိုင်းမှုတွေ အောင်မြင်စေဖို့ ဖိအားတွေ ဆက်ထားကြဖို့ကိုလည်း နိုင်ငံတကာ အသိုင်းအဝိုင်း က မိတ်ဖက်တွေကို ထပ်လောင်း တိုက်တွန်းခဲ့ ပါတယ်။

ဆီးရီးယားနိုင်ငံကို ပြန်တည်ဆောက်ဖို့ ဆီးရီးယားနိုင်ငံသား အားလုံးအကြား စည်းလုံးညီညွတ်မှု တိုးမြှင့်ရေး ရည်မှန်ထားတဲ့ ခြေလှမ်းတွေကိုလည်း သူက ကြိုဆိုပါတယ်။

ဥပဒေ၊ အဖွဲ့အစည်း၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ သာယာဝပြောရေးကို အခြေခံတဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်ရေးတို့ တောင့်တင်းခိုင်မာစေရေး စုစည်းဖို့ သူက လမ်းခင်းပေးခဲ့ပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ပိုမိုဆိုးရွားလာစေပြီး အခြေခံ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးမှုကို နှောင့်ယှက်နေလို့ ဆီးရီးယားအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ပြန်ရုပ်သိမ်းရေး အရေးတကြီး လိုအပ်တယ်လို့ သူက အလေးအနက် ပြောခဲ့ပါတယ်။

ဆီးရီးယားအပေါ် ချမှတ်ထားတဲ့ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းဖို့နဲ့ လုံခြုံရေးကို အာမခံဖို့ လိုအပ်တယ်လို့ ဖီဒန်က အလေးပေး ပြောကြားခဲ့ပါတယ်။

ဆီးရီးယားမှာ အကြမ်းဖက်မှုအတွက် နေရာမရှိဘူးလို့လည်း သူက မီးမောင်းထိုး ပြောဆိုခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်းလူမျိုးတွေကို ရွှေ့ပြောင်း  နေရာချထားတာဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်မှုလို့ ပြောရင်း ဒီလုပ်ရပ်ကို ဆန့်ကျင်ဖို့ ဖီဒန်က နိုင်ငံတကာအသိုက်အဝန်းကို တိုက်တွန်းခဲ့ပါတယ်။

Source-Reuters 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013