
ယူကရိန်းလုံခြုံရေးဌာန (SBU) ဟာ ရုရှားနိုင်ငံအတွက် သူလျှိုလုပ်တယ်ဆိုတဲ့ သံသယနဲ့ အကြီးတန်းအရာရှိတယောက်ကို အကြမ်းဖက်တိုက်ဖျက်ရေးစင်တာမှာ ဖမ်းဆီးထားကြောင်း ဖေဖော်ဝါရီ ၁၂ ရက်က ပြောကြားခဲ့ပြီး ဒါဟာ လျှို့ဝှက်ထောက်လှမ်းရေးအေးဂျင့်တွေက နိုင်ငံတော်လုံခြုံရေးအပေါ် ဆက်လက်ခြိမ်းခြောက်နေမှုကို ပြသတဲ့ နောက်ထပ်ဖြစ်ရပ်တခုလို့ ဆိုပါတယ်။
ထိန်းသိမ်းခံထားရသူဟာ စင်တာရဲ့ ဝန်ထမ်းအကြီးအကဲဖြစ်ပြီး ရုရှားပြည်ထောင်စုလုံခြုံရေးဌာန (FSB) အတွက် အလုပ်လုပ်ပေးနေကြောင်း SBU ရဲ့ တယ်လီဂရမ်မှာ ပြောထားပြီး အဲဒီအရာရှိရဲ့ နာမည်ကိုတော့ မဖော်ပြထားပါဘူး။
ယူကရိန်းလုံခြုံရေးဌာန အကြီးအကဲ ဗာဆီးလ် မားလိခ် ကတော့ “ယူကရိန်း အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုဌာနမှ အရာရှိချုပ်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အဲဒီအရာရှိဟာ SBU ရဲ့ အကြမ်းဖက်တိုက်ဖျက်ရေးဌာနကို ၂၀၁၆ ခုနှစ်ကတည်းက အကြီးတန်းရာထူးနဲ့ ဦးဆောင်ခဲ့သူ ဖြစ်တယ်” လို့ ပြောပါတယ်။
အဲဒီအရာရှိရဲ့ ဂတ်ဂျက်တွေထဲကို ဝင်နိုင်ဖို့ ကုဒ်ဝှက်ထားတဲ့ ဆော့ဖ်ဝဲကို အသုံးပြုခဲ့ပြီး သူနဲ့ တချိန်လုံး ရှိနေခဲ့ကြောင်းနဲ့ အသံနဲ့ ဗီဒီယို ထိန်းချုပ်မှုကို လုပ်ဆောင်ခဲ့ကြောင်း၊ ရန်သူဆီကို အချက်အလက်တွေ စုဆောင်းခြင်းနဲ့ ပေးပို့ခြင်းတို့ကို အရည်အသွေးပိုင်းအရ မှတ်တမ်းတင်နိုင်ခဲ့ကြောင်းလည်း ဆိုပါတယ်။
ယူကရိန်းလုံခြုံရေးဌာန SBU ဟာ နိုင်ငံတော်ပုန်ကန်မှုနဲ့ ထိန်းသိမ်းခံထားရတဲ့ အရာရှိရဲ့ တရားမဝင်လှုပ်ရှားမှု ၁၄ ခုထက်မနည်းကို မှတ်တမ်းတင်ထားတယ်လို့ မားလိခ်က ပြောပါတယ်။
SBU ဟာ သံသယရှိတဲ့ သူလျှိုကို ဖမ်းမိဖို့အတွက် အဲဒီအချိန်တုန်းက စစ်ဆင်ရေးနဲ့ပတ်သက်တဲ့ သတင်းမှားတွေကို မော်စကိုကို ပေးပို့ခဲ့ကြောင်းလည်း မားလိခ်က ပြောဆိုပါတယ်။
ရုရှားနဲ့ ၃ နှစ်ပြည့်နီးပါး စစ်ပွဲအတွင်းမှာ ယူကရိန်းအရာရှိတွေဟာ မော်စကိုက စုဆောင်းထားတဲ့ အေးဂျင့်တွေကို ရှာဖွေဖော်ထုတ်ဖို့အတွက် စစ်ဆင်ရေး အမြောက်အမြားကို အစီရင်ခံခဲ့ပါတယ်။
ယူကရိန်းဟာ သူတို့ကို သူလျှိုလုပ်ခြင်း၊ စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေရဲ့ တည်နေရာ အတိအကျကို ထောက်ပံ့ပေးခြင်းနဲ့ စစ်သုံးယာဉ်တွေကို မီးရှို့ခြင်း အပြင် တခြားထိခိုက်နစ်နာစေတဲ့ လုပ်ရပ်တွေကို လုပ်ဆောင်တယ်လို့ စွပ်စွဲထားပါတယ်။
Source : Reuters