
တရုတ်နိုင်ငံဟာ ရုရှားရဲ့ စစ်ဘက်ဆိုင်ရာ မောင်းသူမဲ့လေယာဉ် ထုတ်လုပ်ရေးမှာ ကူညီပေးနေပြီး မော်စကိုရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအတွက် အရေးပါတဲ့ အနောက်တိုင်း ပစ္စည်းအစိတ်အပိုင်းတွေကို မှောင်ခိုတင်သွင်းတဲ့ အချက်အချာနေရာ ဖြစ်လာတယ်လို့ အက်စ်တိုးနီးယား နိုင်ငံခြားထောက်လှမ်းရေးက ဖေဖော်ဝါရီ ၁၂ ရက်မှာ ထုတ်ပြန်တဲ့ သူ့ရဲ့ နှစ်ပတ်လည် အမျိုးသားလုံခြုံရေး အစီရင်ခံစာထဲမှာ ပြောကြားခဲ့ပါတယ်။
အခု ရုရှားကို ရောက်ရှိနေတဲ့ အစိတ်အပိုင်းတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာ တရုတ်နိုင်ငံကလာတာလို့ ဆိုပါတယ်။
ယူကရိန်းစစ်မြေပြင်ရှိ ရုရှားလက်နက်တွေမှာ တွေ့ရှိရတဲ့ နိုင်ငံခြားပစ္စည်း အစိတ်အပိုင်းတွေရဲ့ အကြမ်းဖျင်း ၆၀ ရာခိုင်နှုန်းလောက်ဟာ တရုတ်နိုင်ငံကတဆင့် ရောက်ရှိလာကြောင်း အရင် ယူကရိန်းသတင်းတွေအရ သိရပါတယ်။
ရုရှားမှာ ဒရုန်းအစိတ်အပိုင်းတွေအတွက် ပြည်တွင်းမှာ တခြားရွေးချယ်စရာတွေ မရှိတာကြောင့် ဒါတွေအများစုကြီးဟာ အနောက်နိုင်ငံတွေကနေ လာတာဖြစ်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
“တရုတ်ဟာ ဒရုန်းနည်းပညာနဲ့ တခြား စစ်တပ်စက်မှုဇုန်တွေ ဖွံ့ဖြိုးတိုးတက်ဖို့ရာမှာ လိုအပ်တဲ့ အနောက်တိုင်း အစိတ်အပိုင်းတွေအတွက် လမ်းကြောင်း စီစဉ်ဖြည့်ဆည်းပေးခြင်းအားဖြင့် ရုရှားကို ကူညီနေကြောင်းနဲ့ ယူကရိန်းစစ်ပွဲမှာ မရှုံးရအောင် ရုရှားကို ကာကွယ်ပေးတဲ့နေရာမှာ တရုတ်အကျိုးစီးပွား ရှိနေတာဟာ အမေရိကန်အတွက် အောင်ပွဲတခု ကိုယ်စားပြုနေတာပဲ” လို့ အက်စ်တိုးနီးယား နိုင်ငံခြားထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ် ကောင်ပိုရိုဆင်န်က ဗီဒီယိုကောလ်တခုမှာ သတင်းထောက်တွေကို ပြောပါတယ်။
တရုတ်နိုင်ငံဟာ ယူကရိန်းကို ကမ္ဘာ့အင်အားကြီးဂိမ်းတခုထဲက အပေါင်ခံပစ္စည်းအဖြစ် ပုံဖော်ထားပြီး ဒါဟာ ရုရှားရဲ့ သြဇာလွှမ်းမိုးမှု နယ်ပယ်ထဲမှာ ရှိနေတာလို့ ဆိုလိုကြောင်းနဲ့ ယူကရိန်းရဲ့ နေရာမှာ အက်စ်တိုးနီးယား ဖြစ်ရင်လည်း တရုတ်ရဲ့ ရှုထောင့်က အတူတူပဲလို့လည်း ဆိုပါတယ်။
NATO အဖွဲ့ဝင် အက်စ်တိုးနီးယားဟာ အထူးသဖြင့် ရုရှားက ယူကရိန်းကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှာ ကျူးကျော်ပြီးကတည်းက မော်စကိုကို သူ့ရဲ့လုံခြုံရေးအတွက် အဓိက ခြိမ်းခြောက်မှုအဖြစ် မှတ်ယူထားပြီး ရုရှားရဲ့ စစ်ရေးစွမ်းရည်တွေကို အနီးကပ်ခြေရာခံနေတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ နည်းပညာမြင့် စစ်ဖက်-အရပ်ဖက် ၂ မျိုးသုံး ကုန်ပစ္စည်းတွေ တင်သွင်းဖို့အတွက် ရုရှားရဲ့ “ပင်မဗဟိုအချက်အချာ” ဖြစ်ပြီး အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ရှောင်တိမ်းနေတာဖြစ်ကြောင်း အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
ဒီအစီရင်ခံစာအပေါ် တာလင်မြို့ရှိ တရုတ်သံရုံးကို မှတ်ချက်ပေးဖို့ ရိုက်တာစ်က တောင်းဆိုထားပါတယ်။
Source : Reuters