Home
နိုင်ငံတကာ
ပူတင်နှင့် ဇလန်းစကီးတို့ ငြိမ်းချမ်းရေးရချင်ဟု ထရမ့်ပ် ပြော၊ ပူတင်က ထရမ့်ပ်ကို ယူကရိန်းအရေး ဆွေးနွေးရန် ဖိတ်ခေါ်
DVB
·
February 13, 2025
Photo: REUTERS/Nathan Howard

ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ယူကရိန်းသမ္မတ ဇလန်းစကီးတို့ ၂ ယောက်လုံးဟာ ဖေဖော်ဝါရီ ၁၂ ရက်က သီးခြားဖုန်းခေါ်ဆိုမှုတွေမှာ ငြိမ်းချမ်းရေးလိုလားကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောကြားလိုက်ပြီး ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေးမှုတွေ စတင်ဖို့ အမေရိကန် ထိပ်တန်းအရာရှိတွေကို ထရမ့်ပ်က အမိန့်ပေးခဲ့ပါတယ်။

ပူတင်နဲ့ အချိန် ၁ နာရီကျော်ကြာ စကားပြောပြီးနောက်မှာ ၂၀၂၂ ခုနှစ်တုန်းက ယူကရိန်းကို အပြည့်အ၀ ကျူးကျော်ခဲ့တဲ့ ရုရှားခေါင်းဆောင်ဟာ စစ်ပွဲကို အဆုံးသတ်ချင်နေတယ်လို့ ထရမ့်ပ်က ပြောကြားလိုက်ပြီး သူတို့ဟာ သိပ်မဝေးလှတဲ့ အနာဂတ်ကာလမှာ အပစ်အခတ်ရပ်စဲရေးရဖို့ ဆွေးနွေးခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

ငြိမ်းချမ်းရေးရဖို့ လမ်းစရောက်နေပြီလို့ ထင်မြင်ကြောင်းနဲ့ သူ့အနေနဲ့ကတော့ လူတွေ သတ်ဖြတ်နေတာတွေကို ရပ်တန့်သွားတာကို မြင်ချင်ကြောင်းလည်း ဘဲဥပုံရုံးခန်းမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

သမ္မတ ပူတင် ဘာတွေ တွေးနေတယ်ဆိုတာ လူတွေ တကယ်မသိကြပေမဲ့ စစ်ပွဲပြီးသွားမှာကို သူမြင်ချင်နေတယ် ဆိုတာတော့ ယုံကြည်ချက်အပြည့်နဲ့ ပြောနိုင်မယ်ထင်ကြောင်းနဲ့ ပြီးနိုင်သမျှ မြန်မြန်ပြီးအောင် လုပ်ဆောင်သွားမယ်လို့လည်း ထရမ့်ပ်က ပြောပါတယ်။

ပူတင်က စစ်ပွဲကို ပြီးစေချင်နေပြီး သူ မပြီးချင်ဘူး ဆိုရင်လည်း နောက် ၆ လလောက်အကြာမှာ တိုက်ပွဲတွေ ပြန်ရှိမှာပဲလို့လည်း ဆိုပါတယ်။

သူနဲ့ ပူတင်နဲ့ ပထမဆုံးတွေ့ဆုံမှုဟာ ဆော်ဒီအာရေးဗျမှာ ဖြစ်နိုင်တယ်လို့လည်း ထရမ့်ပ်က ပြောပါတယ်။

ကိယက်ဗ်နဲ့ မော်စကိုကြား ရန်လိုမှုတွေ အဆုံးသတ်ရေး ဆွေးနွေးပွဲတွေကို စတင်ဖို့ အမေရိကန် သမ္မတက ကြိုးပမ်းနေချိန်မှာပဲ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက သူဟာ ဒေါ်နယ်ထရမ့်ပ်နဲ့ ဖေဖော်ဝါရီ ၁၂ ရက်က အလွန်ခိုင်မာတဲ့ စေ့စပ်ညှိနှိုင်းမှုတွေကို ပြောဆိုခဲ့ကြောင်း သူ့ရဲ့ ညစဉ်မိန့်ခွန်းမှာ ပြောကြားပါတယ်။

သူက အမေရိကန်နဲ့ ယူကရိန်းတို့ရဲ့ “မျှဝေထားသော အခွင့်အလမ်းတွေ” နဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဘယ်လိုဘယ်ပုံ ဆောင်ကြဉ်းပေးမလဲ ဆိုတဲ့အပေါ် ထရမ့်ပ်ရဲ့ “စိတ်ဝင်စားမှု အစစ်အမှန်” ကို အမှန်တကယ် လေးစားကြောင်းလည်း ဇလန်းစကီးက ပြောပါတယ်။

သံတမန်ရေး၊ စစ်ရေး၊ စီးပွားရေး ကိစ္စတွေ အပါအဝင် အသေးစိတ် အချက်အလက်များစွာကို အချိန်ကြာကြာ ဆွေးနွေးခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

“ကျွန်ုပ်တို့နဲ့ ကျွန်ုပ်တို့ရဲ့ မိတ်ဖက်တွေ အားလုံးနဲ့အတူ အမေရိကန်ရဲ့ အင်အားဟာ ငြိမ်းချမ်းရေး ရတဲ့အထိ ရုရှားနဲ့ ပူတင်ကို ဖိအားပေးဖို့ လုံလောက်တယ်လို့ ထင်ပါကြောင်း” လည်း ပြောဆိုခဲ့ပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့တ် ဘတ်ဆန့်နဲ့ တွေ့ဆုံပြီးနောက်မှာ အမေရိကန်နဲ့ ယူကရိန်းတို့ဟာ နှစ်နိုင်ငံ လုံခြုံရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စာတမ်းပြင်ဆင်ရေးကို ဆွေးနွေးခဲ့ကြောင်းလည်း ဇလန်းစကီးက ပြောသွားပါတယ်။

ထရမ့်ပ်ဟာ ယူကရိန်းစစ်ပွဲကို အမြန်အဆုံးသတ်မယ်လို့ ပြောထားတာ ကြာနေပြီဖြစ်ပြီး ဒါကို ဘယ်လိုပြီးမြောက်အောင် လုပ်မယ်ဆိုတာတော့ အတိအကျ မဖော်ပြထားပါဘူး။

ထရမ့်ပ်ဟာ သူ အဆုံးသတ်ပေးမယ်လို့ ကတိပြုထားတဲ့ စစ်ပွဲအရေးမှာ သံတမန်ရေးဆိုင်ရာ ပထမဆုံး ခြေလှမ်းကြီးအဖြစ် ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အရင်စကားပြောဆိုခဲ့တာပါ။

ကိယက်ဗ်ဟာ NATO စစ်မဟာမိတ်အဖွဲ့မှာ အဖွဲ့ဝင်ဖြစ်ရေးနဲ့ ရုရှား သိမ်းယူထားတဲ့ နယ်မြေအားလုံးကို ပြန်လည်ရရှိရေး ဆိုတဲ့ ကာလရှည်ကြာ ဆုပ်ကိုင်ထားတဲ့ သူ့ရဲ့ပန်းတိုင်တွေကို စွန့်လွှတ်ရလိမ့်မယ်လို့ ထရမ့်ပ်ရဲ့ ကာကွယ်ရေးဝန်ကြီးက အစောပိုင်းမှာ ပြောပြီးနောက်မှာ ခုလို မှတ်ချက်စကား ထွက်လာတာဖြစ်ပြီး စစ်ပွဲအပေါ် ဝါရှင်တန်ရဲ့ ချဉ်းကပ်မှု သိသိသာသာ အပြောင်းအလဲကို အချက်ပြနေတာ ဖြစ်ပါတယ်။

ပူတင်နဲ့ ဒေါ်နယ်ထရမ့်ပ်တို့ ဖေဖော်ဝါရီ ၁၂ ရက်က ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေးခဲ့ကြပြီး အနာဂတ်မှာ တွေ့ကြဖို့ သဘောတူခဲ့ကြတယ်၊ ပူတင်က ထရမ့်ပ်ကို မော်စကိုမြို့တော်ဆီ လာလည်ဖို့ ဖိတ်ကြားခဲ့တယ်လို့ ရုရှားသမ္မတနန်းတော် ကရင်မလင်က ပြောလိုက်ပါတယ်။

ပူတင်ဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းကိုတိုက်ဖို့ စစ်သည်ထောင်ချီကို အမိန့်မပေးခင်လေးမှာ အာဏာလက်ရှိ အမေရိကန်သမ္မတဖြစ်သူ ဂျိုးဘိုင်ဒင်နဲ့ နောက်ဆုံး စကားပြောခဲ့ပါတယ်။

နှစ်နိုင်ငံဆက်ဆံရေး၊ အရှေ့အလယ်ပိုင်းအရေး၊ ယူကရိန်း၊ အမေရိကန်နဲ့ ရုရှား အစိုးရတို့ကြား အကျဉ်းသားလဲလှယ်ရေး ကိစ္စတွေကို ပူတင်နဲ့ ထရမ့်တို့က ဆွေးနွေးခဲ့တယ်လို့ ကရင်မလင် ပြောခွင့်ရပုဂ္ဂိုလ် ဒမစ်ထရီ ပဲ့စ်ကို့ဗ်က ပြောခဲ့တယ်လို့ ရုရှား နိုင်ငံပိုင်သတင်းအေဂျင်စီ TASS က ဖော်ပြပါတယ်။

“ရုရှားသမ္မတက အမေရိကန်သမ္မတကို မော်စကိုဆီ လာရောက်လည်ပတ်ဖို့ ဖိတ်ကြားပြီး ယူကရိန်း အခြေချမှုဆိုင်ရာ ခေါင်းစဉ်အပါအဝင် အပြန်အလှန် စိတ်ဝင်စားကြတဲ့ နယ်ပယ်တွေမှာ အမေရိကန်အရာရှိတွေကို လက်ခံဖို့ အဆင်သင့်ဖြစ်နေတဲ့အကြောင်း ဖော်ပြခဲ့ပါတယ်” လို့ ပဲ့စ်ကို့ဗ်က ပြောပါတယ်။

“ပူတင်နဲ့ ထရမ့်ပ် တို့ကလည်း မျက်နှာချင်းဆိုင်တွေ့ဆုံဖို့ စီစဉ်တာ အပါအဝင် ကိုယ်ရေးကိုယ်တာ အဆက်အသွယ်တွေ ဆက်လုပ်ဖို့လည်း သဘောတူခဲ့ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

၁၉၈၇ ခုနှစ်တုန်းက သဘောတူညီချက် အနုပညာ ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့သူ ထရမ့်ပ်ဟာ ယူကရိန်းစစ်ပွဲကို အဆုံးသတ်ချင်ပြီး ပူတင်နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ ထပ်ခါတလဲလဲ ပြောခဲ့သူပါ။ ထိပ်သီးဆွေးနွေးပွဲကျင်းပမယ့် ရက်နဲ့ နေရာကို လူသိရှင်ကြား မကြေညာရသေးပါဘူး။

Source : Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024