Home
နိုင်ငံတကာ
ထရမ့်ပ်၏ သံမဏိနှင့် အလူမီနီယံ အခွန်တိုးကောက်မှုအပေါ် သက်ဆိုင်ရာနိုင်ငံများ တုံ့ပြန်
DVB
·
February 12, 2025
Photo: REUTERS/Kevin Lamarque

ကနေဒါနဲ့ မက္ကဆီကို အပါအဝင် ဥရောပနိုင်ငံတွေက ထရမ့်ပ်ရဲ့ သံမဏိနဲ့ အလူမီနီယံအပေါ် အခွန်တိုးကောက်မှုကို မျှတမှုမရှိကြောင်း ဝေဖန်ရှုတ်ချလိုက်ပြီး လက်တုံ့ပြန်မယ်လို့ ဆိုပါတယ်။

ထရမ့်ပ်က ပြည်ပထုတ် သံမဏိနဲ့ အလူမီနီယမ်အပေါ် “ခြွင်းချက်ရော၊ ကင်းလွတ်ခွင့်ပါ မရှိဘဲ” ၂၅ ရာခိုင်နှုန်း အခွန်စည်းကြပ်မယ်ဆိုပြီး ဘဲဥပုံရုံးခန်းမှာ ကြေညာခဲ့တာပါ။

လာမယ့် မတ် ၁၂ ရက်မှာ အခွန်စည်းကြပ်မှုအသစ် စတင်အသက်ဝင်မှာ ဖြစ်တယ်လို့လည်း အမေရိကန်သမ္မတကိုယ်တိုင် ပြီးခဲ့တဲ့တနင်္လာနေ့က အတည်ပြုပါတယ်။

ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒိုးကတော့ “နိုင်ငံတကာ မိတ်ဖက်တွေ၊ မိတ်ဆွေတွေနဲ့ အတူပူးပေါင်းပြီး” အခွန်စည်းကြပ်မှု ရပ်ဆိုင်းဖို့အတွက် ထရမ့်ပ်အစိုးရကို ဖိအားပေးမယ်လို့ ပြောပါတယ်။

မက္ကဆီကိုအစိုးရရဲ့ တာဝန်ရှိသူတွေကလည်း အခွန်တိုးကောက်မှုကို “မတော်မတရား” ဖြစ်နေတယ်လို့ တုံ့ပြန်ကာ ထရမ့်ပ်ဆီ ရပ်တန့်အောင် တင်ပြသွားမယ်လို့ ဆိုပါတယ်။

ဥရောပခေါင်းဆောင်တွေဘက်က ထိရောက်စွာ တုံ့ပြန်မယ်လို့ ကတိပြုခဲ့ပေမဲ့လည်း အသေးစိတ် အစီအစဉ်ကိုတော့ ဖော်ပြခဲ့ခြင်း မရှိပါဘူး။

ဒါပေမဲ့လည်း အမေရိကန်ပြည်တွင်းမှာ အသုံးပြု​နေတဲ့ သံမဏိအားလုံးရဲ့ ၄ ပုံ ၁ ပုံလောက်ကို ပြည်ပကနေ တင်သွင်းနေရတာ ဖြစ်ပါတယ်။

၂၀၂၄ မတ်လကနေ ၂၀၂၅ ဇန်နဝါရီလအထိ ကနေဒါ၊ ဘရာဇီးနဲ့ မက္ကဆီကိုတို့ဟာ အမေရိကန်အတွက် သံမဏိတင်ပို့မှုအများဆုံး ထိပ်တန်း ၃ နိုင်ငံဖြစ်ပြီး စုစုပေါင်းတင်သွင်းမှုရဲ့ ထက်ဝက်နီးပါးဖြစ်တဲ့ ၄၉ ရာခိုင်နှုန်းအထိကို ထောက်ပံ့ထားပါတယ်။

ကနေဒါနိုင်ငံဟာ အမေရိကန်အတွက် အလူမီနီယမ် တင်ပို့မှုမှာလည်း မက်ထရစ်တန်ချိန် ၃ သန်းနီးပါးနဲ့ အများဆုံးဖြစ်ပါတယ်။

၂၀၂၄ မတ်လကနေ ၂၀၂၅ ဇန်နဝါရီလအထိ အမေရိကန်ရဲ့ အလူမီနီယံတင်သွင်းမှု ၄၀ ရာခိုင်နှုန်းလောက်ဟာ ကနေဒါကို မှီခိုနေရတာ ဖြစ်ပါတယ်။

အမေရိကန်အတွက် တင်ပို့မှုသိပ်မရှိတဲ့ တရုတ်နိုင်ငံကတော့ ကမ္ဘာ့သံမဏိစျေးကွက်မှာ အကြီးမားဆုံး ထုတ်လုပ်သူဖြစ်ပြီး စုစုပေါင်းထုတ်လုပ်မှုရဲ့ ထက်ဝက်ကျော်အထိကို ပိုင်ဆိုင်ထားပါတယ်။

ဒါကြောင့် စျေးပိုမိုသက်သာတဲ့ တရုတ်ရဲ့ သံမဏိပို့ကုန်တွေဟာ ကမ္ဘာ့ဈေးကွက်အပေါ် လွှမ်းမိုးလျက်ရှိပါတယ်။

အခုလိုမျိုး သွင်းကုန်ခွန် စည်းကြပ်မှုကြောင့် ပြည်ပထုတ်ကုန်တွေ စျေးကြီးလာတာနဲ့အမျှ စားသုံးသူတွေအတွက် ကုန်ကျစရိတ် မြင့်တက်စေပြီး ပြည်တွင်းထုတ်ကုန်တွေရဲ့ ဝယ်လိုအားတက်လာအောင် ရည်ရွယ်လုပ်ဆောင်တာမျိုး ဖြစ်ပါတယ်။

အမေရိကန်လုပ်ငန်းတွေကို အကာအကွယ်ပေးနိုင်ရေး၊ ကုန်သွယ်ရေးမညီမျှမှု လျှော့ချနိုင်ရေးနဲ့  ပြည်တွင်းထုတ်လုပ်မှု မြှင့်တင်ရေးအတွက် အခုလိုမျိုး အကောက်ခွန် ဖော်ဆောင်ရတာ ဖြစ်ကြောင်း ထရမ့်ပ်က ပြောခဲ့ဖူးပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013