
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကျွန်းတောကုန်းရွာမှ အသက် ၁၂ အရွယ် ၃ တန်းကျောင်းသား တယောက် မိုင်းနင်းမိပြီး ခြေထောက်နှစ်ဖက် ဆုံးရှုံးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
၃ တန်းကျောင်းသားလေး မောင်ကြယ်စင်ဟိန်းဟာ ကျောင်းပိတ်ရက် လယ်ထဲကို ပဲကောက်သင်းလိုက်ကောက်ရင်း မတ် ၂ ရက် ညနေ ၃ နာရီဝန်းကျင်က မိုင်းနင်းမိခဲ့တာလို့ အဲဒီကလေးရဲ့ ဆွေးမျိုးနီးစပ် အမျိုးသမီးတယောက်က ပြောပါတယ်။
“ကလေးက ပဲကောက်နေရင်း နေပူတော့ ရေဆာတာနဲ့ လယ်ကွင်းနားက အင်းစပ်ကို ရေဆင်း သောက်တာ၊ အဲဒီမှာ မိုင်းနင်းမိတာ၊ တောင်ငူဆေးရုံကို ပို့ထားရတယ်၊ ခြေထောက် နှစ်ဖက်စလုံး ဖြတ်လိုက်ရတယ်။ မိသားစုက သာမန်လက်လုပ်လက်စား ဆင်းရဲနွမ်းပါးလို့ ဆေးကုသဖို့ ငွေကြေးမရှိဘူး။ အဲဒါကြောင့် ပရဟိတအသင်းက အစ်ကိုတွေ တာဝန်ယူပြီး ဆေးကုပေးနေတာ၊ ကလေးက လိမ္မာတယ်၊ စာလည်း တော်တယ်၊ ခုလည်း ကျောင်းပိတ်ရက် ပဲလိုက်ကောက်ရင်း ဖြစ်သွားတာ၊ သနားဖို့ အရမ်ကောင်းတာပဲ။”
ကျွန်းတောကုန်းရွာဟာ ရေတာရှည်မြို့နယ်အရှေ့ဘက်မှာ ရှိပြီး မောင်ကြယ်စင်ဟိန်း မိုင်းနင်းမိတဲ့ စစ်တောင်းမြစ် အနောက်ဘက်ကမ်းတောက်လျှောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မိုင်းတွေ ထောင်ထားတယ်လို့ ရေတာရှည်မြို့နယ် တော်လှန်ရေးရဲဘော် နွေဦးက ပြောပါတယ်။
“ကျနော်တို့က ဒီဘက်က ကူးလာမှာ ကြောက်ပြီး အဲဒီ စစ်တောင်းမြစ်ဘေး တောက်လျှောက် စစ်တပ်က မိုင်းတွေ ထောင်ထားတာ၊ မကျည်းကုန်းရွာကနေ နှောပင် ရွာမြောက်ဘက်အထိ မြစ်ကမ်းဘေး မိုင်းတွေရှိတယ်လို့ သိရတယ်။ ခွေးတွေ မိုင်းတွေ ခဏခဏနင်းမိလို့ မိုင်းတွေ ကွဲကြတယ်။ အဲဒါတွေသိလို့ လူကြီးတွေက မသွားဘူး။ အခု ကလေးက မသိလို့ သွားရင်းကနေ နင်းမိတာ ဖြစ်မယ်။”
ဖေဖော်ဝါရီ ၂၃ ရက်ကလည်း မုန်းမြို့နယ်မှ အမျိုးသား တယောက် နွားကျောင်းသွားရင်း မိုင်းနင်းမိလို့ ခြေထောက်တဖက် ပြတ်သွားတာကြောင့် တောင်ငူဆေးရုံမှာ ဆေးကုသ ခံယူနေရပါတယ်။
တောင်ငူခရိုင်ထဲက မြို့နယ်တွေမှာ မကြာခဏ အခြေခံလက်လုပ်လက်စား ပြည်သူတွေ မိုင်းနင်းမိကြပြီး ဆေးကုသဖို့ ခက်ခဲနေတာကြောင့် ပရဟိတအသင်းတွေနဲ့ အလှူရှင်တွေ ပူးပေါင်း ဆေးကုသပေးနေရတယ် ဒေသခံပြည်သူတွေဆီက သိရပါတယ်။