
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်က လေကြောင်းနဲ့တိုက်ခိုက်လို့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့က မကျီးဇင်နဲ့ ဂျိုင်လယ်ကျေးရွာမှာ လူနေအိမ် ၁၀၀ ကျော် မီးလောင် ပျက်စီး ဆုံးရှုံးခဲ့ရပြီး ဒေသခံတွေ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတို့ ပြီးခဲ့တဲ့ ဇန်နဝါရီ စတုတ္ထအပတ်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး မကျီးဇင်နဲ့ ဂျိုင်လယ်ကျေးရွာတို့ကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၁ ရက်၊ ၁၂ ရက်နဲ့ ၁၃ ရက် မနက်အစောပိုင်း ၁ နာရီဝန်းကျင်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “ပစ်ခတ်တာလောက်ဆို အဲဒီလောက် ဆုံးရှုံးမယ်လို့ မထင်ပါဘူး။ လေကြောင်းနဲ့ ၃ ရက်လောက် ဆက်ဗုံးကြဲလို့ အခုလောက်ဖြစ်သွားတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ၃ ရက်ဆက် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဂျိုင်လယ်နဲ့ မကျီးဇင်ကျေးရွာက ခန့်မှန်းအိမ် ၁၀၀ ထက်မနည်း ပျက်စီးသွားတယ်လို့သိရပြီး ဒေသခံတွေအနေနဲ့ နေစရာအိမ်မရှိတဲ့အထိ ဖြစ်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီလက်အောက်ခံဝန်ထမ်း တယောက်က “လူတွေ မသေဘူးဆိုတာက စစ်ရှောင်နေလို့ပါ။ စကစ တပ်က သူတို့လက်လွှတ်ရတဲ့နေရာတွေမှာ တော်လှန်ရေးတပ်တွေ နေရာယူ တိုက်ခိုက်နေတယ်လို့ ယူဆပြီးလုပ်ခဲ့တာ” လို့ ပြောပါတယ်။
လတ်တလော စစ်ကောင်စီနဲ့ AA တို့ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းရဲ့အစပ်က မြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားနေပြီး သေဆုံးထိခိုက်ဒဏ်ရာရ စစ်ကောင်စီတပ်သားတွေကို ပုသိမ်ဘက်ကို နေ့စဉ် သယ်ယူပို့ဆောင်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
AA ကလည်း ရခိုင်နဲ့ထိစပ်နေတဲ့ ဧရာဝတီတိုင်း အပါအဝင် မကွေးနဲ့ ပဲခူးတိုင်း အစပ်နေရာတွေကိုပါ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဇန်နဝါရီ ၂၀ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။