
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က ကျေးရွာ ၂ ရွာကို စစ်ကောင်စီ လက်အောက်ခံ စစ်တပ်နဲ့ ပြည်သူ့စစ်တွေက စီးနင်းဝင်ရောက်တပ်စွဲကာ အသက် ၁၂ အရွယ်ကလေး တယောက်အပါအဝင် ပြည်သူ ၃ ယောက်ကို သတ်ဖြတ်ခဲ့ကြသလို လူနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ကန့်ဘလူအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
ကန့်ဘလူခရိုင် တပ်ရင်း ၄ ရဲ့ တာဝန်ခံ ကိုဂျိုးဇက်က “သင်္ကန်းဝတ် ဝါသဝ ခေါင်းဆောင်တဲ့ ပြည်သူ့စစ်တွေ အပါအဝင် ခမရ ၃၆၁ က စစ်သားအင်အား ၁၀၀ လောက်နဲ့ ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းပေါ်က ပေကြီးရွာနဲ့ ငှက်ပျောတိုင်းရွာတွေကို ဝင်ပြီး တပ်စွဲနေကြတယ်။ ပြည်သူတွေကိုလည်း လူသားဒိုင်းအနေနဲ့ ပေကြီးရွာ စာသင်ကျောင်းထဲမှာ ဖမ်းထားတယ်။ အဖမ်းခံရသူက အယောက် ၃၀ နဲ့ ၅၀ ကြားရှိနေတယ်။ အဖမ်းခံထားရတဲ့ လူဦးရေ အတိအကျ သိဖို့ကတော့ မလွယ်သေးဘူး။ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေ ပါနေတယ်ဆိုတာတော့ သိရတယ်။ တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ ရွာတွေကို စစ်ကြောင်းထိုးပြီး သက်သက်မဲ့ ဖမ်းဆီး သတ်ဖြတ် ဖျက်ဆီးနေတာဖြစ်တယ်” လို့ ပြောပါတယ်။
ပြည်သူ့စစ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီ ၁၉ ရက်ကစလို့ ပေကြီးကျေးရွာကို စတင်စီးနင်းဝင်ရောက်လာကြကာ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးကာ ဖေဖော်ဝါရီ ၂၃ ရက်၊ မနက်ပိုင်းမှာတော့ ငှက်ပျောတိုင်းကျေးရွာကို ဆက်လက်ဝင်ရောက်ပြီး အသက် ၁၂ နှစ်အရွယ် ကလေးတယောက်နဲ့ ပြည်သူ ၂ ယောက်ကို သတ်ဖြတ်သွားခဲ့တာလို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံတွေဟာ အဲဒီကျေးရွာတွေက လူနေအိမ်တွေကို မီးရှို့ ဖျက်ဆီးတာတွေအပြင် ဒရုန်းတွေနဲ့ပါ ဗုံးကြဲချလို့ ဖေဖော်ဝါရီ ၂၈ ရက် မနက်ပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အဆိုပါ စစ်ကောင်စီလက်အောက်ခံတွေကို သွားရောက် တိုက်ခိုက်ခဲ့ ပါတယ်။
မတ်လ ၂ ရက် မနက်ပိုင်းကလည်း အဲဒီစစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား တယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကိုင်းတိုင်း အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံတယောက်က “စစ်တပ် အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ပေကြီးရွာကို မီးရှို့ခံရတာ ၅ ကြိမ်ထက်မနည်း ရှိနေပြီ။ အဲဒီနားမှာက ပျူအင်အားကောင်းတယ်။ ဝါသဝ ရဲ့ ပြည်သူ့စစ်အင်အားက ၁၀၀၀ နီးပါးရှိပြီး လက်နက်တပ်ဆင်ပေးထားတော့ မထင်ရင်မထင်သလို ပြည်သူကို လုပ်ချင်တိုင်း လုပ်နေကြတာဗျ။ ရွာတွေက အိမ်တွေလည်း မီးလောင်လို့ ကုန်သလောက်နီးပါးရှိနေပြီ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ကာ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေလို့ ပေကြီးနဲ့ ငှက်ပျောတိုင်းကျေးရွာတွေအပြင် အနီးအနားက ခအုန်းသာ၊ ထနောင်းသုံးပင်၊ ရေရှင်ကြီး၊ စံပ္ပါယ်နံသာ၊ ရွာဟောင်း၊ ကျေးပင်အက်၊ မြေနီအက်၊ ရေအေး စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူ သောင်းနဲ့ချီပြီး စစ်ဘေးရှောင်နေကြရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်တွေဟာ ပြီးခဲ့တဲ့နှစ် မတ်လကလည်း ပေကြီးကျေးရွာက အသက် ၃၅ နှစ်အရွယ် ကိုခင်မောင်ဦးကို ရက်ရက်စက်စက် ခေါင်းဖြတ် သတ်ဖြတ်ခဲ့ပြီး ပြည်သူပိုင်နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြပါသေးတယ်။