
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မဈေးထဲမှာ လိုက်လံတောင်းစားနေတဲ့ ကလေးငယ်တွေ အရင်ကထက်ပိုများလာပြီး စျေးဝယ်သူတွေ အနှောင့်အယှက်ဖြစ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီအာဏာမသိမ်းခင်က လိုက်လံတောင်းစားနေတဲ့ ကလေးငယ်တွေရှိခဲ့ပေမဲ့ အခုလိုမများဘဲ အခုတော့ တောင်းစားနေတဲ့ကလေးငယ်တွေအပြင် သက်ကြီးရွယ်အိုတွေလည်း သိသိသာသာ ပိုများလာတယ်လို့ သိရပါတယ်။
တောင်ကြီးမြို့ခံတယောက်က “တချို့ဆို မိသားစုလိုက် တောင်းစားတာ။ တချို့ကျလည်း ဆေးဖိုးလေးပေးပါ ထမင်းဖိုးလေးပေးပါ ဆိုပြီး အတင်းတောင်းတာ။ မပေးလို့လည်းမရဘူး။ မပေးဘူးဆိုလည်း အော်ဆဲတာ၊ လူကိုမျက်စောင်းထိုးတာတို့ လုပ်တယ်။ အရမ်းကြောက်ဖို့ ကောင်းတယ်။ ခုခေတ်က အလုပ်ကိုင်လည်းရှားပါး၊ ခေတ်လည်းပျက်တော့ လွယ်တာကိုပဲ လုပ်စားနေကြတာ” လို့ ပြောပါတယ်။
တောင်းစားနေတဲ့သူတွေထဲမှာ မြို့ခံနည်းနည်းပဲပါပြီး ရှမ်းမြောက်နဲ့ အညာဒေသဘက်က ပြောင်းရွှေ့လာသူတွေပိုများသလို ကလေးငယ်နဲ့ အဖိုးအဖွားအများဆုံးဖြစ်ပြီး အများစုက ကိုယ်လက်အကောင်းနဲ့ဖြစ်တယ်လို့ မြို့ခံတယောက်က ဆက်ပြောပါတယ်။
“သူတို့က ခြေလက်အစုံရှိနေတာကို တောင်းစားနေတာ။ အရင်ဆို တောင်ကြီးမှာ ဒီလို တောင်းစားတဲ့သူ မများဘူး။ ခုဒီနောက်ပိုင်းမှ များလာတာ။ အဲလိုလုပ်စားတဲ့လူတွေ များလာတော့ မြို့ပုံရိပ်ပျက်မှာတောင် စိုးရိမ်ရတယ်”
တောင်ကြီးမြို့မဈေးထဲအပြင် မီးပုံးပျံကွင်းထဲ၊ ညဈေးထဲမှာလည်း တောင်းစားတဲ့ ကလေးတွေ များလာတဲ့အပြင် ရပ်ကွက်ထဲမှာလည်း အိတ်တလုံးကိုင်ပြီး ဗူးခွံကောက်တဲ့ ကလေးတွေ ပိုများလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စားနပ်ရိက္ခာမလုံလောက်လို့ မြန်မာနိုင်ငံအတွင်း ဆာလောင်မွတ်သိပ်မှုအခြေအနေက အလွန်ပြင်းထန်တဲ့အဆင့်ကို ရောက်ရှိနေသလို အခု ၂၀၂၅ ခုနှစ်မှာ နိုင်ငံ့လူဦးရေ ၁၅ သန်းလောက် ဆာလောင်မွတ်သိပ်မှုဒဏ်ကို ရင်ဆိုင်ရမယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က ဇန်နဝါရီ ၂၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။