
ကချင်ပြည်နယ်၊ လိုင်ဇာအနီး ဂျဲယန်စစ်ရှောင်စခန်းက ကလေး ၃ ယောက် ပြန်ပေးဆွဲ သတ်ဖြတ်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ကလေး ၃ ယောက် စလုံး ပြန်ရှာတွေ့ပြီ။ ၃ ယောက်စလုံးက အသက်မရှိတော့ဘူး” လို့ ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။
မိန်းကလေး ၂ ယောက်ကို ကျောက်တုံးနဲ့ချည်ပြီး ရေချောင်းထဲ နှစ်ထားကာ နောက် တယောက်ကိုတော့ ကြိုးနဲ့ဆွဲပြီး သတ်ထားတယ်လို့ ဒေသခံ အမျိုးသားတယောက်က ပြောတယ်။
"သူတို့ ဂျဲယန် စစ်ရှောင်စခန်းက လူပဲတဲ့။ ရန်ငြိုးရှိလို့ သတ်ဖြတ်တာ ထင်တယ်။ တောထဲမှာ သတ်ထားတာလို့ ပြောတယ်။ အဲဒီတယောက် ဟုတ်တယ်။ သူတို့ ကျူရှင် ဆရာမရဲ့ ယောက်ျားတဲ့။ အဲဒီတယောက်ကို ဖမ်းမိတော့မှ အလောင်းတွေ ပြန်ရှာတွေ့ရတာလို့ ပြောတယ်။"
ပြစ်မှု ကျူးလွန် သံသယရှိသူက ဂျဲယန် ရပ်ကွက် ၅ က အသက် ၂၅ နှစ် အရွယ် အုန်းဆောင်းဝ်ဒွဲအောင် ဖြစ်ပြီး သူနဲ့ ပူးပေါင်းသူတွေ ရှိသေးပေမဲ့ လောလောဆယ် သူတယောက်တည်း သတ်လိုက်တာ ဖြစ်ကြောင်း ဝန်ခံထားကာ နောက်ဆက်တွဲ စစ်ဆေးနေတုန်းပဲလို့ ဆိုပါတယ်။
ကလေးပျောက်ကြောင်း လိုင်းပေါ်တင်လိုက်တော့ အဲဒီကလေးတွေရဲ့ ဆရာမဆီ WeChat အကောင့်အသစ်တခုနဲ့ add လာပြီး ကလေးတွေကို တောထဲ ကြိုးတုပ်ထားတဲ့ပုံတွေ ပို့လာပြီးနောက် တရုတ်ယွမ် ၃ သိန်းနဲ့ လာရွေးဖို့ ပြောရာက WeChat အကောင့်နဲ့လိုက်ပြီး တရားခံကို မိတာလို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါ ပြစ်မှုကျူးလွန် သံသယရှိသူဟာ ကလေး ၃ ယောက်အား သတ်ပြီး ထွက်ပြေးဖို့ ကြိုးပမ်နေစဉ် KIA ရဲတွေက ဖေဖော်ဝါရီ ၂၄ ရက်မှာ ဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။
သတ်ဖြတ်ခံရတဲ့ ကလေး ၃ ဦးက ဂျဲယန် စစ်ရှောင်စခန်းက အသက် ၁၀ နှစ်အရွယ် မနန်းဇိန်းဂျီးဆန်မိုင်နဲ့ မလထော်ရွယ်ဂျီ၊ အသက် ၁၁ နှစ်အရွယ် မဖော်ယမ်ဆွတ်ဆိုင်းအိန်တို့ ဖြစ်ပြီး ဖေဖော်ဝါရီ ၂၂ ရက်နေ့က အပြင်ကို လမ်းလျှောက်ထွက်လည်ရာက ပျောက်ဆုံးသွားခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။