
ပြင်သစ်နိုင်ငံ သမိုင်းတလျှောက် အကြီးမားဆုံး ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုရဲ့ ပထမဆုံးရုံးချိန်းမှာ အစွပ်စွဲခံထားရသူ ခွဲစိတ်ဆရာဝန်ဟောင်းက တရားရုံးကို ထွက်ဆိုချက် ပေးခဲ့ပါတယ်။
၁၉၈၉ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်း ဂျိုဝယ်လက်စကွားနက်အမည်ရ အမျိုးသားဟာ သူ့လူနာပေါင်း ၂၉၉ ယောက်ကို မုဒိမ်းမှု ဒါမှမဟုတ် စော်ကားမှု ကျူးလွန်ခဲ့တယ်ဆိုပြီး စွဲချက်တင်ခံရတာပါ။
အဲဒီထဲက အများစုဟာ အသက် ၁၅ နှစ်အောက် ကလေးတွေဖြစ်ပြီး အများစုကို ဘရစ်တနီ ဒေသမှာ ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ လက် စကွားနက် ကတော့ “စက်ဆုပ်ရွံရှာဖွယ် လုပ်ရပ်တွေကို ကျူးလွန်မိခဲ့ကြောင်း” ဝန်ခံခဲ့သလို ကျူးလွန်ခံရသူတွေရဲ့ “ခံစားချက်ကို နားလည်ပြီး ကိုယ်ချင်းစာတယ်” လို့လည်း ပြောသွားပါတယ်။
“အဲဒီဒဏ်ရာတွေဟာ ကုစားမရနိုင်တဲ့အပြင် ဖျောက်ဖျက်လို့ပါမရဘူး ဆိုတာကို အပြည့်အဝ သိပါတယ်” လို့ ခွဲစိတ်ဆရာဝန်ဟောင်းက ဖြည့်စွက်ပြောပါတယ်။
ဆံပင်တွေဖြူနေပြီဖြစ်တဲ့ တရားခံရဲ့ ကျူးလွန်ခံရသူတွေထဲမှာ အသက်အငယ်ဆုံးက ၁ နှစ်သားအရွယ်ဖြစ်ပြီး အကြီးဆုံးကိုတော့ အသက် ၇၀ ရှိပြီဖြစ်ကြောင်း ဖော်ပြထားပါတယ်။
၂၅ နှစ်ကျော် ကာလအတွင်း လက် စကွားနက်က လူနာ ကလေးတွေအပေါ် ကျူးလွန်ခဲ့တဲ့ လုပ်ရပ်ကို ဒိုင်ယာရီတွေထဲမှာ အသေးစိတ် မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။
ပြင်သစ်မြောက်ပိုင်းက ဆေးရုံတွေမှာ ကုသမှုခံယူတဲ့အခါ မေ့ဆေးပေးထားချိန် ဒါမှဟုတ် ခွဲစိတ်ပြီးနောက် သတိပြန်မလည်သေးချိန်အတွင်း လူနာတွေကို အဓမ္မပြုကျင့်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီဖြစ်ရပ်တွေနဲ့ လက် စကွားနက်ရဲ့ ဒိုင်ယာရီကို ရဲတပ်ဖွဲ့က ရှာတွေ့ခဲ့ပြီးနောက် သက်ဆိုင်သူတွေဆီ အသိပေးခဲ့ပါတယ်။
ဒါ့အပြင် လက် စကွားနက်ဟာ ၂၀၁၇ ကတည်းက ကလေး ၄ ယောက်ကို စော်ကားမှုနဲ့ ထောင်ကျခံနေရသူလည်း ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်က စတင်ခဲ့တဲ့ ဒီအမှုနဲ့ပတ်သက်ပြီး လာမယ့်ဇွန်လထဲမှာ အပြီးသတ် စစ်ဆေးမယ်လို့ ဆိုပါတယ်။
အဲဒီနောက် တရားလိုတွေရဲ့ တောင်းဆိုချက်အရ တချို့ရုံးချိန်းတွေကို တံခါးပိတ်စစ်ဆေးမှာ ဖြစ်ပေမဲ့လည်း အများစုကတော့ အားလုံးသိနိုင်အောင် ဖွင့်လှစ်ပေးမယ်ဆိုပြီး ဖော်ပြထားပါတယ်။
Source : Reuters