
ပြင်သစ်နိုင်ငံ တောင်ပိုင်း၊ အယ်လ်ဘီမြို့မှာ သမားတော်တွေ ရှားပါးမှုကို ဖြေရှင်းဖို့ အငြိမ်းစား ဆရာဝန်တွေက ယာယီဆေးခန်း ဖွင့်လှစ်လိုက်ပါတယ်။
ပြင်သစ်မှာ ပထမဆုံးသော ဆေးဘက်ဆိုင်ရာစင်တာမှာ အသက် ၆၅ နှစ်ကနေ ၇၉ နှစ်ကြား သမားတော် ၈ ယောက် တာဝန်ထမ်းဆောင်နေတာပါ။
အယ်လ်ဘီ မြို့တော်ဝန်က ဆေးဘက်ဆိုင်ရာ ပြဿနာအတွက် ဖြစ်နိုင်တဲ့အဖြေတခုနဲ့ သူ့ဆီ ချဉ်းကပ်ပြီးတဲ့နောက် ဆေးစင်တာကို တည်ထောင်ခဲ့တယ်လို့ ပြောပါတယ်။
“ဒါဟာ ကုသဖို့ အဖြေတခု ဖြစ်လာမယ်လို့ ကျနော် မသေချာပေမဲ့ လုပ်သားအင်အား ရှိပါတယ်” လို့ မြို့တော်ဝန်က ပြောပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်တွေ ပြတ်လပ်မှုဟာ အမျိုးသားရေး ပြဿနာတခုပါ။ ဒီအတွက် ပြင်သစ်ဝန်ကြီးချုပ်သစ် ဖရန်ဆွား ဘေဟူက ကျန်းမာရေးအသုံးစရိတ်ကို ၃ ရာခိုင်နှုန်းကျော် မြှင့်တင်မယ်လို့ ကတိပြုထားပါတယ်။
မြို့ကြီးပြကြီးတွေမှာ ဆေးခန်းသွားပြတာက ပြဿနာနည်းပေမဲ့ တိုင်းပြည်ရဲ့ ဆေးဘက်ဆိုင်ရာ သိပ်သည်းဆက မညီမညာ ဖြစ်နေပါတယ်။
ဆေးဘက်ဆိုင်ရာ သဲကန္တာရတွေလို့ ခေါ်တဲ့ အယ်လ်ဘီလို မြို့လေးတွေမှာ ဆရာဝန်တဦးနဲ့ ချိန်းဆိုဖို့ ကြိုတင် စာရင်းသွင်းခြင်းဟာ မဖြစ်နိုင်လုနီးပါး ဖြစ်နေပါတယ်။
ပြင်သစ်နိုင်ငံရဲ့ ဆေးဘက်ဆိုင်ရာကဏ္ဍအတွင်း ဆေးပညာမှာ ကျောင်းသားဦးရေ နည်းပါးလာတာနဲ့အမျှ ဆရာဝန်တွေရဲ့ ပျမ်းမျှအသက်အရွယ်ကလည်း ကြီးထွားလာနေပါတယ်။
အရည်အချင်းပြည့်မီတဲ့ ဆရာဝန်တွေမရှိလို့ ပြင်သစ်ဟာ ကွက်လပ်တချို့ကို ဖြည့်ဆည်းပေးတဲ့ တခြား ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ခဲ့ရပါတယ်။
နိုင်ငံမြောက်ဘက်က ကယ်လေလို မြို့တွေနဲ့ ပါရီလို မြို့တွေမှာလည်း အလားတူ ဆေးဘက်ဆိုင်ရာဌာနတွေကို ဖွင့်လှစ်ထားရပါတယ်။
Source : Reuters