Home
နိုင်ငံတကာ
AI နည်းပညာပြိုင်ပွဲတွင် ရင်ပေါင်တန်းနိုင်ရန် ဥရောပ ကြိုးပမ်း
DVB
·
February 11, 2025
Photo: REUTERS/Dado Ruvic/Illustration

ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ ၂ ရက်တာ ကျင်းပခဲ့တဲ့ AI ညီလာခံအတွင်း ပညာရှင်တွေ၊ နည်းပညာကုမ္ပဏီ အကြီးအကဲတွေနဲ့ အစိုးရခေါင်းဆောင်တွေပါ တက်ရောက်ခဲ့ကြပါတယ်။

ဥရောပဟာ အသိဉာဏ်ရည်တုဆိုင်ရာ ယှဉ်ပြိုင်မှုမှာ အမေရိကန် အပါအဝင် တရုတ်နိုင်ငံတို့နဲ့ ရင်ပေါင်တန်းနိုင်အောင် အခုလိုမျိုး ကြိုးပမ်းလာခဲ့တာပါ။

ဒါပေမဲ့လည်း ဥပရောတိုက်မှာ စည်းမျဉ်းစည်းကမ်း အလွန်များပြားသလို အခွန်နှုန်းထားလည်း အတော်မြင့်မားတယ်လို့ ရင်းနှီးမြှုပ်နှံသူတွေက ရှုမြင်ထားကြပါတယ်။

AI နည်းပညာဆိုင်ရာ ပြင်သစ်သံတမန် အန်း ဘူဗာဟို ကတော့ AI ရဲ့  သဘာ၀ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုတွေအကြောင်း မိန့်ခွန်းပြောဆိုကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါတယ်။

AI တည်ဆောက်ရေးနဲ့ လည်ပတ်ရေးအတွက် အရင်းအမြစ်နဲ့ စွမ်းအင်တွေ အများကြီး လိုအပ်တယ်ဆိုပြီး ဖြည့်စွက်ပြောပါတယ်။

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် ကလည်း ရင်းနှီးမြှုပ်နှံလိုသူတွေ၊ နည်းပညာကုမ္ပဏီတွေ အနေနဲ့ AI အတွက် “ဥရောပနဲ့ ပြင်သစ်ကို ရွေးချယ်ပါ” ဆိုပြီး ဖိတ်ခေါ်ခဲ့ပါတယ်။

“ကျနော်တို့ဟာ ဆန်းသစ်မှုတွေ မလုပ်နိုင်ခင်မှာ စည်းကမ်းတင်းကျပ်လိုက်ရင် ဘာကိုယ်ပိုင်တီထွင်မှုမှ ရှိလာတော့မှာမဟုတ်ဘူး” လို့ မက်ခရွန်က မှတ်ချက်ပေးပါတယ်။

DeepSeek နဲ့ပတ်သက်ပြီး တရုတ်နိုင်ငံမှာတော့ ပြည်တွင်းနည်းပညာကဏ္ဍအတွက် အောင်မြင်မှုဖြစ်တဲ့အပြင် အမေရိကန်နဲ့ တန်းတူဖြစ်လာတာ ဒါမှမဟုတ် ကျော်တက်သွားနိုင်ပြီ ဆိုတာကိုပါ သက်သေပြနေတယ်လို့ အများက ယူဆထားပါတယ်။

မကြာခင် ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါ ‌လေယန်က AI မဟာဗျူဟာတရပ်ကို မိတ်ဆက်သွားဖို့ရှိနေပြီး ဒါဟာ “ဥရောပအတွက် အရှိန်မြှင့်တင်နိုင်မယ့် ထူးခြားတဲ့အခွင့်အရေး” ဖြစ်တယ်လို့ မက်ခရွန်က​ အတည်ပြုပါတယ်။

အမေရိကန်ကတော့ “ရေရှည်တည်တံ့ပြီး အားလုံးပါဝင်နိုင်မယ့် AI” ဆိုတဲ့ စကားရပ်ကို သိပ်နှစ်မြို့မှုမရှိကြောင်း ဖော်ပြထားပါတယ်။

၂၀၂၃ ခုနှစ်တုန်းက ဗြိတိန်မှာကျင်းပခဲ့တဲ့ ပထမဆုံးညီလာခံရဲ့ ကြေညာချက်ထက် အခုတခေါက်မှာ ဘေးကင်းရေးကို ပိုပြီးအာရုံစိုက်မှု နည်းပါးလာခဲ့ပါတယ်‌။

ဒါကြောင့် AI လုံခြုံရေးကျွမ်ကျင်သူ မက်စ်တက်ဂ်မာ့ခ်က အဆင့်မြင့် အသိဉာဏ်ရည်တု စနစ်တွေရဲ့  အန္တရာယ်ကို အလေးမထားတာဟာ “ကပ်ဆိုက်အောင် ဖိတ်ခေါ်သလို ဖြစ်နေတယ်” ဆိုပြီး သတိပေးခဲ့ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013