Home
နိုင်ငံတကာ
လုဗ်ပြတိုက် မွမ်းမံပြီးပါက မိုနာလီဆာ ပန်းချီကား ပြန်လည်ပြသမည်
DVB
·
January 30, 2025
Photo : Reuters

ကမ္ဘာကျော် မိုနာလီဆာ ပန်းချီကားကို လုဗ်ပြတိုက် မွမ်းမံပြီးပါက ပြခန်းအသစ်နဲ့ ပြသဖွယ် ရှိနေပါတယ်။

ပါရီမှာရှိတဲ့ လုဗ်ပြတိုက်ဟာ ကမ္ဘာ့လည်ပတ်မှုအများဆုံး ပြတိုက်တခုဖြစ်ပြီး အသစ်မွမ်းမံမှုတွေ ပြုလုပ်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ပြင်သစ်သမ္မတ မက်ခရွန်က လီယိုနာဒိုဒါဗင်ချီရဲ့ မိုနာလီဆာ ပန်းချီကားရှေ့မှာ ၂၀၃၁ မှာ ပြုလုပ်မယ့် အစီအစဉ်ကို ကြေညာခဲ့တာ ဖြစ်ပါတယ်။

ရီနေးဆန့်ပရောဂျက်အသစ်မှာ လုဗ်ပြတိုက်ရဲ့ နာမည်ကျော် ဖန်ပိရိမစ်အတွက် ဒုတိယဝင်ပေါက်လည်း ပါဝင်မယ်လို့ ပြင်သစ်သမ္မတက ပြောပါတယ်။

လာမယ့် ဇန်နဝါရီကစပြီး လုဗ်ပြတိုက်ကို လာရောက်တဲ့ ဗြိတိန် တိုးရစ်တွေ အပါအဝင် ဥရောပသား မဟုတ်တဲ့ လည်ပတ်သူတွေကို ဝင်ကြေးပိုပြီး ကောက်ခံမှာဖြစ်ပါတယ်။

ပြတိုက်ကို လာရောက်သူ များပြားတာကြောင့် အဆောက်အအုံပျက်စီးမှုတွေ ဖြစ်တတ်ကြောင်း ပြတိုက်ဒါရိုက်တာရဲ့ သတိပေးမှုကိုလည်း မက်ခရွန်က တုံ့ပြန်ခဲ့ပါတယ်။

ပြတိုက်ဒါရိုက်တာရဲ့ အစိုးရကို ပေးစာထဲမှာ ဖန်ပိရမစ်ကို နှစ်စဉ် လူ ၉ သန်းကျော် လာရောက်လေ့ရှိတာကြောင့် အဆောက်အအုံရဲ့ အနေအထားအရ လာရောက်လည်ပတ်သူတွေ မဆန့်ကြောင်း တွေ့ရပါတယ်။

၁၉၈၉ ခုနှစ်က ပြုလုပ်ခဲ့တဲ့ ဖန်ပိရမစ်ဟာ ပြင်သစ်ရဲ့ အမှတ်အသားတခုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မိုနာလီဆာရဲ့ ပန်းချီကား ထားတဲ့နေရာနဲ့ ပတ်သက်ပြီးလည်း ပြန်လည်သုံးသပ်ပေးဖို့ ပြတိုက်ဒါရိုက်တာက ပြောဆိုခဲ့ပါသေးတယ်။

လုဗ်ပြတိုက်မှာ နေ့စဉ် ခရီးသည် ၃၀,၀၀၀ လာရောက်လေ့ရှိပြီး ၇၅ ရာခိုင်နှုန်းက မိုနာလီဆာ ပန်းချီကားကို လာရောက်ကြည့်ရှုကြတာ ဖြစ်ပါတယ်။

အဲဒီလူအုပ်ကြီးဟာ ပန်းချီကားကို ကြည့်ရှုဖို့ အချိန် စက္ကန့် ၅၀ လောက်သာ ရခဲ့တာက အနုပညာကို နားလည်ဖို့ မဖြစ်နိုင်ကြောင်းနဲ့ ပြတိုက်ရဲ့ ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီးလည်း မေးခွန်းထုတ်စရာ ဖြစ်တယ်လို့ ပြတိုက်ဒါရိုက်တာ သူ့စာမှာ ဖော်ပြထားပါတယ်။

မက်ခရွန်ရဲ့ ပရောဂျက်မှာ ပြတိုက်ရဲ့ အရှေ့ဘက်မျက်နှာစာမှာ ကျုံးပုံစံနဲ့ ပြန်လည် ဒီဇိုင်းဆွဲထားပါတယ်။

ပြတိုက်အသစ် ပြန်လည်ပြုပြင်မှုမှာ ခေတ်သစ်အသုံးအဆောင်ပစ္စည်းများ၊ ရေအိမ်အသစ်များ၊ စားသောက်ဆိုင်များနဲ့ နားနေဆောင်များ ထားရှိမှာဖြစ်ပါတယ်။ ပြတိုက်ပြင်ဆင်မှု ကုန်ကျစရိတ်အဖြစ် ယူရို သန်း ရာနဲ့ချီပြီး ကုန်ကျဖွယ် ရှိနေပါတယ်။

ဒီကုန်ကျငွေကို လက်မှတ်ရောင်းချခြင်း၊ အလှူငွေ၊ အဘူဒါဘီကပေးတဲ့ ပြတိုက်စပွန်ဆာကြေးတို့ကို အသုံးပြုမယ်လို့ မက်ခရွန်က ပြောပါတယ်။

မက်ခရွန်ဟာ ပြီးခဲ့တဲ့ ၆ လကတည်းက ပြင်သစ်လွှတ်တော်မှာ သူ့ရဲ့ ထိန်းချုပ်မှုတွေ ဆုံးရှုံးခဲ့ပြီးနောက် သူ့အတွက် အမှတ်တရဖြစ်စေမယ့် အလုပ်တွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013