Home
ဆောင်းပါး
ပြင်သစ်နိုင်ငံက အင်မတန် ကြောက်မက်ဖွယ်ဆိုးရွားလှတဲ့ မုဒိမ်းမှုကြီး
DVB
·
December 19, 2024
Photo: Reuters

ပြင်သစ်နိုင်ငံတောင်ပိုင်းက မာဇန် ဆိုတဲ့ လှပတဲ့ ရွာလေးဟာ ဂျီဇဲလ်ပယ်လီကို့အတွက် ငြိမ်းချမ်းရာ နေရာတခု ဖြစ်ရမယ့်အစား၊ တနိုင်ငံလုံးကို တုန်လှုပ်စေတဲ့ အိပ်မက်ဆိုးကြီးတခုရဲ့ နောက်ခံ ဖြစ်ခဲ့ရပါတယ်။

ဆယ်နှစ်ကျော်ကာလအတွင်း ဇနီးသည်ကို ပုံမှန်အိပ်ဆေးခတ်ပြီး လူအယောက် ၇၀ ကျော်နဲ့အတူ အဓမ္မပြုကျင့်ခဲ့တဲ့ ပြင်သစ်နိုင်ငံက ကြောက်စရာမုဒိမ်းမှု ဖြစ်စဉ်ဟာ အင်မတန် မသတီစရာကောင်းတဲ့ မှုခင်းဖြစ်စဉ်တခု ဖြစ်ပါတယ်။

စိတ်ကူးနဲ့တောင် တွေးကြည့်လို့မရနိုင်တဲ့ သစ္စာဖောက်မှုနဲ့ ကြုံခဲ့ရပေမဲ့ အမှန်တရားအတွက် အားလုံးကို စွန့်လွှတ်ထုတ်ဖော်ခဲ့တဲ့ အမျိုးသမီးတယောက် အကြောင်းလည်း ဖြစ်ပါတယ်။

၃၈ နှစ်ကြာ ပေါင်သင်းလာခဲ့တဲ့ ခင်ပွန်းဖြစ်သူက သူ့ကို ဆေးတွေ ခိုးတိုက်ပြီး အဓမ္မကျင့်တဲ့အပြင် တခြားယောက်ျားအများကြီးနဲ့ ပေါင်းပြီး ကျူးလွန်ခဲ့ကြတာကို ၁၀ နှစ်ကျော်ကြာ ရင်ဆိုင်ခဲ့ရတဲ့ ဂျီဇဲလ် ပယ်လီကို့ ရဲ့ဇာတ်ကြောင်း ဖြစ်ပါတယ်။ လင်မယား နှစ်ယောက်စလုံး အသက် ၆၀ နားနီးခါမှ  ခင်ပွန်းသည်က ဒီဆိုးရွားလှတဲ့ ပြစ်မှုကြီးကို ၁၀ နှစ်ကျော်ကြာ လူပေါင်းစုံနဲ့ ပေါင်းပြီး ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။

ဒီအမှုကို အမည်မဖော်၊ ရုပ်မပြဘဲ ရင်ဆိုင်လို့ရခဲ့ပေမဲ့ လူမြင်ကွင်း ထွက်ပြခဲ့ပြီး  ကြောက်မက်ဖွယ် ဆိုးရွားတဲ့ လူသိနည်းတဲ့ အိမ်တွင်း ရာဇဝတ်မှုတွေအကြောင်း မီးမောင်းထိုးပြခဲ့တာ ဖြစ်ပါတယ်။

ဂျီဇဲလ်နဲ့ ဒေါမနစ် ပယ်လီကို့တို့ဟာ ငွေကြေးအခက်အခဲတွေ၊ ဘဝအခက်အခဲတွေကို အတူတူ ကျော်ဖြတ်ခဲ့ကြပြီး၊ သားသမီး ၃ ယောက်ကို ပြုစုပျိုးထောင်ခဲ့ကြပါတယ်။ သူတို့ရဲ့ အငြိမ်းစားယူဖို့ အစီအစဉ်ကတော့ ဘူလ်ဒေါ့ခွေးလေး လန်ကွန်းနဲ့အတူ မာဇန်ရွာမှာ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ဖို့ ဖြစ်ပါတယ်။

ဒါပေမဲ့ ၂၀၂၀ ပြည့်နှစ်မှာတော့ အရာအားလုံး ပြိုကွဲသွားခဲ့ပါတယ်။ အသက် ၇၂ နှစ်အရွယ် ဒေါမနစ် ပယ်လီကို့ဟာ စူပါမားကက်တခုမှာ အမျိုးသမီးတွေရဲ့ စကတ်အောက်ကို ခိုးရိုက်နေတာကို ဖမ်းမိခဲ့ပါတယ်။  ဒါဟာ အသက်တွေကြီးခါမှ တဏှာရာဂကို မထိန်းနိုင်လို့  ကျူးလွန်မိတဲ့ ပြစ်မှုသေးတခုလို့ပဲ ရဲတွေက ယူဆခဲ့ကြတာပါ။ ဒါပေမဲ့ အဲဒီနောက်ကွယ်က ကြောက်မက်ဖွယ်ရာ အမှန်တရားတွေ ပေါ်ထွက်လာခဲ့ပါတယ်။

ဒေါမနစ်ရဲ့ ဖုန်းနဲ့ စက်ပစ္စည်းတွေထဲမှာ ဓာတ်ပုံနဲ့ ဗီဒီယိုပေါင်း ၂၀,၀၀၀ ကျော် တွေ့ရှိခဲ့ပါတယ်။ ဒါတွေဟာ ဆယ်နှစ်တာကာလအတွင်း ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို မှတ်တမ်းတင်ထားတာပါ။ ဒီဗီဒီယိုတွေက သူ့ရဲ့ရာဇဝတ်မှုတွေကိုသာမက တခြားယောက်ျား ၅၀ ကျော်ကိုပါ ဖော်ထုတ်ပြလိုက်ပါတယ်။ ဒီဗီဒီယိုတွေကို ပယ်လီကို့တို့ရဲ့အိမ်မှာ ရိုက်ကူးထားတာပါ - ဂျီဇဲလ်က သူ့ရဲ့ ရိပ်မြုံလေးလို့ ထင်ထားခဲ့တဲ့ အိမ်ထဲမှာပါပဲ။

သားဖြစ်သူ ဒေးဗစ်က “ကျနော့်အမေ ကြုံခဲ့ရတဲ့ ဆိုးရွားရက်စက်မှုကြီးကို ကျနော်တို့သိထားပါတယ်။ ခွင့်မလွှတ်နိုင်ဘူးဆိုတာရှင်းပါတယ်။ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့ (ဖြစ်စဉ်စသိရချိန်) စပြီး ကျနော့်အဖေကို ကျနော်ဆုံးရှုံးလိုက်ရပြီ။ ၂၀၂၄ စက်တင်ဘာလ ၂ ရက်နေ့ (တရားခွင်စချိန်) ကစပြီး မကောင်းဆိုးရွာတကောင်ကို ကျနော်တွေ့ခဲ့ရပြီ” လို့ ပြောပါတယ်။

အရာအားလုံး သိမ်မွေ့စွာ စတင်ခဲ့ပါတယ်။ ဂျီဇဲလ်က သူ အိပ်ချိန်တွေ အရမ်းများလာတာကို သတိထားမိခဲ့ပါတယ်။ မိတ်ဆွေတွေနဲ့ မိသားစုက ဒါဟာ သူရဲ့ အလုပ်ကြောင့်လို့ ထင်ကြပေမဲ့ ကျူးလွန်သူ ဒေါမနစ်ကိုယ်တိုင်ကတော့ တခြားအကြောင်းရင်းကို သိနေခဲ့ပါတယ်။ ဒေါမနစ်ဟာ စိတ်ဖိစီးမှု အကြောင်းပြချက်နဲ့ ဆရာဝန်ဆီကနေ အိပ်ဆေးတွေယူထားပြီး ဒါတွေကို  လက်နက်အဖြစ် အသုံးချခဲ့တာဖြစ်ပါတယ်။

ဒေါမနစ်က လင်မယားဆိုတဲ့ ယုံကြည်မှုကို အခွင့်ကောင်းယူပြီး ဆေးတွေ တိုက်ခဲ့တာပါ။ သူ့လုပ်ရပ်တွေက တွက်ချက်မှုရှိတယ်၊ စနစ်တကျရှိတယ်၊ ပြီးတော့ အရမ်းကို လှည့်စားတတ်တယ်လို့ မှုခင်းဆရာဝန် ဖြစ်သူက ဆိုပါတယ်။

အွန်လိုင်းပေါ်မှာ ဒေါမနစ်က ‘Without Her Knowledge' ဆိုတဲ့ ဖိုရမ်တွေမှာ ပါဝင်ခဲ့ပြီး ဒီလိုဆေးခပ်တဲ့နည်းတွေ ပိုကောင်းအောင် လုပ်ခဲ့ပါတယ်။ သူကိုယ်တိုင် ကျူးလွန်တာတွေကိုပဲ ရိုက်ကူးတာ မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာအတွင်း တခြားယောက်ျား ၇၁ ယောက်ကိုပါ ဖိတ်ခေါ်ခဲ့ပြီး မေ့မျောနေတဲ့ သူ့ဇနီးသည်အပေါ် အဓမ္မကျူးလွန်ခဲ့ကြတာဖြစ်သလို ဒါတွေကိုပါ အသေးစိတ် မှတ်တမ်းတင်ခဲ့တာဖြစ်ပါတယ်။

အမည်မဖော်လိုတဲ့ တရားခံတဦးက “ရိုးရိုးသားသားပြောရရင် သူ့ဘက်ကလား ကျနော့်ဘက်ကလား ဘယ်သူ့ဘက်က စဆက်သွယ်ခဲ့တယ်ဆိုတာတော့ ကျနော်မမှတ်မိတော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် တတိယလူလိုချင်တဲ့ စုံတွဲဆိုပြီး ကြော်ငြာတာဗျ။ ကျနော်လည်း ချက်ချင်းစိတ်ဝင်စားသွားတာ၊ ဘာဖြစ်လို့ မစမ်းကြည့်ရမှာလဲပေါ့” လို့ ပြောပါတယ်။

အမည်မဖော်လိုတဲ့ တရားခံတဦးလည်း “ငါ့မိန်းမငါ ဆေးခတ်ထားတာ၊ ငါအိပ်ဆေးကျွေးထားတာလို့ သူပြောရင် ကျနော်ဘယ်လာမလဲဗျ၊ ကျနော်ရူးနေတာမှမဟုတ်တာ။ ကျနော့်မှာ အိမ်ထောင်နဲ့ဗျ၊ ဒါမဖြစ်နိုင်ဘူး” လို့ ပြောပါတယ်။

ရဲတွေက ဒေါမနစ်ရဲ့ စက်ပစ္စည်းတွေကို ရှာဖွေတဲ့အခါ ကြောက်မက်ဖွယ်ရာ သက်သေအထောက်အထားတွေကို တွေ့ရှိခဲ့ပါတယ်။ ဂျီဇဲလ်ကို ဒီပုံတွေပြလိုက်ချိန်မှာတော့ သူ့ရဲ့ကမ္ဘာ ပြိုကွဲသွားခဲ့ရပါတယ်။

ရက်အနည်းငယ်အတွင်းမှာပဲ ဂျီဇဲလ်ရဲ့ဘဝဟာ ခရီးဆောင်အိတ်တလုံးနဲ့ သူ့ရဲ့ခွေးလေးပဲ ကျန်တော့ပါတယ်။ ဒေါမနစ်နဲ့ပတ်သက်တဲ့ အရာအားလုံးကို ဖယ်ရှားပစ်လိုက်ပါတယ်။ ဓာတ်ပုံတွေ၊ အမှတ်တရပစ္စည်းတွေ - အကုန်လုံး ပျောက်သွားခဲ့ပါတယ်။

၂၀၂၄ ခုနှစ် စက်တင်ဘာလမှာတော့ ဒေါမနစ်ပယ်လီကို့နဲ့ တခြားယောက်ျား ၅၀ ကျော်ဟာ တရားရုံးမှာ ရင်ဆိုင်ခဲ့ရပါတယ်။ တရားလိုရှေ့နေတွေက ကြောက်စရာ သက်သေအထောက်အထားတွေကို တင်ပြခဲ့ပြီး ဒီအမှုဟာ ပြင်သစ်နိုင်ငံရဲ့ တခြားဘယ်မုဒိမ်းမှုနဲ့မှ မတူညီတဲ့ အမှုတခု ဖြစ်လာခဲ့ပါတယ်။"

ပြစ်ဒဏ်တွေက သာမန်ပြစ်မှုတွေအတွက် ထောင်ဒဏ် ၄ နှစ်ကနေ ပိုပြီးဆိုးရွားတဲ့ မုဒိမ်းမှုတွေအတွက် ၁၈ နှစ်အထိ ရှိပါတယ်။ ဒေါမနစ်ကိုယ်တိုင်ကိုတော့ အမြင့်ဆုံး အနှစ် ၂၀ အထိ ပြစ်ဒဏ်ချဖို့ တရားလို ရှေ့နေတွေက တင်ပြထားပါတယ်။ တရားခံတွေထဲမှာ မီးသတ်သမားတယောက်၊ ဂျာနယ်လစ် တယောက်၊ အမျိုးသားသူနာပြုတယောက် ပြီးတော့ အငြိမ်းစား အားကစားနည်းပြတယောက်တောင် ပါဝင်နေပါတယ်။ တရားခံရှေ့နေတွေကတော့ သူတို့အမှုသည်တွေဟာ ဒေါမနစ်ရဲ့ လှည့်စားခံထားရတာလို့ ငြင်းဆန်ခဲ့ကြပေမဲ့ တရားလိုရှေ့နေတွေကတော့ ကျူးလွန်သူတွေဟာ သူတို့ဘာလုပ်ခဲ့သလဲဆိုတာ သူတို့ကောင်းကောင်းသိတယ်လို့ အထောက်အထားတွေနဲ့တကွ  တုံ့ပြန်ခဲ့ကြပါတယ်။

အခုအခါမှာတော့ ဂျီဇဲလ်ဟာ မာဇန်ရွာနဲ့ ဝေးရာမှာ သူ့ရဲ့ အပျိုဘဝနာမည်နဲ့ နေထိုင်နေပါတယ်။ သူဟာ ခံနိုင်ရည်ရှိစွာ အမှန်တရားနဲ့ ရပ်တည်ခြင်းရဲ့ သင်္ကေတတခု ဖြစ်လာခဲ့ပါတယ်။  ဓာတုဆေးဝါးတွေသုံးပြီး အကျင့်ပျက်ပြုကျင့်မှုတွေနဲ့ အိမ်ထောင်ရေး အကြမ်းဖက်မှုတွေအကြောင်း အသိပညာပေးနိုင်ဖို့ အမည်ထုတ်ဖော်၊ လူလုံးပြပြီးရင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

ညအိပ်ပြီးတဲ့နောက် ညကအဖြစ်အပျက်တွေ ဘာမှမမှတ်မိတဲ့ အမျိုးသမီးတိုင်း သူ့ဇာတ်လမ်းကို မှတ်မိစေချင်ပါတယ်။ တိတ်ဆိတ်နေခြင်းဟာ အန္တရာယ်ပေးတတ်သူတွေကို အားပေးသလို ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

လာမယ့် ဒီဇင်ဘာလ ၂၀ ရက်နေ့မှာတော့ တရားရုံးက စွပ်စွဲခံရသူတွေနဲ့ပတ်သက်ပြီး စီရင်ချက်ချဖို့ ရုံးချိန်းသတ်မှတ်ထားပါတယ်။ ပြစ်မှုနဲ့ ပြစ်ဒဏ်တွေဘယ်လိုပဲဖြစ်ပါစေ ဂျီဇဲလ်ရဲ့ အမှုဟာ ရှင်ကျန်ရဲမှု၊ သတ္တိရှိမှုနဲ့ တရားမျှတမှုရှာဖွေခြင်းတို့ရဲ့ ဇာတ်လမ်းတပုဒ် ဖြစ်လာခဲ့ပါတယ်။  တခြားသူတွေ သူ့လိုပဲ ဒုက္ခမရောက်စေဖို့ သူ့ရဲ့ဇာတ်လမ်းကို အသုံးချဖို့ ဆုံးဖြတ်ခဲ့တဲ့သူတဦး၊ ကြောက်မက်ဖွယ်ဆိုးရွားတဲ့ အိမ်တွင်း ရာဇဝတ်မှုတွေကို မီးမောင်းထိုးပြခဲ့သူတဦးအဖြစ်လည်း သမိုင်းမှတ်တမ်းဝင်ခဲ့ပြီ ဖြစ်ပါတယ်။

စိုင်းခေတ်နွေ

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024