Home
နိုင်ငံတကာ
ပြင်သစ်ပိုင် မာယက်ကျွန်းကို ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်၊ လူထောင်ချီသေဆုံးနိုင်
DVB
·
December 16, 2024
Photo: Reuters

အိန္ဒိယသမုဒ္ဒရာထဲက ပြင်သစ်ပိုင် မာယက်ကျွန်းကို အနှစ် ၉၀ အတွင်း အပြင်းထန်ဆုံး ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်ခဲ့တာကြောင့် လူရာထောင်ချီ သေဆုံးနိုင်သလို သောင်းနဲ့ချီပြီး သေဆုံးနိုင်တယ်လို့  တာဝန်ရှိသူတယောက်က ဒီဇင်ဘာ ၁၅ ရက်မှာ ပြောပါတယ်။

ချီဒိုဆိုင်ကလုန်းဟာ တနာရီကို ၁၂၄ မိုင်ကျော် လေတိုက်နှုန်းနဲ့ သန်းခေါင်ကျော်မှာ ဝင်ရောက်တိုက်ခတ်ခဲ့ပြီး နေအိမ်တွေ၊ အစိုးရအဆောက်အအုံတွေနဲ့ ဆေးရုံတွေကို ပျက်စီးစေခဲ့ပါတယ်။

မာယက်မြို့တော် မာမူဇူမှာ နေထိုင်တဲ့ မိုဟာမက် အစ္စမေးလ်က “ကျနော်တို့ ကြုံတွေ့နေရတာက တကယ့်ကို ဝမ်းနည်းစရာပါ။ နျူးကလီးယားစစ်ပွဲအပြီးလို ခံစားရပါတယ်။ ရပ်ကွက်တခုလုံး ပျောက်ကွယ်သွားတာကို တွေ့ခဲ့ရတယ်” လို့ ရိုက်တာသတင်းဌာနကို ဖုန်းကနေတဆင့် ပြောပြပါတယ်။

ပါရီမြို့ကနေ မိုင်ပေါင်း ၈,၀၀၀ ကျော် ဝေးတဲ့ မာယက်ဟာ ပြင်သစ်နိုင်ငံရဲ့ တခြားဒေသတွေထက် ဆင်းရဲပြီး ဂိုဏ်းဖွဲ့အကြမ်းဖက်မှုတွေနဲ့ လူမှုရေးမငြိမ်သက်မှုတွေကို ဆယ်စုနှစ်တွေနဲ့ချီပြီး ရင်ဆိုင်နေရပါတယ်။

မာယက်က လူဦးရေ ၃ သိန်းကျော်မှာ လေးပုံသုံးပုံဟာ ပြင်သစ်ဆင်းရဲမွဲတေမှု မျဉ်းအောက်မှာ နေထိုင်နေကြရပါတယ်။

ဒါပေမဲ့ အနီးအနားက ကျွန်းတွေထက်စာရင်တော့ လူနေမှုအဆင့်အတန်း ပိုမြင့်ပြီး ပြင်သစ်လူမှုဖူလုံရေးစနစ် ခံစားခွင့် ရှိနေပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ မာယက်ကျွန်းကို ကိုမိုရော့စ် ကျွန်းနိုင်ငံငယ်ကနေ ဝင်ရောက်လာသူ ထောင်ချီရှိခဲ့ပါတယ်။

ပြင်သစ်ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အဆိုအရ မာယက်မှာ စာရွက်စာတမ်းမရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူ တသိန်းကျော် ရှိနေပါတယ်။

ပြင်သစ်ဟာ မာယက်ကျွန်းကို ၁၈၄၃ ခုနှစ်က ကိုလိုနီပြုခဲ့တာဖြစ်ပြီး ကိုမိုရော့စ် အပါအဝင် ကျွန်းဆွယ်တခုလုံးကို ၁၉၀၄ မှာ သိမ်းခဲ့ပါတယ်။

၁၉၇၄ လူထုဆန္ဒခံယူပွဲမှာ ကိုမိုရော့စ်ကျွန်းစုက  ၉၅ ရာခိုင်နှုန်းက ခွဲထွက်ဖို့ ထောက်ခံခဲ့ပါတယ်။ ဒါပေမဲ့ မာယက်က ၆၃ ရာခိုင်နှုန်းက ပြင်သစ်လက်အောက်မှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

တခြားကျွန်းတွေ ၁၉၇၅ မှာ လွတ်လပ်ရေးကြေညာတော့ မာယက်ကျွန်းက ပြင်သစ်အပိုင်အဖြစ် ကျန်ရှိခဲ့တာ ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013