
ယူကရိန်းအစိုးရဟာ မိမိကိုယ်ကို ကာကွယ်ရေးအတွက် ပြင်သစ်ရဲ့ တာဝေးပစ်ဒုံးကျည်တွေကို ရုရှားနိုင်ငံအတွင်း ပစ်ခတ်နိုင်တယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ယန်းနိုဝယ်ဘားရော့ထ်က ပြောလိုက်ကြောင်း ဂျာမန်အခြေစိုက် ဒွိုက်ခ်ျဝီလီသတင်းဌာနက နိုဝင်ဘာ ၂၄ ရက်မှာ ဖော်ပြပါတယ်။
တချိန်တည်းမှာပဲ ယူကရိန်းဟာ မြို့တော်ကိယက်ဗ်နဲ့ တခြားမြို့တွေကို ညတွင်းချင်း တိုက်ခိုက်မှုအတွင်း ရုရှားမောင်းသူမဲ့ လေယာဉ်တွေကို ချေမှုန်းခဲ့ပါတယ်။
ပြင်သစ်ရဲ့ စကဲ့လ်ပ် ဒုံးကျည်တွေဟာ ရုရှားနိုင်ငံကို တိုက်ခိုက်ရာမှာ ယူကရိန်းက သုံးခဲ့ဖူးတဲ့ Storm Shadow ဒုံးကျည်တွေနဲ့ အရည်အသွေး တူညီပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာကတော့ ဘာရော့ရဲ့ မှတ်ချက်တွေဟာ ယူကရိန်းအတွက် အထောက်အပံ့မဖြစ်ဘဲ ယူကရိန်းအတွက် အသုဘခေါင်းလောင်းသံပဲလို့ နိုင်ငံပိုင်မီဒီယာကို ပြောခဲ့ပါတယ်။
ရုရှားနိုင်ငံထဲက စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကို ဝင်ရောက်တိုက်ခိုက်နိုင်ခွင့်ဟာ ရွေးချယ်ခွင့်တခုအဖြစ် ကျန်ရှိနေသေးတယ်လို့ ယူကရိန်းကို တာဝေးပစ်ဒုံးကျည်တွေ ထောက်ပံ့ပေးတဲ့ ပြင်သစ်အစိုးရက နိုဝင်ဘာ ၁၈ ရက်မှာ အချက်ပြခဲ့ပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ရုရှားအစိုးရရဲ့ တိုက်ခိုက်နိုင်စွမ်းကို ကန့်သတ်ဖို့ အမေရိကန်ရဲ့ တာဝေးပစ်ဒုံးကျည် ATACMS တွေနဲ့ ဗြိတိန်ရဲ့ Storm Shadows ဒုံးကျည်တွေ အပါအဝင် အနောက်နိုင်ငံတွေရဲ့ ဒုံးကျည်တွေကို ရုရှားနိုင်ငံအတွင်း နက်နက်ရှိုင်းရှိုင်း ပစ်လွှတ်ဖို့ ခွင့်ပြုရေး မဟာမိတ်တွေကို ပန်ကြားထားပါတယ်။
တာဝေးပစ် တိုက်ခိုက်နိုင်ရေး ထောက်ခံမှုရဖို့ ယူကရိန်းမိတ်ဖက်အားလုံးနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့လည်း ဇလန်းစကီးက နိုဝင်ဘာ ၁၉ ရက်မှာ ပြောပါတယ်။
အမေရိကန်အစိုးရက သူ့ရဲ့ ATACMS ဒုံးကျည်တွေကို ရုရှားနိုင်ငံအတွင်း ပိုနက်နက်ရှိုင်းရှိုင်းသုံးဖို့ ယူကရိန်းအစိုးရအတွက် ခွင့်ပြုချက်ကို အခုသီတင်းပတ်ထဲမှာ အတည်ပြုခဲ့ပါတယ်။
အဲဒီနောက် ရုရှားသမ္မတ ဗလာဒီမာပူတင်က အင်္ဂါနေ့မှာ နျူးကလီးယားလက်နက် သုံးခွင့်ပြုရေး စစ်ရေးဆိုင်ရာ ကန့်သတ်ချက်တွေကို လျှော့ချဖို့ လှုံ့ဆော်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။
ရုရှားရဲ့ နျူးကလီးယား အယူဝါဒဆိုင်ရာ သတင်းတွေဟာ အံ့သြစရာမဟုတ်ဘဲ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ရုရှားပါဝင်ပတ်သက်နေတဲ့ တူညီတဲ့ တာဝန်မဲ့စကားတွေရဲ့ တစိတ်တပိုင်းသာ ဖြစ်တယ်လို့ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်ရဲ့ လက်ထောက်သတင်းပြန်ကြားရေး အတွင်းဝန် ဆာဘရီနာ ဆင်းဂ်က နိုဝင်ဘာ ၁ ရက်မှာ ပြောခဲ့ပါတယ်။
ရုရှားနိုင်ငံ ဘယန့်စ်ခ်ဒေသထဲက လက်နက်သိုလှောင်ရုံကို တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး ဇလန်းစကီးက ယူကရိန်းက အခု အမေရိကန်ရဲ့ ATACMS စနစ်တွေအပြင် ကိုယ်ပိုင် တာဝေးပစ် ဒရုန်းတွေ စွမ်းရည်တွေပါရှိပြီး အားလုံးကို သုံးမယ်လို့ ပြောခဲ့ပါတယ်။
Source : Reuters