Home
ဆောင်းပါး
ဆီးရီးယားမှ ကိုယ်လွတ်ရုန်းထွက်မပြေးခင် အာဏာရှင်အာဆတ်၏ နောက်ဆုံးနေ့ရက်များ 
DVB
·
December 17, 2024

၂၄ နှစ်ကြာ အာဏာကို ဆက်ပြီး ဆွဲဆန့်ဖို့ အခြေအနေမဟန်တော့တဲ့အချိန်မှာ ဖြုတ်ချခံ ဆီးရီးယားသမ္မတ ဘာရှား အယ်လ်-အာဆတ်ဟာ ဆီးရီးယားကနေ ထွက်ပြေးဖို့ စီမံနေတဲ့ သူ့ရဲ့ အကြံအစည်ကို သူ့လူယုံ တယောက်စ နှစ်ယောက်စကလွဲပြီး တခြား ဘယ်သူ့ကိုမှ အသိပေးခဲ့ခြင်း မရှိခဲ့ပါဘူး။ အာဆတ်ဟာ သူ့လက်ထောက်တွေ၊ အစိုးရထိပ်ပိုင်း တာဝန်ရှိသူတွေနဲ့ ဆွေမျိုးရင်းချာတွေကိုတောင် လိမ်လည်လှည့်ဖြားပြီး မလိမ့်တပတ်နဲ့ ထွက်ပြေးသွားခဲ့တာလို့ ကိုယ်တွေ့ ကြုံခဲ့ရတဲ့သူတွေက ရိုက်တာသတင်းဌာနကို ပြောပြခဲ့ကြပါတယ်။

ရုရှားကို ထွက်မပြေးခင် နာရီပိုင်းအလို ဒီဇင်ဘာ ၇ ရက်နေ့၊ စနေနေ့က အာဆတ်ဟာ စစ်ဘက်နဲ့ လုံခြုံရေးအရာရှိချုပ် အယောက် ၃၀ နဲ့ ကာကွယ်ရေးဝန်ကြီးဌာနမှာ အစည်းအဝေးပြုလုပ်ပြီး ရုရှားစစ်ကူတွေ လာနေပြီဖြစ်လို့ မြေပြင်တပ်ဖွဲ့တွေအနေနဲ့ တောင့်ခံထားကြဖို့ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။ အဲဒီအချိန်တုန်းကတော့ သူ့ရဲ့လုပ်ဇာတ်ကို အဟုတ်မှတ်နေခဲ့တာလို့ အမည်မဖော်လိုတဲ့ ဆီးရီးယား တပ်မှူးတယောက်က ပြောပါတယ်။ သမ္မတရုံးက အရပ်ဘက် ဝန်ထမ်းတွေကလည်း အာဆတ်ရဲ့အကြံကို တယောက်မှ မရိပ်စားမိခဲ့ကြပါဘူး။

အဲဒီစနေနေ့မှာပဲ အာဆတ်ဟာ သူ့ရဲ့ သမ္မတရုံး မန်နေဂျာကို သူ့အလုပ်တွေ လက်စသတ်လို့ပြီးရင် အိမ်ပြန်မယ်လို့ ပြောဆိုခဲ့ပေမဲ့ တကယ်တမ်းမှာတော့ အိမ်မပြန်ဘဲ လေဆိပ်ကို သွားခဲ့တာပါ။ ဒါတင်မက သူ့ရဲ့ မီဒီယာအကြံပေးဖြစ်သူကိုလည်း ဖုန်းဆက်ပြီး သူ့အိမ်ကိုလာဖို့နဲ့ သူ့အတွက် မိန့်ခွန်းရေးပေးဖို့ ပြောဆိုခဲ့သေးတယ်လို့ အာဆတ်ရဲ့ အတွင်းလူယုံတဦးက ဆိုပါတယ်။

အာရပ်ပြုပြင်ပြောင်းလဲရေး ဒေသတွင်း သုတေသနအဖွဲ့အစည်းတခုရဲ့ အမှုဆောင်ဒါရိုက်တာ နာဒင်မ်ဟော်ရီက “အာဆတ်ဟာ သူ့ကို ထောက်ခံသူတွေနဲ့ သူ့ကိုယ်ပိုင်တပ်ဖွဲ့အတွက် နောက်ဆုံးအနေနဲ့ မားမားမတ်မတ် ရပ်တည်ပေးခဲ့တာမျိုးတောင် မရှိဘူး။ သူတို့ထိုက်နဲ့ သူတို့ကံ ဖြစ်ချင်ရာဖြစ်ဆိုပြီး တာဝန်မဲ့စွာနဲ့ ကိုယ်လွတ်ရုန်းသွားခဲ့တာ” လို့ ပြောပါတယ်။

မော်စကိုမှာ နိုင်ငံရေးခိုလှုံခွင့်ရထားတဲ့ အာဆတ်ကို ရိုက်တာက ဆက်သွယ်လို့မရပေမဲ့ အနီးအနားက လူယုံတွေကို လှည့်စားပြီး ဒီဇင်ဘာလ ၈ ရက်နေ့၊ တနင်္ဂနွေနေ့ မနက်အစောပိုင်းမှာ ဆီးရီးယားကနေ ခိုးကြောင်ခိုးဝှက်နဲ့ ထွက်မပြေးခင် ဒမတ်စကတ်က အာဆတ်ရဲ့ နောက်ဆုံးနေ့ရက်တွေနဲ့ နောက်ဆုံးအချိန်တွေမှာ အနီးကပ်ရှိခဲ့သူ  ၁၄ ဦးကို ရိုက်တာသတင်းဌာနက တွေ့ဆုံမေးမြန်းနိုင်ခဲ့ပါတယ်။

အဲဒီသတင်းရင်းမြစ်တွေထဲမှာ သမ္မတဟောင်း အာဆတ်ရဲ့ လက်ထောက်အရာရှိတွေ၊ သံတမန်တွေ၊ လုံခြုံရေးအရာရှိတွေနဲ့ အီရန်ထိပ်တန်းတာဝန်ရှိသူတွေ ပါဝင်ပြီး ထိလွယ်ရှလွယ်ကိစ္စတွေ ရှိနေတဲ့အတွက် သူတို့ရဲ့ နာမည်တွေကိုတော့ ရိုက်တာက ဖုံးကွယ်ပေးထားပါတယ်။

လက်ထောက်အရာရှိ ၃ ဦးရဲ့ ပြောဆိုချက်အရ အာဆတ်ဟာ ဆီးရီးယားကနေ ထွက်ခွာမယ့် အစီအစဉ်ကို သူ့ရဲ့ ညီအရင်းဖြစ်တဲ့ မာဟာ အယ်လ်-အာဆတ်ကိုတောင် အသိပေးခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။ မာဟာ အယ်လ်-အာဆတ်ဟာ အထူးတပ်ဖွဲ့ အမှတ် (၄) သံချပ်ကာယန္တရားတပ်မရဲ့ တပ်မမှူးဖြစ်ပြီး နောက်ပိုင်းမှာမှ သူဟာ ရဟတ်ယာဉ်နဲ့ အီရတ်ကို ထွက်ခွာခဲ့ကာ အဲဒီကနေမှတဆင့် ရုရှားကို သွားရောက်ခဲ့တာလို့ ဆိုပါတယ်။

မြို့တော် ဒမတ်စကတ် တော်လှန်ရေးတပ်ဖွဲ့တွေလက်ထဲ ကျရောက်သွားချိန်မှာ အာဆတ်ရဲ့ မိခင်ဘက်မှ ဝမ်းကွဲမောင်နှမတွေဖြစ်တဲ့ အီဟတ်ဘ်နဲ့ အီယတ်ဒ်တို့ဟာလည်း ကားနဲ့ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမဲ့ လမ်းခရီးမှာ လက်နက်ကိုင်တွေရဲ့ ချုံခိုတိုက်ခိုက်တာကို ခံခဲ့ရပြီး အီဟတ်ဘ်ဟာ သေဆုံးသွားခဲ့ကာ အီယတ်ဒ်ကတော့ ဒဏ်ရာရရှိသွားခဲ့တယ်လို့ သတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပြီးတော့ ရိုက်တာအနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။

အာဆတ်ကတော့ တော်လှန်ရေးတပ်တွေ မြို့တော် ဒမတ်စကတ်ဆီကို အင်အားအလုံးအရင်းနဲ့ ချီတက်လာချိန် ဒီဇင်ဘာလ ၈ ရက်နေ့၊ မနက်အစောပိုင်းကတည်းက လေယာဉ်နဲ့ ထွက်ပြေးသွားခဲ့ပြီး လေယာဉ်ရဲ့ ရေဒီယိုအချက်ပြကိရိယာကိုပါ ပိတ်ကာ အလွတ်ရုန်းသွားခဲ့တာလို့ ဒေသတွင်း သံတမန်နှစ်ဦးက ပြောပါတယ်။ အာဆတ်ရဲ့ အကြံအဖန်တွေနဲ့ ပြဇာတ်ဆန်ဆန် ထွက်ပြေးသွားမှုဟာ သူ့ရဲ့ ၂၄ နှစ်ကြာ အာဏာစက်ကို အဆုံးသတ်သွားစေခဲ့ပြီး ၁၃ နှစ်ကြာ ပြည်တွင်းစစ်ဟာလည်း ရုတ်တရက်ပဲ နိဂုံးသတ်သွားခဲ့ပါတယ်။

အာဆတ်ဟာ ဆီးရီးယားရဲ့ ကမ်းရိုးတန်းမြို့ လာတာကီးယားမှာရှိတဲ့ ရုရှားရဲ့ လေတပ်အခြေစိုက်စခန်းကနေ မော်စကိုကို ထွက်ခွာသွားခဲ့ပြီး သူ့ရဲ့ဇနီးနဲ့ သားသမီး ၃ ယောက်ကတော့ မော်စကိုမှာ ရောက်နှင့်နေပြီး ဖြစ်တယ်လို့ အနီးကပ် လက်ထောက်အရာရှိ ၃ ဦးနဲ့ ထိပ်တန်းတာဝန်ရှိသူတဦးတို့က ပြောပါတယ်။

အာဆတ် ထွက်ပြေးသွားပြီး မကြာခင်မှာပဲ လက်နက်ကိုင် တော်လှန်ရေးသမားတွေနဲ့ ပြည်သူတွေဟာ သမ္မတအိမ်တော် အဆောက်အအုံထဲကို အလုအယက် ဝင်ရောက်ခဲ့ပြီး အာဆတ်ရဲ့ နေအိမ်ကို ဗွီဒီယိုရိုက်ကာ လူမှုမီဒီယာမှာ တင်ခဲ့ကြပါတယ်။ မီးဖိုချောင်မှာ ချက်ပြီးသား အစားအစာတွေနဲ့ မိသားစုဓာတ်ပုံအယ်လ်ဘမ်လို ကိုယ်ပိုင်ပစ္စည်းတွေ ကျန်ရစ်ခဲ့တာကို ဗီဒီယိုဖိုင်တွေထဲမှာ မြင်တွေ့ရပုံ ထောက်ရင် အာဆတ်ဟာ ရေကြီးသုတ်ပျာနဲ့ ထွက်ပြေးသွားခဲ့ပုံ ရပါတယ်။

ရုရှားနှင့် အီရန်တို့ထံမှ စစ်ရေးအကူအညီ မရရှိမှု

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းကတော့ မြင့်တက်လာတဲ့ ပြည်တွင်းစစ်ဒီရေကို အီရန်နဲ့ ရုရှားတို့ရဲ့ စစ်ရေးအကူအညီနဲ့ အထူးသဖြင့် ရုရှားရဲ့ လေကြောင်းပစ်ကူတွေနဲ့ ပြန်ကျအောင် လုပ်ဆောင်နိုင်ခဲ့ပေမဲ့ အခုတကြိမ်မှာတော့ ဘယ်သူ့ဆီကမှ စစ်ရေးအကူအညီ မရခဲ့ပါဘူး။ ဒီအချက်က အာဆတ်အတွက် ကျဆုံးနေ့ရက်တွေ ရောက်လာပြီး ထွက်ပြေးရဖို့ သေချာသွားစေခဲ့ပါတယ်။

နိုင်ငံမြောက်ပိုင်းက အလက်ပိုပြည်နယ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ချိန်မှာ အာဆတ်ဟာ နိုဝင်ဘာ ၂၈ ရက်မှာ မော်စကိုကို သွားရောက်ပြီး စစ်ရေးအကူအညီ တောင်းခံခဲ့ပေမဲ့ လက်ရှိမှာ ယူကရိန်းအရေးကို ဦးစားပေးနေရတဲ့ ကရင်မလင်အနေနဲ့ ဒီတကြိမ်မှာတော့ အာဆတ်ရဲ့ တောင်းဆိုချက်ကို မျက်နှာလွှဲနေခဲ့ပါတယ်။

အာဆတ်အနေနဲ့ ဆီးရီးယားကို ပြန်ရောက်ချိန်မှာ အခြေအနေမှန်ကို ဖွင့်မပြောဘဲ ရုရှားရဲ့ စစ်ရေးအကူအညီတွေ လာနေပြီလို့သာ သူ့ရဲ့တပ်မမှူးတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို လိမ်ညာပြောဆိုခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ရုရှားခရီးစဉ်ကနေ ပြန်ရောက်ပြီး ၄ ရက်အကြာ ဒီဇင်ဘာလ ၂ ရက်နေ့မှာလည်း အာဆတ်ဟာ အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ်အရပ်ချီနဲ့ ဒမတ်စကတ်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ ဟာယတ် တဟီရာ အယ်လ်-ရှမ် (HTS) အဖွဲ့ ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေဟာ နိုင်ငံရဲ့ ဒုတိယမြောက် အကြီးဆုံးမြို့ဖြစ်တဲ့ အလက်ပိုမြို့ကို သိမ်းပိုက်ပြီးတဲ့နောက် အစိုးရတပ်တွေ ပြိုလဲချိန်မှာ တောင်ဘက်စွန်းက မြို့တော် ဒမတ်စကတ်ဆီကို ဦးတည်လာနေကြပြီလည်း ဖြစ်ပါတယ်။

အဲဒီအစည်းအဝေးမှာကတည်းက အာဆတ်ဟာ ဟန်မဆောင်နိုင်လောက်အောင် စိတ်သောက ရောက်နေပြီး သူ့တပ်ဖွဲ့အနေနဲ့ တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်ကို ခုခံနိုင်စွမ်း မရှိတော့ဘူးဆိုတာ ဝန်ခံခဲ့ရတယ်လို့ အီရန် ထိပ်တန်းသံတမန်တဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ဒါပေမဲ့လည်း ဆီးရီးယားမှာ အီရန်တပ်ဖွဲ့တွေ ချထားမယ်ဆိုရင် အစ္စရေးက တိုက်ခိုက်မှုတွေ လုပ်ဆောင်လာနိုင်တာကို နားလည်တဲ့အတွက် အီရန်ကို စစ်ရေးအရ ကြားဝင်ပေးဖို့ တောင်းဆိုတာမျိုးတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

အာဆတ်အင်ပါယာ ကျဆုံးခန်း

ကြံရာမရနဲ့ ကူရာကယ်ရာမဲ့ဘဝ ရောက်သွားချိန် နောက်ဆုံးမှာတော့ အာဆတ်အနေနဲ့ ၁၉၇၁ ခုနှစ်ကစလို့ နှစ်ပေါင်း ၅၃ နှစ်ကြာ အုပ်စိုးခဲ့တဲ့ အာဆတ်မိသားစု အင်ပါယာကို အဆုံးသတ်ပြီး နိုင်ငံကနေ ထွက်သွားရတော့မယ့် အခြေအနေ ဆိုက်ရောက်လာပြီဆိုတာ မလွှဲမရှောင်သာနဲ့ လက်ခံခဲ့ရပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာ အာဆတ် သမ္မတမဖြစ်ခင် သူ့ရဲ့ဖခင် ဟာဖက်ဇ် အယ်လ်-အာဆတ်ဟာ ဆယ်စုနှစ် ၃ ခုကြာ  သမ္မတလုပ် အုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။

အလက်ပိုနဲ့ ဟွမ်းစ်မြို့တွေကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ပြီး ဒမတ်စကတ်ဆီကို ချီတက်လာချိန်မှာတော့ အာဆတ်ဟာ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) မှာ ခိုလှုံခွင့်ရဖို့ အစောပိုင်းက ကြိုးပမ်းခဲ့သေးတယ်လို့ အာဆတ်ရဲ့ အနီးကပ်လူယုံ ၃ ဦးက ပြောပါတယ်။ ဒါပေမဲ့ အတိုက်အခံ လက်နက်ကိုင်အဖွဲ့တွေကို နှိမ်နင်းရာမှာ ဓာတုလက်နက်တွေပါ အသုံးပြုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန်နဲ့ ဥရောပသမဂ္ဂ (အီးယူ) တို့က အရေးယူ ပိတ်ဆို့မှုတွေ ချမှတ်ထားတဲ့ လူတယောက်ကို နိုင်ငံရေးခိုလှုံခွင့်ပေးလိုက်မယ်ဆိုရင် နောက်ဆက်တွဲ ရင်ဆိုင်ရမယ့် နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေကို စိုးရိမ်တဲ့အတွက် အာဆတ်ရဲ့ တောင်းဆိုချက်ကို ယူအေအီးစော်ဘွားတွေဘက်က ငြင်းပယ်ခဲ့တာလို့ ဆိုပါတယ်။

မော်စကိုကတော့ စစ်ရေးအရ ကြားဝင်ပေးဖို့ ဆန္ဒမရှိပေမဲ့ အာဆတ်ကို စွန့်ပစ်ဖို့အထိ အစီအစဉ် မရှိဘူးလို့ ရုရှားသံတမန်တဦးက ပြောပါတယ်။  ဒီဇင်ဘာလ ၇ ရက်နဲ့ ၈ ရက်က ကာတာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဒိုဟာဖိုရမ်ကို ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗရော့ဗ် တက်ရောက်ခဲ့ပြီး အာဆတ် ဘေးကင်းလုံခြုံရေးအတွက် သံတမန်ရေးအရ ဦးဆောင်ဦးရွက်ပြုခဲ့သလို ဒေသတွင်းမှာ ဩဇာကြီးမားတဲ့ တူရကီနဲ့ ကာတာနိုင်ငံတို့အနေနဲ့ HTS အဖွဲ့အပေါ် သူတို့ရဲ့ ဩဇာလွှမ်းမိုးမှုကို အသုံးပြုပြီး ရုရှားနိုင်ငံကို အာဆတ် ထွက်လာနိုင်အောင် အကူအညီပေးဖို့ ဆွေးနွေးခဲ့ပါတယ်။

ကာတာနဲ့ တူရကီတို့ဘက်ကတော့ အမေရိကန်နဲ့ ကုလသမဂ္ဂတို့က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ HTS အဖွဲ့နဲ့ အဆက်အဆံမရှိဘူးလို့ တရားဝင် ထုတ်ပြန်ထားပေမဲ့ အာဆတ် လွတ်မြောက်ရေးမှာ အဲဒီနှစ်နိုင်ငံဟာ HTS နဲ့ ချိတ်ဆက် ဆောင်ရွက်ပေးခဲ့တယ်လို့ သတင်းရင်းမြစ် ၃ ဦးက ပြောပါတယ်။

ရုရှားအစိုးရဟာ အာဆတ် လိုက်ပါလာတဲ့ ရုရှားလေယာဉ် ဆီးရီးယား လေပိုင်နက်ကနေ အဟန့်အတားမရှိ ထွက်လာနိုင်ဖို့အတွက် ဆီးရီးယားရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ချိတ်ဆက် ညှိနှိုင်းမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ ကာတာနဲ့ တူရကီအစိုးရတို့အနေနဲ့ အာဆတ် လွတ်မြောက်ရေးအတွက် HTS အဖွဲ့နဲ့ ချိတ်ဆက် ဆောင်ရွက်ခဲ့တာ ရှိ မရှိနဲ့ ပတ်သက်တဲ့ ရိုက်တာသတင်းဌာနရဲ့ မေးမြန်းချက်ကိုတော့ နှစ်နိုင်ငံစလုံးက ဖြေကြားခြင်း မရှိခဲ့ပါဘူး။

အာဆတ်ရဲ့ လိမ်ညာလှည့်ဖြားမှုကို ခံခဲ့ရတဲ့သူတွေထဲမှာ အာဆတ်အစိုးရ နောက်ဆုံးမြောက် ဝန်ကြီးချုပ် ဖြစ်ခဲ့တဲ့ မိုဟာမက် ဂျလာလီလည်း အပါအဝင် ဖြစ်ခဲ့ပါတယ်။ ဂျလာလီဟာ ဒီဇင်ဘာလ ၇ ရက်နေ့၊ စနေနေ့ည ၁၀ နာရီခွဲ အချိန်မှာ သမ္မတ အာဆတ်နဲ့ ဖုန်းပြောခဲ့ရပြီး တိုင်းပြည်မှာ လက်ရှိကြုံတွေ့နေရတဲ့ ခက်ခဲမှုအခြေအနေတွေကို တင်ပြခဲ့ရာမှာ အာဆတ်က မနက်ဖြန် ငါတို့တွေ့ကြမယ်လို့ သူ့ကို ပြန်ပြောခဲ့တဲ့အကြောင်း ဂျလာလီက ဆော်ဒီ နိုင်ငံပိုင်ရုပ်သံ Al Arabiya TV ကို ပြောပြပါတယ်။ မနက်ဖြန်မှာ တွေ့ကြမယ်ဆိုတဲ့စကားအတိုင်း ဂျလာလီဟာ တနင်္ဂနွေနေ့မနက် အရုဏ်တက်ချိန်မှာ ဖုန်းထပ်ဆက်ခဲ့ပေမဲ့ အာဆတ်ကတော့ ရုရှားကို လစ်ထွက်သွားခဲ့ပြီ ဖြစ်ပါတယ်။

Ref: Reuters

ဘာသာပြန်- ရာစုသစ်

(ရိုက်တာသတင်းဌာနမှာ Samia Nakhoul, Maya Gebeily, Parisa Hafezi နဲ့ Suleiman Al-Khalidi တို့ ပူးပေါင်းရေးသားထားတဲ့ “Assad's final hours in Syria: Deception, despair and flight” သတင်း ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024