ဆီးရီးယားသူပုန်တွေက သမ္မတ ဘတ်ရှားအယ်လ်အာဆတ်ကို ပြီးခဲ့တဲ့သီတင်းပတ်က ဖြုတ်ချပြီးတဲ့နောက် အားနည်းတဲ့ ဆီးရီးယားပြည်သူတွေကို ကူညီဖို့ ဗြိတိန်က ပေါင် သန်း ၅၀ (ဒေါ်လာ ၆၃ သန်း) အကူအညီ ပေးမယ်လို့ ဒီဇင်ဘာ ၁၅ ရက်က ကြေညာပါတယ်။
ဆယ်စုနှစ်တခုကျော်ကြာအောင် ပြည်တွင်းစစ်ဖြစ်အပြီး သန်းနဲ့ချီတဲ့ ဆီးရီးယားနိုင်ငံသားတွေဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုနေတာပါ။
ပြည်တွင်းစစ်ကြောင့် နိုင်ငံရဲ့ အခြေခံအဆောက်အအုံ အများအပြား ပျက်စီးပြီး လူအများအပြား အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီးပါပြီ။ အခုတော့ နိုင်ငံထဲကနေ ထွက်ပြေးသွားသူ အများအပြားဟာ အိမ်နီးချင်းနိုင်ငံတွေကနေ ပြန်လာကြမှာပါ။
ဗြိတိန်ငွေ စတာလင်ပေါင် သန်း ၃၀ ဟာ အစားအစာ၊ အမိုးအကာ၊ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ထိခိုက်လွယ်သူ အများစုအတွက် အကာအကွယ်တွေ အပါအဝင် လူတသန်းကျော်ကို ချက်ချင်းအကူအညီပေးမယ်လို့ ဗြိတိန်အစိုးရက သတင်းထုတ်ပြန်ပါတယ်။
ကုလသမဂ္ဂ လမ်းကြောင်းတွေကနေတဆင့် ဖြန့်ဝေပေးတဲ့ ငွေကြေးအများစုဟာ ရေ၊ ဆေးရုံနဲ့ ကျောင်းတွေလို မရှိမဖြစ်လိုတဲ့ ဝန်ဆောင်မှုတွေ ပြန်လည်ထူထောင်ရေး အပါအဝင် ပေါ်ပေါက်လာတဲ့ လိုအပ်ချက်တွေကို ပံ့ပိုးပေးမှာပါ။
အိမ်နီးချင်းနိုင်ငံတွေက ဆီးရီးယားပြည်သူတွေကို ကူညီဖို့ ပေါင် ၁၀ သန်းကို လက်ဘနွန်နိုင်ငံထဲက ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကို ပေးအပ်မှာဖြစ်ပြီး WFP နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) ကနေတဆင့် ဂျော်ဒန်နိုင်ငံထဲကို ပေါင် ၁၀ သန်း ပေးအပ်မယ်လို့ ကြေညာချက်က ဆိုထားပါတယ်။
Source : Reuters