ဆီးရီးယာအာဏာရှင် သမ္မတဟောင်း ဘာရှား အလ်-အာဆတ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ဖြုတ်ချအပြီးမှာ ရုရှားဟာ ဆီးရီးယားရှိ စစ်လေတပ်အခြေစိုက်စခန်းမှာ စစ်လက်နက်ပစ္စည်းတွေ ကို ထုပ်ပိုးနေပုံရတဲ့ ဂြိုဟ်တုဓာတ်ပုံတွေကို Maxar အာကာသနည်းပညာကုမ္ပဏီက ထုတ်ပြန်လိုက်ပါတယ်။
ဒီဇင်ဘာ ၁၃ ရက်က ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေဟာ ဆီးရီးယားနိုင်ငံ လတ်ထားကီယာ ကမ်းရိုးတန်း ပြည်နယ်ရှိ ဟဲမင်းမ်လေတပ်အခြေစိုက်စခန်းမှာ ထိပ်ချွန်းဒုံးကျည်တွေ တပ်လျက်သားဖြစ်တဲ့ ကမ္ဘာ့အကြီးဆုံး ကုန်တင် လေယာဉ်တမျိုးဖြစ်တဲ့ အန်တိုနော့ဗ် လေယာဉ် ၂ စင်းထက်မနည်းကို မြင်တွေ့ရပါတယ်။
ရုရှားရဲ့ တခုတည်းသော မြေထဲပင်လယ် ပြုပြင်ရေးနဲ့ ထောက်ပံ့ဖြည့်ဆည်းရေး အချက်အချာ ဖြစ်တဲ့ တားရ်တို့စ်ရှိ ရုရှားရေတပ်အခြေစိုက်စခန်းကတော့ ကြီးကြီးမားမား မပြောင်းလဲသေးဘူး လို့ Maxar ကုမ္ပဏီက ပြောကြားပြီး ဒီဇင်ဘာ ၁၀ ရက်ကတည်းက တားရ်တို့စ်ကမ်းလွန်မှာ ဖရီးဂိတ်သင်္ဘော ၂ စင်းနဲ့ ဓာတ်ပုံတွေ ရိုက်ကူးထားပြီး ဆက်လက်စောင့်ကြည့်နေခဲ့တာလို့ ဆိုပါတယ်။
ဗြိတိန်နိုင်ငံ ချန်နယ်ဖိုးသတင်းဌာနကလည်း ရုရှားစစ်ကား အစီးရေ ၁၅၀ ကျော် လိုက်ပါလာတဲ့ ယာဉ်တန်းဟာ လမ်းတလျှောက် ရွေ့လျားနေတာကို မြင်တွေ့ခဲ့ရကြောင်း ဖော်ပြပါတယ်။
ရုရှားစစ်တပ်ဟာ စနစ်တကျလှုပ်ရှားနေပြီး ရုရှားနိုင်ငံသားတွေကို ဆီးရီးယားမှ ထွက်ခွာခွင့ပြုဖို့ သဘောတူညီချက်တခု ရရှိခဲ့ကြောင်း ချန်နယ်ဖိုးရုပ်သံလိုင်းမှ ပြောကြားခဲ့ပါတယ်။
ကရင်မ်လင်နန်းတော်ကတော့ အာဏာရှင် အာဆတ် ကျဆုံးပြီးနောက်မှာ သူ့ရဲ့အဓိက အာရုံစိုက်မှုဟာ ဆီးရီးယားရှိ သူ့ရဲ့စစ်အခြေစိုက်စခန်းတွေရဲ့ လုံခြုံရေးနဲ့ သံတမန်ရေးရာ မစ်ရှင်တွေရဲ့ လုံခြုံရေးကို သေချာစေဖို့ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
Source-Reuters