ဂျာမနီဟာ ဆီးရီးယားအတွက် လူသားချင်းစာနာမှုအကူအညီမှာ နောက်ထပ် ယူရို ၈ သန်း ပံ့ပိုးပေးမှာဖြစ်ပြီး ဆီးရီးယားအတွက် အထူးညှိနှိုင်းရေးမှူး ကိုယ်စားလှယ်အဖြစ် ပြည်နယ်ဝန်ကြီး တိုဘီးယပ်စ် လင်းဒ်နာကို ခန့်အပ်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီး အန်နာလီနာဘဲရ်ဘော့က ဒီဇင်ဘာ ၁၁ ရက်မှာ ပြောပါတယ်။
ဆီးရီးယားရဲ့ လတ်တလော အခြေအနေမှာ အကဲဖြတ်ဖို့ ရှင်းရှင်းလင်းလင်း မရှိလှတာကြောင့် ဆီးရီးယားဒုက္ခသည်တွေ သူတို့နိုင်ငံ ပြန်သွားကြဖို့နဲ့ ဆီးရီးယားကနေ နောက်ထပ် ဒုက္ခသည်တွေ ထပ်ဝင်လာမယ့် ကိစ္စတွေမှာ အိမ်နီးချင်းနိုင်ငံတွေ၊ ဥရောပမှ မိတ်ဖက်နိုင်ငံတွေနဲ့ UNHCR နဲ့ UN တို့နဲ့ သေချာပေါက် အနီးကပ် မဖြစ်မနေ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဘဲရ်ဘော့က ဘာလင်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ပြောဆိုပါတယ်။
ဂျာမန်ဘက်ခြမ်းက ဆီးရီးယားကို လမ်းကြောင်းတွေ ထပ်တိုးဖို့က အရေးကြီးပြီး အဲဒီနေရာမှာ ဂျာမန်ကလူတွေကိုလည်း အင်အားတိုးထားရှိမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဆီးရီယားတွေဟာ ဂျာမနီမှာ သာမက၊ ဆီးရီးယားရဲ့ အိမ်နီးချင်းနိုင်ငံတွေမှာလည်း သန်းနဲ့ချီ ခိုလှုံနေကြတာဖြစ်ပြီး သူတို့ရဲ့ဇာတိနိုင်ငံကို ပြန်သွားချင်သူတွေလည်း ရှိနေမှာဖြစ်သလို တချိန်တည်းမှာပဲ ဆီးရီးယားကနေ ဒုက္ခသည်တွေ ထပ်ဝင်လာခြင်းရှိ မရှိနဲ့ ဒါမှမဟုတ် ဆီးရီးယားကို အမှန်တကယ် ပြန်လာနိုင်မှု ရှိ၊ မရှိတွေကို သေချာလုပ်ဆောင်ရမယ် လို့ ဘဲရ်ဘော့ က ပြောဆိုပါတယ်။
ဆီးရီးယားသမ္မတ အာဆတ်ကို ဖြုတ်ချပြီးနောက် ဒီဇင်ဘာ ၉ ရက်မှာ ဂျာမနီနိုင်ငံ ရွှေ့ပြောင်းနေထိုင်သူများနဲ့ ဒုက္ခသည်များဆိုင်ရာ ဖက်ဒရယ်ရုံး (BAMF) ဟာ နောက်ထပ် အသိပေးချက် ညွှန်ကြားချက် တစုံတရာ မရသေးခင်အထိ ဆီးရီးယားနိုင်ငံသားတွေဆီမှ ခိုလှုံခွင့်လျှောက်ထားမှုအားလုံးကို ဆိုင်းငံ့ထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဂျာမနီမှာ ဆီးရီးယား နိုင်ငံသား ၈ သိန်းကျော် နေထိုင်နေကြပြီး ၂၀၁၅ ခုနှစ်မှာ အဓိပတိဟောင်း အန်ဂယ်လာမာကဲလ်က ခိုလှုံခွင့် တောင်းခံသူ ၁ သန်းကျော်ကို ဂျာမနီနိုင်ငံတွင်း ဝင်ရောက်ခွင့်ပြုလိုက်အပြီးမှာ အများစုက ဒုက္ခသည်တွေအဖြစ် ရောက်ရှိလာကြတာ ဖြစ်ပါတယ်။
Source: Reuters