Home
နိုင်ငံတကာ
ဆီးရီးယားမြို့တော်တွင်  စိတ်ကြွမူးယစ်ဆေးထုတ်လုပ်သည့် ဓာတ်ခွဲခန်းကြီးတွေ့ရှိ 
DVB
·
December 14, 2024
Photo-Reuters

ဆီးရီးယားအာဏာရှင် သမ္မတအာဆတ် ပြုတ်ကျသွားအပြီးမှာ ဒမတ်စကတ်မြို့တော်ရဲ့ အနောက်ဘက် အစွန်းရှိ လမ်းမကြီးရှိ တောင်ကုန်းတခုပေါ်မှာ စက်မှုလုပ်ငန်းသုံးအဆင့် ကပ်တဂွန် စိတ်ကြွဆေးထုတ်လုပ်တဲ့ ဆေးဝါးဓာတ်ခွဲခန်းကြီးကို တွေ့ရှိခဲ့ရပြီး ဆီးရီးယားမှာ ကပ်တဂွန်အင်ပါယာရဲ့ သက်သေအထောက်အထားအတွက်  သတင်းထောက်တွေကို ပထမဆုံးအနေနဲ့ စတင်ရှာဖွေခွင့်ပြုလိုက်ပါတယ်။

အရှေ့အလယ်ပိုင်းကနေ အမြစ်တွယ်လာခဲ့တဲ့ ကပ်တဂွန်လို့ သိကြတဲ့ မက်သာဖက်တမင်းလို စိတ်ကြွဆေးတွေ ထုတ်လုပ်ရောင်းချခြင်းကနေ သမ္မတ အာဆတ်ရဲ့ အစိုးရက ဝင်ငွေ အမြတ်ကြမ်းနေတာလို့ ဝါရှင်တန်နဲ့ တခြားသူတွေက စွပ်စွဲနေကြတာဖြစ်ပြီး အာဆတ် မိသားစုကလည်း မူးယစ်ဆေးဝါး ရောင်းဝယ်မှုနဲ့ ဆက်စပ်မှု မရှိကြောင်း ကာလရှည်ကြာ ငြင်းဆိုခဲ့တာ ဖြစ်ပါတယ်။

အာဆတ် ပြုတ်ကျအပြီး ရက်ပိုင်းအတွင်းမှာ တော်လှန်ရေးသမားတွေဟာ ကပ်တဂွန် ဆေးဝါးထုတ်လုပ်ပြီး တင်ပို့ဖို့ ပြင်ဆင်ထားတဲ့ နေရာအတော်များများကို နိုင်ငံတဝန်း တွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။

သူတို့ တွေ့ရှိခဲ့တဲ့ ဆေးပြားတွေကို မီးရှို့တာ၊ ရေမြောင်းထဲ စွန့်ပစ်တာတွေ လုပ်ခဲ့ကြောင်း အွန်လိုင်းမှာ ဗီဒီယိုတွေ မျှဝေထားပါတယ်။ ကပ်တဂွန် ဆေးပြားတွေမှာ လခြမ်းနှစ်ခွ လိုဂို ဒါမှမဟုတ် "လက်ဇစ်" ဆိုတဲ့ စာလုံး ရိုက်နှိပ်ထားပါတယ်။

ဒိုမာမြို့ရှိ စွန့်ပစ်ထားတဲ့နေရာကြီးတခုမှာ ထောင်နဲ့ချီတဲ့ ပရိဘောဂတွေ၊ သစ်သီးတွေ၊ အလှဆင် ကျောက်စရစ်ခဲတွေနဲ့ ဗို့အားငြိမ်စက်တွေထဲမှာ ဝှက်ထားတဲ့ ထောင်နဲ့ချီတဲ့ ဆေးပြားတွေကို တော်လှန်ရေးသမားတွေက တွေ့ရှိခဲ့ပါတယ်။

အပြင်မှာလည်း နောက်တွဲယာဉ်တစင်းနဲ့ သစ်သားခင်းတွေပေါ်မှာ စုပုံထားတာတွေကိုလည်း တွေ့ခဲ့ကြပါတယ်။ အတွင်းဘက်မှာ ဆေးပြားဖိစက်၊ အထက်ဂိုဒေါင်မှာ စည်ပေါင်း ဒါဇင်ပေါင်းများစွာ၊ သေတ္တာတွေအပြင် နိုင်ငံစုံထုတ် ဓာတုပစ္စည်းအမျိုးမျိုး ပုလင်းတွေလည်း ရှိနေတာပါ။

ကပ်တဂွန်ရဲ့ နှစ်စဉ်ကုန်သွယ်မှုဟာ တနှစ်ကို ဒေါ်လာဘီလီယံနဲ့ချီပြီး တန်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ကက်တဂွန်ရဲ့ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုဟာ ခန့်မှန်းတန်ဖိုးဒေါ်လာ ၁၀ ဘီလီယံရှိပြီး ဖြုတ်ချခံ ဆီးရီးယား ခေါင်းဆောင်တွေရဲ့ နှစ်စဉ်အမြတ်ငွေမှာ ကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံခန့်ရှိကြောင်း နယူးယောက်အခြေစိုက် နယူးလိုင်းစ် အင်စတီကျု ကပ်တဂွန် ကုန်သွယ်ရေးပရောဂျက်ရဲ့ ဒါရိုက်တာ ကာရိုလိုင်းရို့စ်က ပြောပါတယ်။

အနောက်နိုင်ငံအစိုးရတွေဟာ ဆီးရီးယားရှိ တရားမဝင်ကုန်သွယ်မှုကို သမ္မတ အာဆတ်ရဲ့ အစ်ကို မာဟာ အယ်လ်အာဆတ်နဲ့ သူကွပ်ကဲတဲ့ ဆီးရီးယားစစ်တပ်ရဲ့ စတုတ္ထတပ်မတို့နဲ့ အချိတ်အဆက် ရှိပါတယ်။ မာဟာ အယ်လ်အာဆတ်ရဲ့ တည်နေရာကို မသိရသေးတာကြောင့် ရိုက်တာသတင်းဌာနက စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ဆက်သွယ်လို့ မရပါဘူး။

ကပ်တဂွန် ကို ၁၉၆၀ ပြည့်နှစ်လောက်က ဂျာမနီနိုင်ငံမှာ အာရုံစူးစိုက်မှုနဲ့ မှတ်ဉာဏ်ဆိုင်ရာ ကုသမှုတွေအတွက် ပထမဆုံး ထုတ်လုပ်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ရပ်ဆိုင်းခဲ့ပေမဲ့လည်း ဆင်းရဲသားတွေရဲ့ ကိုကင်းဆိုပြီး လူသိများတဲ့ တရားမဝင်ဗားရှင်းကို ဥရောပအရှေ့ပိုင်းနဲ့ နောက်ပိုင်းကျတော့ အာရပ်ကမ္ဘာမှာ ဆက်လက် ထုတ်လုပ်ခဲ့တာပါ။

ကပ်တဂွန်ကို ဘေးထွက်ဆိုးကျိုး အန္တရာယ်တွေကြောင့် အမေရိကန် အပါအဝင် နိုင်ငံအများအပြားမှာ တားမြစ်ထားတာပါ။ ကပ်တဂွန် မူးယစ်စိတ်ကြွဆေးဟာ ရှေ့တန်း စစ်မျက်နှာတွေကနေ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေနဲ့ ထိပ်တန်းပါတီတွေအထိ ပျံ့နှံ့သုံးစွဲနေကြတာ ဖြစ်ပြီး ပင်လယ်ကွေ့အာရပ် နိုင်ငံတွေမှာ မူးယစ်ဆေးဝါးအလွဲသုံးမှု ကြီးထွားလာစေပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013