Home
မြန်မာသတင်း
မြန်မာအလုပ်သမား ၁ ဦးက ထိုင်းအမျိုးသမီး ၁ ဦးကို သတ်ပြီး ချုံထဲစွန့်ပစ် 
DVB
·
February 21, 2025
Photo : Matichon

ထိုင်းနိုင်ငံ စမွတ်စခွန်းခရိုင်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာအလုပ်သမားတယောက်က ကာရာအိုကေဆိုင်မှာ အလုပ်လုပ်တဲ့ ထိုင်းအမျိုးသမီးတယောက်ကို လည်ပင်းညှစ်သတ်ပြီး ချုံထဲစွန့်ပစ်ထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက် မနက် ၈ နာရီလောက်က စမွတ်စခွန်းမြို့၊ ဘန့်ဖျောက်မြို့နယ်ထဲမှာ အမျိုးသမီးတယောက်ရဲ့အလောင်း တွေ့ရှိကြောင်း တာဝန်သိသူက သတင်းပေးတဲ့အတွက် ဆေးရုံကားနဲ့အတူ သွားရောက် စစ်ဆေးကြည့်ရှုခဲ့တယ်လို့ ဘန့်ဖျောက်ရဲစခန်း တာဝန်ကျရဲအုပ်က သတင်းထောက်တွေကို ပြောပါတယ်။

အခင်းဖြစ်ပွားရာနေရာမှာ ဘန့်ဖျောက်အုပ်စု ဖရပထုန်သွားလမ်းမကြီးဘေး ချုံထဲမှာဖြစ်ပြီး အပေါ်ပိုင်းအင်္ကျီနီ အတွင်းခံပေါ်သည်ထိပင့်တင်ထား၊ အောက်ပိုင်းဗလာဖြစ်နေတဲ့ အမျိုးသမီး တယောက်ရဲ့ အလောင်းကို ပက်လက်အနေအထားနဲ့တွေ့တယ်၊ လည်ပင်းမှာ အညိုအမည်းဒဏ်ရာနဲ့ ပေါင်မှာ အကိုက်ခံထားရတဲ့ ဒဏ်ရာရှိတယ်၊ အနီးမှာလည်း မူးကြောင်ကြောင်ဖြစ်နေတဲ့ လူရွယ်တယောက် ရှိနေတယ်လို့ ဆိုပါတယ်။

ရဲကိုဖုန်းဆက်ခေါ်တဲ့ ဆိုင်ကယ် ကယ်ရီသမား ပြောပြချက်အရ သူဟာ မနက်စောစောက အဲဒီနားဖြတ်သွားစဉ် လမ်းဘေးမှာလဲနေတဲ့ ဆိုင်ကယ်တစီးနဲ့ မနီးမဝေး သစ်ပင်အောက်မှာ လဲနေတဲ့ လူတယောက်ကို တွေ့တယ်။ သူ့မျက်နှာမှာ ခြစ်ရာတွေရှိလို့ ဆိုင်ကယ်မှောက်ပြီး ဒဏ်ရာရတယ်ထင်လို့ သွားထူမလို့လုပ်ရာမှာ သူက မူးကြောင်ကြောင်နဲ့ ထလာပြီး ဆိုင်ကယ်သော့ လိုက်ရှာတယ်။ သော့လိုက်ရှာရင်း အနီးက ချုံထဲမှာ အမျိုးသမီးအလောင်းကို တွေ့တယ်၊ မူးနေသူမှာ ထိုင်းစကားနားမလည်လို့ ဘာမှမေးလို့မရဘူး၊ သူလည်း ရဲကိုအကြောင်းကြားလိုက်တာလို့ ဆိုပါတယ်။

သေဆုံးသူ အမျိုးသမီးမှာ  အသက် ၄၄ နှစ်ရှိ ဆာမ်အန်း ခေါ် နွန့် ဆိုသူ ထိုင်းအမျိုးသမီးဖြစ်ပြီး မူးနေသူမှာ အသက် ၂၃ နှစ်ရွယ် အောင်ဇင်မျိုး ဆိုသူ  မြန်မာအလုပ်သမား ဖြစ်တယ်။ အမျိုးသမီးသေဆုံးမှုမှာ အောင်ဇင်မျိုးက အဓိကတရားခံဖြစ်တယ်လို့ ရဲတွေက ယူဆပြီး  သူ့ကို ရဲစခန်းခေါ်သွားကာ စစ်ဆေးခဲ့ပါတယ်။

အောင်ဇင်မျိုးက ၁၈ ရက်နေ့ညမှာ နွန့် အလုပ်လုပ်နေတဲ့ ကာရာအိုကေဆိုင်မှာ အရက်သွားသောက်တယ်၊ ပြီးတော့ နွန့်နဲ့အတူ ပျော်ပါးဖို့ ဘတ် ၁,၅၀၀ ပေးပြီး အပြင်ကို ခေါ်ထုတ်ခဲ့တယ်။ တည်းခိုခန်းတခုသွားပြီး အပြန်မှာ သူက ထပ်မံပျော်ပါးဖို့ပြောတော့ အမျိုးသမီးက ငြင်းဆိုပြီး သူ့ကိုပါးရိုက်တယ်၊ နှစ်ယောက်ရန်ဖြစ်ပြီး သူလည်း နွန့်ကို လည်ပင်းညှစ်ကာ ချုံထဲတွန်းချလိုက်တယ်၊ သေမယ်လို့ မထင်ဘူးလို့ ဘာသာပြန်ကတဆင့် ဖွင့်ဟဝန်ခံသွားတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကာရာအိုကေဆိုင်ဝန်ထမ်းနဲ့ နွန့်ရဲ့ ဆွေမျိုးတွေကတော့ နွန့်ဟာ ဖောက်သည်တွေကို အရက်ငှဲ့ပေးတာပဲရှိပြီး ဘယ်သူနဲ့မှ အပြင်ကို လိုက်သွားတာ မရှိဖူးဘူး၊ သူဟာ ခန္ဓာရောင်းစားသူ မဟုတ်ဘူး၊ သူ့မှာ ရည်းစားလည်းရှိတယ်၊ မကြာခင်လက်ထပ်တော့မှာ၊ အဲဒီညက ဆိုင်ကနေ အိမ်ပြန်ဖို့ အောင်ဇင်မျိုး ဆိုင်ကယ်နဲ့ လမ်းကြုံလို့ လိုက်ပြန်ရင်း မိုးလင်းတော့ အလောင်းဖြစ်နေတာလို့ ပြောပါတယ်။

ရဲတပ်ဖွဲ့ကတော့ လောလောဆယ် အောင်ဇင်မျိုးကို ဘန့်ဖျောက်အချုပ်ခန်းထဲထည့်ထားပြီး စီစီတီဗွီ ကင်မရာတွေ ထပ်မံစစ်ဆေးနေတယ်၊ အောင်ဇင်မျိုးကို ကျူးလွန်ပုံ သရုပ်ပြခိုင်းဖို့ ခေါ်လာစဉ် နွန့်ရဲ့ ခင်ပွန်းလောင်းနဲ့ အပေါင်းပါတွေက ဝိုင်းဝန်းထိုးနှက်တာကြောင့် ရဲတွေက တားဆီး ခေါ်ထုတ်ခဲ့ရပါတယ်။

ထိုင်းနိုင်ငံမှာ ဥပဒေနဲ့မညီညွတ်တဲ့ နိုင်ငံခြားသားနဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ဖမ်းဆီးနှိမ်နင်းဖို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ်ကြီးက အမိန့်ပေးထားပြီး နိုင်ငံတဝန်း စစ်ဆေးဖမ်းဆီးမှု တင်းကျပ်နေချိန်မှာ ခုလို မဖြစ်သင့်တာ ဖြစ်သွားတဲ့အတွက် ရွှေ့ပြောင်းလုပ်သားတွေကြား ဝေဖန်ပြစ်တင်မှု မြင့်မားနေပါတယ်။

Source : Matichon / Thairath News

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013