
ဘက်တစ်နဲ့ရှုံးပွဲက ချန်ပီယံလိဂ်ရှုံးထွက်အဆင့် ပွဲစဉ်အတွက် သတိပေးသံဖြစ်လာဖို့ မျှော်လင့်ကြောင်း ရီးရဲလ်နည်းပြ အန်စလော့တီက ပြောပါတယ်။
မက်ဒရစ်ကလပ်ဟာ ဘက်တစ်နဲ့ လာလီဂါပွဲစဉ်မှာ ၂ ဂိုး ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၃ နေရာ ရောက်ရှိခဲ့ရတာပါ။
ပထမပိုင်းမှာကတည်းက ဘောလုံးဆုံးရှုံးမှု ၂၇ ကြိမ်အထိရှိခဲ့ပြီး လက်ရှိခြေစွမ်းအရ ချန်ပီယံလိဂ်မှာ နိုင်ပွဲရမှာ မဟုတ်ကြောင်း၊ ဘက်တစ်နဲ့ ရှုံးပွဲရလဒ်က ချန်ပီယံလိဂ်အတွက် သတိပေးခေါင်းလောင်းသံ ဖြစ်လာဖို့ မျှော်လင့်ကြောင်း နည်းပြအန်စလော့တီက ပြောပါတယ်။
တိုက်စစ်မှူး အမ်ဘာပေ အနေနဲ့ ဒဏ်ရာအခြေအနေကြောင့် လေ့ကျင့်ချိန်နည်းပါးခဲ့ပြီး အကောင်းဆုံးစွမ်းဆောင်ရည် မရခဲ့ကြောင်းလည်း နည်းပြ အန်စလော့တီက ပြောပါတယ်။
ရီးရဲလ်အသင်းဟာ လာမယ့်ကြားရက်မှာ မြို့ခံပြိုင်ဘက် အက်သလက်တီကို မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ် ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။