
အဖွဲ့စည်းတရပ်တွင် ရည်ရွယ်ချက်၊ ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ရန်မှာ ခေါင်းဆောင်မှုကောင်းရန် လွန်စွာအရေးကြီး၏။ ရည်ရွယ်ချက်၊ ရည်မှန်းချက် မည်မျှပင် ကောင်းစေကာမူ ခေါင်းဆောင်မှုညံ့ဖျင်းလျှင် ၎င်းအဖွဲ့အစည်းသည် ပျက်စီးရသည်သာ ဖြစ်၏။ နိုင်ငံတနိုင်ငံတွင် ဖြစ်စေ၊ အဖွဲ့အစည်းတရပ်တွင် ဖြစ်စေ တော်တည့်မှန်ကန်သော ခေါင်းဆောင်များကို ရွေးချယ်ခန့်ထားနိုင်ရန်မှာ အလွန်အရေးကြီးလှပါသည်။ သို့မှသာ လူသူအများကို ဦးဆောင်ဦးရွက်ပြုကာ သာယာအေးချမ်းသော လူ့ဘောင်ကို တည်ထောင်နိုင်မည်ဖြစ်၏။
လူတို့သည် ခေတ်အဆက်ဆက် ခေါင်းဆောင်ကောင်းကို ရွေးချယ်နိုင်ရန် နေရာဒေသ အခြေအနေအလိုက်နည်းဖြင့် အမျိုးမျိုး ကြိုးစားခဲ့ကြ၏။
မြန်မာပြည်တွင်လည်း ခေါင်းဆောင်တင်မြှောက်ခြင်းနှင့် သက်ဆိုင်သော ဆောင်ရန်၊ ရှောင်ရန် အဆိုအမိန့်များစွာ ပေါ်ထွက်ခဲ့၏။
ထိုအထဲမှ ထင်ရှားသော ခေါင်းဆောင်မဖြစ်ထိုက်သူများတွင်…
၁။ ဂဏန်းကဲ့သို့ ကန့်လန့်တိုက်တတ်သူ၊
၂။ ပုတ်သင်ကဲ့သို့ ကိုယ်ပိုင်ခံယူချက်မရှိ ခေါင်းညိတ်လွယ်သူ၊
၃။ ဝါးပင်ကဲ့သို့ လေယူရာယိမ်းတတ်သူ၊
၄။ လိပ် ကဲ့သို့ ကိုယ့်အတွက်သာကြည့်သူ၊
၅။ နွားသိုးကဲ့သို့ ဉာဏ်ပညာနည်းပါးပြီး အလိုလောဘကြီးသူ၊ တဇွတ်ထိုးနိုင်သူ
၆။ ခွေးအ ကဲ့သို့ ကောက်ကျစ်ရက်စက်သူ များ ပါ၀င်သည်ဟူ၍ ၆ မျိုး ဖော်ပြထားသည်။
ယနေ့အချိန်သည် နွားသိုးကဲ့သို့ အသိဉာဏ်ပညာနည်းပါးပြီး အလိုလောဘကြီးကာ တဇွတ်ထိုးနိုင်လှသူများ ဖြစ်သော စစ်ခေါင်းဆောင်များ၏ အာဏာလု အုပ်စိုးမှုကို ပြည်သူများ ရင်ဆိုင်နေရချိန် ဖြစ်သည်။ အာဏာရှင် စစ်ခေါင်းဆောင်များ၏ အမိန့်ကို နာခံသော မြန်မာစစ်တပ်သည် ပြည်သူလူထုကို သစ္စာဖောက်ဖျက် ပုန်ကန်မှုတွင် အသုံးချခံဖြစ်နေ၏။ ကိုယ့်ပြည်သူလူထုကို လက်နက်အားကိုးဖြင့် စော်ကား အနိုင်ကျင့်နေ၏။
ထို့ကြောင့် ပြည်သူတို့၏ လက်နက်ကိုင်ခုခံစစ်ကို ရင်ဆိုင်နေရပြီး အထိခိုက် အကျဆုံး အလွန်အမင်း မြင့်တက်လျက်ရှိသည်။ စစ်အောင်ရာသော အကြောင်းများတွင် အဓိကအကျဆုံးဖြစ်သော ပြည်သူလူထု တရပ်လုံး၏ ပူးပေါင်းပါ၀င်မှုကို မရရှိသော အာဏာလုစစ်တပ်သည် အချိန်နှင့်အမျှ ဆုံးရှုံးမှုများကို ရင်ဆိုင်နေရပြီဖြစ်သည်။ စစ်မျက်နှာအသီးသီးတွင် ရှုံးနိမ့်ဆုတ်ခွာ ထွက်ပြေးနေကြရ၏။ အစွယ်ကျိုးသော မြွေကဲ့သို့ အညံ့ခံ လက်နက်ချနေကြ၏။ စစ်အုပ်စု တပ်သားများအနေဖြင့် ထိုအခြေအနေမှန်ကို လက်မခံဘဲ ဇွတ်တိုးမိုက်နေလျှင်လည်း ပျက်စီးဆုံးရှုံးရမည်သာ ဖြစ်သည်။
ယခုအချိန်တွင် အာဏာလုစစ်အုပ်စု ကြုံတွေ့နေရသော အခက်အခဲ အကျပ်အတည်းများသည် စစ်ခေါင်းဆောင်၏ မပြတ်သားသော ဆုံးဖြတ်ချက်များကြောင့် ဖြစ်သည်ဟု စစ်အုပ်စု လက်ဝေခံ လော်ဘီများက ဝါဒဖြန့်လေ့ရှိသည်။ လက်တွေ့တွင် အာဏာလုခြင်းကသာ အမှားစင်စစ်ဧကန်ဖြစ်၏။ အခြေအနေမှန်ကို ပုံဖျက်ရန် ဖုံးကွယ်သော်လည်း အကြောင်းမထူးနိုင်ပေ။
စစ်လော်ဘီများ ထိုသို့လုပ်ဆောင်ခြင်းမှာ ၎င်းတို့ စစ်အုပ်စုအား ထောက်ခံသူ လူနည်းစုကို စိတ်ဓာတ်မြှင့်တင်ပေးနိုင်ရေးအတွက်သာ ဖြစ်သည်။ ဝေဖန်သုံးသပ်နိုင်စွမ်း အားနည်းသော၊ ဉာဏ်ပညာနုံနဲ့သော စစ်အုပ်စုအောက်ဆွဲများမှာ လော်ဘီတို့၏စကားကို ယုံစား မျှော်ကိုးမိနေကြသည်။ တချိန် စစ်အုပ်စုက နိုင်နိုး၊ တချိန် အဆင်ပြေလာနိုးနှင့် စောင့်မျှော်နေကြဆဲမှာပင် တိုင်းပြည်မှာ ဆင်းရဲတွင်းနက်ထဲ ကျလာသလို ၎င်းတို့ကိုယ်တိုင်လည်း လိုက်ပါကျရောက်ကြရသည် ဖြစ်၏။ စစ်အုပ်စုလက်ထက်တွင် ဖြစ်ပေါ်လာသော အကျပ်အတည်းများကို ကိုယ်တိုင်ကြုံရပါလျက် စစ်အုပ်စု၏ အမှားများကို မမြင်လျှင် ထိုသူများအဖို့ အမှောင်တောမှ လွတ်ကင်းရန် လမ်းမရှိနိုင်ပေ။
အမှန်စင်စစ်တွင် စစ်အုပ်စု၏ ရှုံးနိမ့်မှုများမှာ စစ်ခေါင်းဆောင်တစု၏ ကိုယ်ကျိုးရှာမှု၊ လောဘကြီးမှု၊ တကိုယ်ကောင်းဆန်မှု၊ သစ္စာမဲ့မှု၊ ကျင့်၀တ်မလိုက်နာမှုများမှ ထွက်ပေါ်လာသော ရလဒ်ပင်ဖြစ်သည်။
စစ်လော်ဘီတစု ဝါဒဖြန့်နေသည့်အတိုင်း အနိမ့်ဆုံးအဆင့် အနည်းဆုံးအင်အားကို အသုံးပြုနေသောကြောင့် မဟုတ်ပေ။ စစ်အုပ်စုသည် စွမ်းအားကုန်သုံးပြီးဖြစ်၏။
စစ်တပ်အောက်ခြေမိသားစု၀င်များ၊ စစ်အုပ်စုအောက်ဆွဲများပင် မလွတ်သော အတင်းအဓမ္မ စစ်မှုထမ်းစေခြင်းများက သက်သေပင်ဖြစ်၏။
ရလဒ်အနေနှင့်ကား ပြောင်းလဲနိုင်စရာမရှိချေ။ ပြည်သူကိုဆန့်ကျင်သဖြင့် ဓားကျိုး၊ လှံခွေ ဖြစ်နေသော စစ်အုပ်စုသည် မုချ ကျဆုံးရမည်သာဖြစ်၏။
စစ်တပ်ကို အသုံးချကာ ကိုယ်ကျိုးစီးပွားရှာနေသော ခေါင်းဆောင်အနေဖြင့် စစ်ရေးစစ်ရာကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ရန် မဖြစ်နိုင်ပေ။
ထိုသို့သော ခေါင်းဆောင်မျိုး၏ ခေါင်းထဲတွင် လက်အောက်ငယ်သားများ၏ အကျိုးထက် သူ၏ကိုယ်ကျိုးကိုသာ ရှေ့တန်းတင်မည်ဖြစ်၏။
ပြည်သူလူထု၏ ဆန့်ကျင်မှုမှာလည်း ပြင်းထန်လှသည်ဖြစ်ရာ စစ်အုပ်စု တပ်သားများအဖို့ ပြည်သူလူထုထံ အလင်း၀င်ခြင်းသည်သာ မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်ပေလိမ့်မည်။
နွားသိုးကဲ့သို့သောသူများ ဦးစီးသော အစွယ်ကျိုးနေသောမြွေလို အဖွဲ့အစည်းတွင် တပ်သားများ၏ အနာဂတ် သာယာလှပနိုင်ရေးမှာ မည်သို့မျှ မဖြစ်နိုင်ပေ။ ထို့ကြောင့် အလံဖြူထောင်၊ လက်နက်ချ၊ အလင်း၀င်၊ ပြည်သူနှင့်ပူးပေါင်းကာ ဖက်ဒရယ်ဒီမိုကရေစီပြည်သစ်ကို အတူတကွ ပုံဖော်ထုဆစ်ကြသင့်၏။
သို့မှသာ မြန်မာပြည်သားအားလုံး၏ အနာဂတ် သာယာလှပပေလိမ့်မည်။
လှပသာယာသော နေ့သစ်များကား ရှေ့တွင် စောင့်နေပေပြီ။
လိုက်ခြင်း မလိုက်ခြင်းမှာကား သင်တို့၏ ဆုံးဖြတ်ချက်အတိုင်းသာ ဖြစ်တော့၏။
ညိုသူ