Home
မြန်မာသတင်း
ဖမ်းဝရမ်းထုတ်ခံထားရသည့် စစ်ခေါင်းဆောင် ရုရှားသွားမည်၊ သမ္မတပူတင်နှင့် တွေ့ဆုံမည်
DVB
·
March 1, 2025

ဖမ်းဝရမ်းထုတ်ခံထားရတဲ့  အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ဖိတ်ကြားချက်နဲ့ ရုရှားနိုင်ငံကို ချစ်ကြည်ရေးသွားရောက်မယ်လို့ မတ်လ ၁ ရက် ဒီကနေ့ထုတ်   စစ်ကောင်စီအာဘော် သတင်းစာတွေမှာ ဖော်ပြပါတယ်။ 

ဘယ်နေ့ ဘယ်ရက်မှာသွားရောက်မယ်ဆိုတာ အတိအကျမပါပေမဲ့ မကြာမီရက်ပိုင်းအတွင်းသွားမယ့် ဒီခရီးစဉ်မှာ စီးပွားရေး၊ ချစ်ကြည်ရေး၊ လုံခြုံရေးဆိုင်ရာနဲ့  ကဏ္ဍပေါင်းစုံမှာ မဟာဗျူမြောက် ပူးပေါင်းဆောင်ရွက်မယ့်ကိစ္စတွေကို ဆွေးနွေးမယ်လို့လည်း ထုတ်ပြန်ပါတယ်။ 

စစ်ခေါင်းဆောင်ရဲ့ ရုရှားခရီးစဉ်မှာ ရုရှားနိုင်ငံသမ္မတနဲ့  ရုရှားနိုင်ငံဝန်ကြီးချုပ်တို့အပြင် လွှတ်တော် ဥက္ကဋ္ဌ တို့နဲ့လည်း  တွေ့ဆုံဖို့ ရှိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ရုရှားနိုင်ငံနဲ့ ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှုစာချွန်လွှာ (MOU) ကို လက်မှတ်ရေးထိုးထားကြောင်း ဖေဖော်ဝါရီ ၂၄ ရက်မှာထုတ်ပြန်ခဲ့သလို ရုရှားနိုင်ငံကိုမြန်မာလုပ်သားတွေ စေလွှတ်မယ့်အစီအစဉ်တွေကိုလည်းအခု ရက်ပိုင်းအတွင်းမှာပဲ ထုတ်ဖော်ပြောဆိုထားပါတယ်။

အခု ခရီးစဉ်ဟာ စစ်ခေါင်းဆောင်ရဲ့  ၄ ကြိမ်မြောက်ရုရှားခရီးစဉ်လည်းဖြစ်ပြီး အာဂျင်တီးနားနိုင်ငံ တရားရုံးရဲ့  ဖမ်းဝရမ်းထုတ်ပြီးနောက် ပြည်ပကို ပထမဆုံးအကြိမ်သွားမယ့်ခရီးစဉ်လည်း ဖြစ်ပါတယ်။ 

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု အပါအဝင် ရာဇဝတ်မှု ကျူးလွန်ခဲ့တာတွေ နဲ့ပတ်သက်ပြီး မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို  အာဂျင်တီးနား တရားရုံးက ဖမ်းဝရမ်းထုတ်ထားသလို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရဲ့ တရားလို ရှေ့နေချုပ်ကလည်း ဖမ်းဝရမ်းထုတ်ပေးဖို့ လျှောက်ထားတာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013