
ရုရှားနဲ့ စစ်ကောင်စီတို့ ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံဖို့ သဘောတူ လက်မှတ်ရေးထိုးလိုက်ပါတယ်။
ဒီစီမံကိန်းကိုသာ အကောင်အထည်ဖော်ရင် ရေနက်ဆိပ်ကမ်းအပြင် ရေနံချက်စက်ရုံနဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံတို့လည်း ပါတဲ့အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ ရှိလာနိုင်ပြီး ဥပဒေအရ အကာအကွယ်တွေ မရှိတာကြောင့် ပိုဆိုးရွားတဲ့အခြေအနေလို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC) တာဝန်ခံ ကိုမင်းလွင်ဦးက ပြောပါတယ်။
“ဒီစီမံကိန်းထဲမှာ ဆိပ်ကမ်းအပြင် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံတို့၊ ရေနံချက်စက်ရုံတို့ ဆိုတာလည်း ပါတယ်ဗျ။ အဲ့တော့ စက်မှုဇုန်အတွက် အကောင်အထည်ဖော်တဲ့ အခါမှာတော့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကတော့ ရှိမှာပဲ၊ ပိုဆိုးတာက ကျနော်တို့ တိုင်းပြည်က ပုံမှန် အခြေအနေမဟုတ်ဘူးဗျာ။ အရပ်သား အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာလည်း ရှိတာမဟုတ်ဘူး။ ဥပဒေအရ အကာအကွယ်တွေကလည်း မယ်မယ်ရရ မရှိဘူး။ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေဘက်ကလည်းပဲ ဘာမှ ထောက်ပြဝေဖန်ဖို့၊ စောင့်ကြည့်ဖို့၊ အခွင့်ရေး မရှိတဲ့ အနေအထားပေါ့ဗျာ။ အဲ့တော့ ဒီစီမံကိန်းကို အကောင်အထည်ဖော်တဲ့အခါမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကတော့ ပုံမှန်အခြေနေမှာ အကောင်အထည်ဖော်တာထက်တော့ ပိုဆိုးဆိုးရွားရွား ဖြစ်လာနိုင်တယ်လို့တော့ မြင်တယ်ဗျ။”
အခုလို စီမံကိန်းသာ ပြန်စမယ်ဆိုရင် ထားဝယ်ဒေသခံတွေအနေနဲ့ မြေယာသိမ်းခံရမှုနဲ့ ရပိုင်ခွင့်တွေ ဆုံးရှုံးရမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေကြတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“ကျနော်တို့ အခုချိန်မှာ အစိုးရိမ်ဆုံးကတော့ စစ်ကောင်စီက အကောင်အထည်ဖော်တဲ့အချိန်မှာ လက်နက်နဲ့ပြပြီး ခြိမ်းခြောက်ပြီး မြေတွေကို သိမ်းသွားရင်လည်း ကျနော်တို့မှာ ဘာမှ ခုခံပိုင်ခွင့်မရှိဘူး။ ပြောဆိုပိုင်ခွင့် မရှိဘူး။ အဲ့လိုအနေအထားမှာ ကျနော်တို့ကို အကူအညီပေးမယ့် အဖွဲ့အစည်းလည်း ရှိမှာ မဟုတ်ဘူး။ အဲ့တော့ ကျနော်တို့ ဒေသခံတွေရဲ့ ရပိုင်ခွင့်တွေ ဆုံးရှုံးရနိုင်တယ်။ အဲ့တော့ ကျနော်တို့ကတော့ ဒီသဘာဝပတ်ဝန်းကျင် ထိခိုက်တာတွေ ဘာညာတွေထက် အခုလောလောဆယ် အနေအထားမှာ ဒီဒေသခံတွေက ကိုယ့်ရပ်ကိုယ့်ရွာမှာ အခြေချလို့ မရနိုင်တော့တဲ့ အနေအထားမျိုး ဖြစ်လာမှာကို စိုးရိမ်တာပေါ့ဗျာ။ေ
ရုရှား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးနဲ့ စစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးကံဇော်တို့ဟာ ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MOU) ကို လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ ရုရှားရဲ့ အင်တာဖက်စ် သတင်းအေဂျင်စီက ဖေဖော်ဝါရီ ၂၄ ရက်မှာ ဖော်ပြခဲ့ပါတယ်။
ရုရှား အစိုးရနဲ့ ပူးပေါင်းဆောက်လုပ်မယ့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းမှာ ရေနက်ဆိပ်ကမ်း၊ ရေနံချက်စက်ရုံနဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေပါဝင်မယ်လို့ ရိုက်တာ သတင်းမှာလည်း ဖော်ပြထားပါတယ်။
စစ်ကောင်စီဘက်ကတော့ ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ ပတ်သက်လို့ ရုရှားနဲ့ လက်မှတ်ထိုးတဲ့အပေါ် တိတိကျကျ ထုတ်ပြန်ပြောဆိုတာမရှိဘဲ ပဉ္စမအကြိမ် မြန်မာ-ရုရှား အစိုးရအချင်းချင်း ကုန်သွယ်ရေးနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးကော်မရှင် အစည်းအဝေးမှာ စာချုပ်စာတမ်း ၉ ခုကို လက်မှတ်ရေးထိုးခဲ့တယ်လို့သာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
သွေစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ဝင်တယောက်ကတော့ ရုရှားအနေနဲ့ အခုလို ရင်းနှီးမြှုပ်နှံမှုတွေ မြန်မာနိုင်ငံမှာ လာရောက်လုပ်ကိုင်ဖို့တော့ ခက်ခဲမယ်လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။
“ထားဝယ် အထူးစီးပွားရေးဇုန်သည် ဘယ်သူ့အတွက် အဓိက စိတ်ဝင်စားမှု ဖြစ်လဲဆိုတော့ အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ အဓိက စိတ်ဝင်စားမှု ဖြစ်ပါတယ်။ သူတို့ ရုရှားကို ခေါ်သွင်းလာတယ်ဆိုတဲ့ဟာက ကျနော်ထင်တယ် စစ်အုပ်စုအနေနဲ့ ထိုင်းအပေါ်မှာ သူတို့ ကစားလိုတဲ့ သဘောလား ဆိုတဲ့ဟာမျိုးလည်း ကျနော်တို့အနေနဲ့ စဉ်းစားမိပါတယ်။ အခုလက်ရှိ အခုလိုမျိုး မြန်မာပြည်အခြေအနေပေါ့နော် အလွန်ရှုပ်ထွေးပြီးတော့ အလွန် သမိုင်းတလျှောက် အပြင်းထန်ဆုံး အကြပ်တည်းဆုံး အခြေအနေမျိုးမှာ ရုရှားက သူတို့ရဲ့ ငွေကြေးတွေကို ရင်းနှီးမြှုပ်နှံမယ်လို့တော့ ကျနော်တို့အနေနဲ့ မထင်ပါဘူး။ ဒါ ဘယ်သူပဲဖြစ်ဖြစ် စီးပွားရေး ရင်းနှီးမြှုပ်နှံတယ်ဆိုတာက အကျိုးအမြတ်လိုချင်လို့ ရင်းနှီးမြှုပ်နှံကြတာ ဖြစ်တဲ့အတွက် အခုလို အခြေအနေမျိုးမှာ စစ်အုပ်စုကလည်း တကယ်တန်း ပြည့်ပြည့်ဝဝ ထိန်းချုပ်နိုင်ဖို့ မရှိတဲ့ ဒေသတခုမှာ၊ တနိုင်ငံလုံး သူတို့ မထိန်းချုပ်နိုင်ပါဘူးနော်၊ သို့သော် အခုလို တောင်ဘက်စွန်းမှာ ရှိတဲ့နေရာမျိုးမှာ ရုရှားက ရင်းနှီးမြှုပ်နှံမှု လာလုပ်ဖို့ဆိုတာက ကျနော်ထင်တယ် ခက်မယ်လို့ ထင်ပါတယ်။”
အရင်လုပ်ကိုင်ခွင့်ရခဲ့တဲ့ အီတာလျံ-ထိုင်းကုမ္ပဏီကို စီမံကိန်းအကောင်အထည်ဖော်မှု အားနည်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရပ်သားအစိုးရလက်ထက် ၂၀၂၀ ခုနှစ်က ဆက်လက်လုပ်ကိုင်ခွင့် ရပ်ဆိုင်းခဲ့တာလည်း ဖြစ်ပါတယ်။
ရုရှားဝန်ကြီးဌာနရဲ့ ထုတ်ပြန် ကြေညာချက်မှာတော့ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းမှာ အကြီးစားအခြေခံအဆောက်အအုံ နဲ့ စွမ်းအင်ဆိုင်ရာ စီမံကိန်းတွေ ပါဝင်မှာဖြစ်ပြီး ရုရှား ကုမ္ပဏီကြီးတွေနဲ့ ထပ်ဆင့် ပူးပေါင်းသွားမယ်လို့ ဖော်ပြထားပါတယ်။
“ရေနံချက်လုပ်ငန်းဟာ စီမံကိန်းရဲ့ အရှုပ်ထွေးဆုံး အစိတ်အပိုင်းဖြစ်ပြီး စက်ရုံတည်ဆောက်ဖို့ အဆုံးအဖြတ်မပေးရသေးပါဘူး။ ကနဦးသဘောတူညီချက်ပဲရှိပါသေးတယ်” လို့ ရုရှားသတင်းဌာန အင်တာဖက်စ် မှာ ရုရှား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးက ဖြေဆိုထားပါတယ်။
အထူးစီးပွားရေးဇုန်အနီး စစ်ကောင်စီတပ်နဲ့ ဒေသအခြေစိုက် တော်လှန်ရေးတပ်များ ထိတွေ့တိုက်ပွဲ မကြာခဏဖြစ်ပွားလေ့ရှိပါတယ်။ စစ်ကောင်စီက စီမံကိန်းတည်ရှိရာ ဒေသဝန်းကျင်ကို စစ်ကြောင်းထိုးတာတွေ ပိုမိုလုပ်ဆောင်နေပြီး ထားဝယ်အထူးစီးပွားရေးဇုန် တည်ရှိရာဒေသဝန်းကျင်က ကျေးရွာတွေကလည်း မကြာခဏ စစ်ဘေးရှောင် ထွက်ပြေးကြရလေ့ရှိပါတယ်။
မြတ်သဇင်