
ရုရှားသမ္မတ ဗလာဒီမာပူတင်က သူ့နိုင်ငံထဲမှာ မြေရှား သတ္တုသိုက်တွေရှာဖွေရေးအပြင် အမေရိကန် ပြည်တွင်းဈေးကွက်ဆီ အလူမီနီယံ သတ္တုထောက်ပံ့ရေးဆိုင်ရာ အခွင့်အလမ်းတွေကို ဖေဖော်ဝါရီ ၂၄ ရက်မှာ အမေရိကန်အစိုးရဆီ ကမ်းလှမ်းလိုက်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ရုရှားနဲ့ အဓိက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အပြောင်းအလဲတွေ လုပ်မယ်လို့ အစောပိုင်းက ပြောခဲ့ပါတယ်။
ထရမ့်ပ်ရဲ့ ထုတ်ပြန်ချက်အပြီး ၂ နာရီအတွင်း ပူတင်က မြေရှားသတ္တုများဆိုင်ရာ စီးပွားရေးအကြံပေးတွေ၊ ဝန်ကြီးတွေနဲ့အစည်းအဝေးကို သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။
ဒါဟာ တကယ်ကို အရင်းအနှီး ပေါကြွယ်ဝပြီး ရင်းနှီးမြှုပ်နှံမှု အထူးပြုတဲ့ ရုရှား-အမေရိကန် ပူးပေါင်းလုပ်ဆောင်မယ့် ပရောဂျက်တခုပါ။
ပဏာမ ခန့်မှန်းချက်တွေအရ ဒါဟာ ဒီနေ့ခေတ်ပေါက်ဈေးနဲ့ ၁၅ ဘီလီယံလောက် တန်ကြေးရှိမယ်လို့ ပူတင်က ပြောပါတယ်။
“ကျနော်တို့အနေနဲ့ အမေရိကန် လုပ်ဖော်ကိုင်ဖက်တွေကို ကမ်းလှမ်းဖို့ အဆင်သင့်ဖြစ်နေပါပြီ။ အုပ်ချုပ်ရေးပိုင်းနဲ့ အစိုးရ အဖွဲ့အစည်းတွေသာမက ကုမ္ပဏီတွေကပါ ပူးတွဲလုပ်ဆောင်ဖို့ စိတ်ဝင်စားကြောင်း ပြသခဲ့မယ်ဆိုရင် လက်တွဲလုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်မှာပါ”လို့ ပူတင်က အစည်းအဝေးအပြီး နိုင်ငံပိုင်ရုပ်သံမှာ ပြောပါတယ်။
ယူကရိန်း အကျပ်အတည်းမှာ ရုရှား-အမေရိကန် ပူးပေါင်းဆောင်ရွက်မှုကို ဥရောပက ပါဝင်ဆောင်ရွက်မယ် ဆိုရင်လည်း ရုရှားက ဆန့်ကျင်မှာမဟုတ်ဘူးလို့ ပူတင်က ပြောပါတယ်။
ဥရောပသမဂ္ဂဟာ ရုရှားအစိုးရနဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ပါဝင်ဖို့ အရင်က ငြင်းဆိုခဲ့ဖူးတယ်လို့လည်း ပူတင်က မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ်။
Source : Reuters