
AP သတင်းဌာနကို အိမ်ဖြူတော်မှာ သတင်းရယူခွင့် ပိတ်ပင်ထားတဲ့ကိစ္စ ချက်ချင်းပယ်ဖျက်ပေးဖို့ လျှောက်ထားချက်ကို ပြည်ထောင်စုတရားသူကြီးတယောက်က ဖေဖော်ဝါရီ ၂၄ ရက်မှာ ပယ်ချလိုက်ပါတယ်။
AP သတင်းဌာနဟာ အမေရိကန်ပင်လယ်ကွေ့လို့ ပြောင်းလဲ မသုံးစွဲဘဲ မက္ကဆီကိုပင်လယ်ကွေ့လို့ ဆက်လက်သုံးစွဲတဲ့အတွက် ထရမ့်ပ်က အခုလို သတင်းယူခွင့်ပိတ်ပင်တာ ဖြစ်ပါတယ်။
အိမ်ဖြူတော် ဘဲဥပုံရုံးခန်း၊ သမ္မတလေယာဉ် အဲဖို့စ်ဝမ်းနဲ့ အိမ်ဖြူတော်မှာ ကျင်းပတဲ့ အခမ်းအနားတွေမှာ ပြန်လည်သတင်းရယူခွင့်ရဖို့အတွက် အခုလို တားမြစ်တဲ့အမိန့်အပေါ် ယာယီတားဝရမ်းထုတ် ဟန့်တားဖို့ လျှောက်ထားခဲ့တာဖြစ်ပါတယ်။
ထရမ့်ပ်က ခန့်အပ်ထားတဲ့ အမေရိကန်ခရိုင်တရားသူကြီး ထရေဗာ မက်ဖာဒန်က ဒီလျှောက်ထားမှုကို ပယ်ချလိုက်ပြီး ဒီနေရာတွေဟာ သမ္မတက သုံးစွဲတဲ့ ပုဂ္ဂလိက ပိုဆန်တဲ့နေရာတွေ ဖြစ်တဲ့အတွက် ကန့်သတ်တာကို ပယ်ဖျက်ဖို့မလိုဘူးလို့ သုံးသပ်ထားပါတယ်။
“ဘဲဥပုံရုံးခန်းနဲ့ အဲဖို့စ်ဝမ်းပေါ်မှာ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတကို မေးခွန်းမေးမြန်းဖို့ဆိုတာ ဂျာနယ်လစ်တွေကို ပေးထားတဲ့ အခွင့်ထူး (privilege) ဖြစ်ပြီး ဥပဒေအရ ရသင့်တဲ့အခွင့်အရေး (legal right) မဟုတ်ဘူး” လို့ အိမ်ဖြူတော်ကလည်း ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။
AP သတင်းဌာနက ပြောခွင့်ရပုဂ္ဂိုလ်ကတော့ အစိုးရရဲ့ လက်တုံ့ပြန်မှုမရှိဘဲ လွတ်လပ်စွာပြောဆိုဖို့ သတင်းမီဒီယာနဲ့ အများပြည်သူရဲ့ အခွင့်အရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ပြောပါတယ်။
တချို့နေရာတွေမှာ AP သတင်းထောက်တွေကို ပေးမဝင်တဲ့ ထရမ့်ပ်ရဲ့ အိမ်ဖြူတော် ရုံးအဖွဲ့မှူး၊ ဒုရုံးအဖွဲ့မှူးနဲ့ ပြန်ကြားရေးအတွင်းဝန်တို့ကို AP က တရားစွဲထားပါတယ်။
သတင်းတင်ဆက်ရာမှာ သုံးစွဲတဲ့ ဝေါဟာရ အသုံးအနှုန်းအပေါ် လွှမ်းမိုးဖို့ ကြိုးစားခြင်းအားဖြင့် အခြေခံဥပဒေ ပထမဖြည့်စွက်ချက်ကို ချိုးဖောက်ရာရောက်တယ်လို့ AP က လျှောက်ထားတာ ဖြစ်ပါတယ်။
ထရမ့်ပ် အစိုးရရှေ့နေတွေကတော့ သမ္မတနဲ့ အထူးမီဒီယာ ထိတွေ့ခွင့်ပေးထားတဲ့ ကိစ္စဟာ အခြေခံဥပဒေပါ အခွင့်အရေး မဟုတ်ဘူးလို့ လျှောက်လဲခဲ့ကြပါတယ်။
Source : Reuters