
အမေရိကန်နိုင်ငံသူ မကေးလား ရှစ်ဖရင်ဟာ နှင်းလျှောစီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အနိုင်ရတဲ့ပွဲစဉ် ၁၀၀ ပြည့်မြောက်ကာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။
အီတလီနိုင်ငံရဲ့ ဆစ်ထရီရယ် အပန်းဖြေစခန်းမှာ ကျင်းပခဲ့တဲ့ အတားအဆီး ဖြတ်ကျော်ပွဲအတွင်း ခရိုအေးရှားနိုင်ငံသူ ဇရင်ကာ လျူတစ်ကို ရှစ်ဖရင်က ၀ ဒသမ ၆၁ စက္ကန့်အသာနဲ့ အနိုင်ယူခဲ့တာပါ။
လက်ရှိ ကမ္ဘာ့ချန်ပီယံ ရှစ်ဖရင်က ဒဏ်ရာကြောင့် ၂ လတာ အနားယူခဲ့ရပေမဲ့လည်း ဇန်နဝါရီလ နှောင်းပိုင်းမှာတော့ အခုလိုမျိုး ပြိုင်ပွဲတွေကို တဖန်ယှဉ်ပြိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ ကင်လင်တန်မြို့မှာ ကျင်းပခဲ့တဲ့ နှင်းလျှောစီးပြိုင်ပွဲအတွင်း ဝမ်းဗိုက်ပိုင်း ပေါက်ပြဲဒဏ်ရာနဲ့ ကြွက်သားထိခိုက်မှုတွေပါ ရှိခဲ့တယ်ဆိုပြီး ရှစ်ဖရင်က ဘီဘီစီ သတင်းဌာနကို ဖြေဆိုပါတယ်။
ဒီလိုမျိုး ဒဏ်ရာရစဉ်ကာလမှာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကြောင့် ပြိုင်ပွဲပြန်ပြိုင်နိုင်ဖို့ ရုန်းကန်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။
ဒါပေမဲ့လည်း အသက် ၂၉ နှစ်အရွယ် ရှစ်ဖရင်ဟာ အမျိုးသားတန်းရော၊ အမျိုးသမီးတန်းမှာပါ ကမ္ဘာ့ဖလားပွဲစဉ် အများဆုံးအနိုင်ရရှိတဲ့ ပထမဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။
အခုလအစောပိုင်းတုန်းကလည်း ဆားလ်ဘာ့ခ်မြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲအတွင်း ရှစ်ဖရင်ဟာ သူ့ရဲ့ ၁၅ ခုမြောက် ဆုတံဆိပ်ကို အရယူနိုင်ခဲ့ပါတယ်။